ပျဉ်းမနားမြို့နယ်ရှိ ကျေးရွာများတွင် ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများကို ငွေသား ထောက်ပံ့ကူညီ
- 2 views
09/25/2025
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဥ်းမနားမြို့နယ်ရှိ ကျေးရွာများတွင် ၂၀၂၅ ခုနှစ်၊ မတ်လတွင် လှုပ်ခတ်ခဲ့သော ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ငလျင်ဘေးသင့် အိမ်ထောင်စု များအား ပြန်လည်ထူထောင်ရေးအတွက် ပထမအကြိမ် ငွေသားထောက်ပံ့ခြင်း အစီအစဥ်ကို စက်တင်ဘာလ (၂၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ ပြုလုပ်ခဲ့ရာ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် တာဝန်ရှိသူများက သွားရောက် ပံ့ပိုးပေးခဲ့သည်။
ထောက်ပံ့ရာတွင် ပျဥ်းမနားမြို့နယ်ရှိ ကျေးရွာပေါင်း (၂၈)ရွာမှ ငလျင်ဘေးသင့် အိမ်ထောင်စုပေါင်း (၇၉၇)စုအတွက် အိမ်ထောင်စု (၁)စုလျှင် ငွေကျပ် (၄)သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၃,၁၈၈)သိန်းကို အဆိုပါ အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။ ငွေသား ထောက်ပံ့ခြင်း အစီအစဉ်ဆောင်ရွက်ရာတွင် လေ့ကျင့်ထားသော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အဆိုပါ ကျေးရွာများသို့ ကွင်းဆင်းကာ တစ်အိမ်ထောင်စုချင်းစီအလိုက် အိမ်တိုင်ရာရောက် စနစ်တကျ လေ့လာဆန်းစစ်ခြင်းများကို အသင်း၏ သတ်မှတ်ချက်စံနှုန်းများနှင့်အညီ ဦးစွာဆောင်ရွက်ခဲ့သည်။ ထို့နောက် အကျိုးခံစားခွင့်ရှိသူများ စာရင်းကို ရပ်/ရွာအတွင်း အများပြည်သူဆိုင်ရာ နေရာများတွင် ကြော်ငြာပေးခဲ့ပြီး Community Engagement and Accountability လုပ်ငန်းစဉ်ကိုပါ ပွင့်လင်း မြင်သာစွာ တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း(IFRC)၏ ပံ့ပိုးကူညီမှုဖြင့် ငွေသားထောက်ပံ့ခြင်းဖြစ်ပြီး အသင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနနှင့် ဘဏ္ဍာရေးဌာနမှ ဝန်ထမ်းများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC)မှ တာဝန်ရှိသူများ၊ ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များ၊ Deployment Team မှ ကြက်ခြေနီ စေတနာလုပ်အားရှင်များက ရပ်/ရွာ လူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။