မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု လျှော့ချရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

09/13/2025

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုလျှော့ချရေး အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာလ ၉ ရက်နေ့က လဲပင်ကျင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှိုင်သူဇာအောင်က မီးခိုးမြူငွေ့သည် အမှိုက်မီးရှို့ခြင်း၊ တောမီးလောင်ခြင်း၊ ကားများအင်ဂျင်စက်များမှ ထွက်ရှိလာသော အခိုးအငွေ့များ၊ သစ်ဆွေးမြေ့မီးလောင်ခြင်းများကြောင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု အန္တရာယ်ဖြစ်ပေါ်လာပုံ၊ မီးခိုးမြူများ ထူထပ်စွာဖြစ်ပေါ်ပါက အသက်ရှုကြပ်ခြင်း၊ မျက်စိ၊ နား၊ နှာခေါင်းယားယံခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ အဆုတ်ကိုထိခိုက်စေခြင်း စသည့် နောက်ဆက်တွဲ ရောဂါလက္ခဏာများ၊ မီးခိုးမြူငွေ့လျှော့ချရန်နည်းလမ်းများနှင့် ကာကွယ်လိုက်နာဆောင်ရွက်ရန် နည်းလမ်းများကို ရှင်းလင်း ပြောကြားပြီး မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာနေပြည်သူ ကျား(၁၅)ဦး၊ မ(၃၇)ဦး စုစုပေါင်း(၅၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။