အာရှအမျိုးသမီးချန်ပီယံလိဂ် မြန်မာအိမ်ရှင်အဖြစ် ကျင်းပမည်
- 2 views
09/11/2025
အာရှအမျိုးသမီးချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် မြန်မာကလပ် အားကစားနှင့် ကာယ သိပ္ပံအသင်း ပါဝင်ယှဉ်ပြိုင်မည့် အုပ်စုပွဲစဉ်များကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
နောက်ဆုံးအဆင့် အုပ်စုသုံးခုပြိုင်ပွဲအတွက် (၄)သင်း (၃)အုပ်စုခွဲကာ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်များ အဖြစ် မြန်မာ၊ တရုတ်နှင့် ဗီယက်နမ်ကလပ်တို့က လက်ခံကျင်းပခွင့် ရရှိထားကြသည်။
ယှဉ်ပြိုင်မည့် ကလပ်အသင်းများ၏ အုပ်စုမဲခွဲပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့တွင် ပြုလုပ်ကာ နောက်ဆုံးအဆင့် အုပ်စုပွဲများကို နိုဝင်ဘာလတွင် ကျင်းပမည် ဖြစ်သည်။
နောက်ဆုံးအဆင့်တွင် အသင်း (၁၂)သင်း ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိထားပြီး တိုက်ရိုက်ကစားခွင့်ရ (၈) သင်းနှင့် ခြေစစ်ပွဲအောင်သည့် (၄) သင်း ပါဝင်မည်ဖြစ်သည်။
မြန်မာကလပ် အားကစားနှင် ကာယသိပ္ပံအသင်းအနေဖြင့် အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲ၊ အုပ်စု(A)တွင် ပါဝင်ကစားခဲ့ရပြီး အုပ်စုပွဲစဉ်များတွင် ဂူအမ်ကလပ် Strykers အသင်းကို (၉) ဂိုးပြတ်၊ မွန်ဂိုလီးယားကလပ် Khovd Westem အသင်းကို (၈) ဂိုးပြတ်၊ ဖိလစ်ပိုင်ကလပ် လာဂူနာအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် အနိုင်ရပြီး ရမှတ်(၉)မှတ်ဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာအမျိုးသမီးကလပ်အသင်းသည် ခြေစစ်ပွဲတွင် အုပ်စုပွဲများကို အိမ်ရှင်အဖြစ်လက်ခံကျင်းပ ခွင့်ရရှိ ခဲ့သည့်အပြင် နောက်ဆုံးအဆင့် အုပ်စုပွဲများကိုလည်း အိမ်ရှင်အဖြစ် ထပ်မံကျင်းပခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။