အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲအဖြစ် ရှမ်းယူနိုက်တက်နှင့် လာအိုကလပ် EZRA အသင်း ဩဂုတ် ၉ ရက်၊ ၁၅ ရက် ယှဉ်ပြိုင်ကစားမည်
- 1 view
၂၀၂၅-၂၀၂၆ အာဆီယံကလပ် ချန်ပီယံရှစ် ပြိုင်ပွဲ ခြေစစ်ပွဲကို ဩဂုတ်လအတွင်း ပြုလုပ် မည်ဖြစ်ပြီး မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည် လာအိုကလပ် EZRA အသင်းနှင့် တွေ့ဆုံ နေ၍ ဩဂုတ် ၉ ရက်၊ ၁၅ ရက်တွင် နှစ်ကျော့ကစားရမည်ဖြစ်ကြောင်း သိရသည်။
ခြေစစ်ပွဲတွင် ရှမ်းယူနိုက်တက် (မြန်မာ) နှင့် EZRA (လာအို)၊ ဆီဘူး (ဖိလစ်ပိုင်) နှင့် ကာဆူကာ (ဘရူနိုင်း) တို့ တွေ့ဆုံနေပြီး မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည် ပထမ အကျော့ အဝေးကွင်းပွဲကို ဩဂုတ် ၉ ရက်တွင် အဝေးကွင်း၊ ဩဂုတ် ၁၅ ရက်တွင် အိမ်ကွင်းအဖြစ် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကစားရမည်ဖြစ်သည်။ လာအိုကလပ်အသင်းသည် အိမ်ကွင်းပွဲကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ လက်ခံကျင်းပနိုင်ခြင်းမရှိသဖြင့် ထိုင်းနိုင်ငံ ချောင်ဘူရီကွင်း၌ လက်ခံကစားမည် ဖြစ်သည်။
လာအိုကလပ် EZRA အသင်းသည် ယခုရာသီတွင် ယှဉ်ပြိုင်ခွင့်ရထားသည့် နိုင်ငံတကာပြိုင်ပွဲ နှစ်ခုစလုံး မြန်မာကလပ်များနှင့် တွေ့ဆုံနေပြီး AFC Challenge League ခြေစစ်ပွဲတွင်လည်း ရန်ကုန်ယူနိုက်တက်နှင့် ကစားရမည်ဖြစ်ရာ ခုနစ်ရက်အတွင်း မြန်မာကလပ်များနှင့် ခြေစစ်ပွဲ သုံးပွဲ ကစားရမည်ဖြစ်သည်။ အာဆီယံ ဘောလုံးအဖွဲ့ချုပ်သည် ယခင်က နောက်ဆုံးအဆင့်တွင် အသင်း ၁၄ သင်းဖြင့် ကျင်းပရန် စီစဉ်ထားသော်လည်း အင်ဒိုနီးရှားကလပ်နှစ်သင်း နုတ်ထွက်သွားသဖြင့် ပြီးခဲ့သည့်ရာသီအတိုင်း ၁၂ သင်းဖြင့် ပြုလုပ်မည်ဖြစ်ပြီး ခြေစစ်ပွဲတွင် လေးသင်းယှဉ်ပြိုင်ကာ အနိုင် ရသည့် နှစ်သင်းနောက်ဆုံးအဆင့် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယင်းပြိုင်ပွဲတွင် နှစ်ကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့် ရရှိခြင်းဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် ခြေစစ်ပွဲ အောင်မြင်ပါက နောက်ဆုံးအဆင့် အုပ်စု (ခ) သို့ ကျရောက်မည်ဖြစ်ပြီး သက်ဆိုင်ရာလိဂ် ချန်ပီယံအများစုနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ နောက်ဆုံး အဆင့် အုပ်စုမဲခွဲမှုအရ အုပ်စု (က) တွင် လက်ရှိချန်ပီယံ ဘူရီရမ်ယူနိုက်တက် (ထိုင်း)၊ BG ပါသွန် ယူနိုက်တက် (ထိုင်း)၊ ဆီလန်ဂေါ(မလေးရှား)၊ ကောင်အန်ဟနွိုင်း (ဗီယက်နမ်)၊ တမ်ပနိစ်ရိုဗာ (စင်ကာပူ)၊ ခြေစစ်ပွဲတွင် ဆီဘူး (ဖိလစ်ပိုင်) နှင့် ကာဆူကာ(ဘရူနိုင်း) ပွဲမှ အနိုင်ရအသင်း၊ အုပ်စု (ခ) တွင် ဗန်ကောက်ယူနိုက်တက် (ထိုင်း)၊ ဂျိုဟိုဒါရူးလ်(မလေးရှား)၊ နမ်ဒင်း (ဗီယက်နမ်)၊ Lion City Sailors (စင်ကာပူ)၊ Svay Rieng (ကမ္ဘောဒီးယား)၊ ခြေစစ်ပွဲတွင် ရှမ်းယူနိုက်တက် (မြန်မာ) နှင့် EZRA (လာအို)ပွဲမှ အနိုင်ရအသင်းတို့ ပါဝင်နေကြောင်း သိရသည်။