အညာဖန်ခါးဝိုင် ဖြန့်ဖြူးရောင်ချနိုင်ရန် ပြင်ဆင်
- 4 views
09/04/2025
အညာဒေသထွက် ဖန်ခါးသီးကနေ အရည်အသွေးမြင့် ဈေးကွက်ဝင် ဖန်ခါးဝိုင် ထုတ်လုပ်အောင်မြင်နေပြီး ရောင်းချခွင့် လိုင်စင်ရရှိပါက ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
အညာဒေသတွင် ဖန်ခါးပင်များသည် သဘာဝအတိုင်း အလေ့ကျပေါက်ရောက်သည့် အပင်တစ်မျိုး ဖြစ်ပြီး ဒေသခံများက ဆားရည်စိမ်ခြင်း၊ အတိုအမြှုပ် လုပ်စားခြင်းများရှိသည့်အပြင် တန်ဖိုးနည်းအသီး တစ်မျိုးလည်း ဖြစ်သည်။
ဈေးကွက်တွင် ဖန်ခါးဝိုင်ကို ပြည်တွင်းသာမက ပြည်ပအထိ ထိုးဖောက်နိုင်ရန်အတွက် ရည်ရွယ်ထားပြီး အောင်မြင်မှုရရှိပါက ဖန်ခါးသီးသည် ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေသည့် တန်ဖိုးမြင့် အသီး တစ်မျိုး ဖြစ်လာနိုင်ကြောင်း အညာဖန်ခါးဝိုင် စမ်းသပ်ထုတ်လုပ်နေသူတစ်ဦးမှ ပြောကြားထားသည်။
ဖန်ခါးပင်များသည် အရွက်ကြီးမျိုးဖြစ်သည့်အတွက် အောက်စီဂျင်ထုတ်လုပ်မှု ပမာဏများပြီး ရေဓာတ်ကို ထိန်းသိမ်းထားနိုင်သည့် နှစ်ရှည်အပင်ကြီးမျိုးဖြစ်ပြီး ဓာတုဓာတ်ကြွင်းများ ကင်းစင်သည့် အတွက် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်သည်။
ဖန်ခါးဝိုင်ထုတ်လုပ်ရောင်းချမှု အောင်မြင်လာပါက ဒေသတွင်း ဖန်ခါးစိုက်ခင်းများ ပိုများလာနိုင်သည့် အပြင် နိုင်ငံတော်၏ အကျိုးစီးပွားဖြစ်ထွန်းမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေနိုင်ကြောင်း သိရသည်။