နန်းယွန်းမြို့၌ ဝါး၊ ကြိမ်များဖြင့် တစ်ပိုင်တစ်နိုင် လက်မှုလုပ်ငန်းများဆောင်ရွက်

09/11/2025

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့၌ တောင်သူကြီးများက မိသားစုဝင်ငွေရရှိရေးအတွက် ဒေသထွက်ကုန်ကြမ်းများဖြစ်သော ဝါး၊ ကြိမ်များ ခုတ်ယူပြီး ခွဲခြမ်း စိတ်ဖြာ၍ ကုန်ချောအဖြစ် ဖျာ၊ ပလိုင်း၊ ခြင်းတောင်းအမျိုးမျိုး ရက်လုပ်၍ရောင်းချရာ မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။ 

ထိုသို့ပြုလုပ်ရာတွင် ရိုးရာအသုံးအဆောင်ပစ္စည်းများဖြစ်သည့် ဖျာအကြီးအသေး၊ ပလိုင်း အကျဲအစိပ်၊ တောင်းအကြီးအသေး၊ ဆန်ကောအကြီး၊ အလတ်၊ ခြင်းတောင်းအမျိုးမျိုးစသည့် ရိုးရာ အသုံးအဆောင်ပစ္စည်းများကို တောင်သူကြီးများက နှစ်စဉ်ရက်လုပ်လျက်ရှိကြောင်းသိရပြီး နှစ်စဉ် ရက်လုပ်သူ ဒေသခံတောင်သူကြီးတစ်ဦးက “ဖျာတစ်ချပ်ရရှိဖို့အတွက် ဝါးတော၊ ကြိမ်တောရှိရာသို့ ညအိပ်၍ သွားခုတ်ရပြီး ကုန်ကြမ်းကို ကုန်ချောအဖြစ် ခွဲခြမ်းစိတ်ဖြာရပါတယ်။ ကျွန်တော်တို့ တောင်သူတွေ မရှိမဖြစ်လိုအပ်တဲ့ မိသားစုအသုံးအဆောင် ဖြစ်ပါတယ်။ ဩဂုတ်လဆန်းပိုင်းမှစ၍ မိုးစပါး (တောင်ယာ)များ၊ ကောက်ပဲသီးနှံမျိုးစုံ မှည့်ချိန်တန်ပြီး ရိတ်သိမ်းချိန်ရောက်ရှိ၍ ဖျာ၊ ပလိုင်း၊ တောင်းအမျိုးမျိုး လိုအပ်လာပါတယ်။ ယခုနှစ်တော့ ယခင် နှစ်ထက် တိုးမြှင့်ရောင်းချနိုင်မှာ ဖြစ်ပါ တယ်” ဟု ပြောသည်။ 

အဆိုပါ ကျွမ်းကျင်တောင်သူကြီးများက ရာသီအလိုက် ရိုးရာအသုံးအဆောင် ပစ္စည်းများကို နှစ်စဉ်ရက်လုပ်ပြီး အမျိုးအစား၊ အရွယ်အစားပေါ်မူတည်၍ ရောင်းဝယ်ခြင်း၊ ဒေသခံပြည်သူများ အလွယ်တကူ ဝယ်ယူနိုင်ခြင်းတို့အတွက် မြို့နယ်အတွင်း အကျိုးပြုခြင်းနှင့် ကျွမ်းကျင်ရက်လုပ်သူများ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။