တရုတ်ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်း ဆီမီးဖိုင်နယ် တက်ရောက်
- 1 view
09/12/2025
တရုတ်ဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို စက်တင်ဘာ ၈ ရက်က ဆက်လက် ကျင်းပရာ မြန်မာအသင်း နိုင်ပွဲရရှိပြီး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ပထမပိုင်းတွင် ထွန်းအောင်ကျော်၊ ဝေဇင်ဦး၊ အောင်ဇင်ဦး၊ ဒုတိယပိုင်းတွင် နိုင်လင်းထွန်းကျော်တို့က သွင်းယူခဲ့သည်။ အုပ်စု (ခ) အခြားပွဲတွင် အင်ဒိုနီးရှားအသင်းက နယူးဇီးလန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
အုပ်စု(ခ) ပွဲစဉ်များအပြီးတွင် အင်ဒိုနီးရှားအသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ မြန်မာအသင်းက ခြောက်မှတ်ဖြင့် အုပ်စုဒုတိယရရှိကာ ဆီမီးဖိုင်နယ်တက်ရောက်ခဲ့ပြီး သုံးမှတ်ရရှိသည့် နယူးဇီလန် အသင်းနှင့် အမှတ်မရသည့် ကမ္ဘောဒီးယားအသင်းတို့မှာမူ အဆင့် ၅/၈ နေရာလုပွဲ ထပ်မံကစားရမည် ဖြစ်သည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များကို စက်တင်ဘာ ၉ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာ အသင်းသည် ဒိန်းမတ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။