ကြက်ခြေနီအသိပညာပြန့်ပွားရေးအလုပ်ရုံဆွေးနွေးပွဲပြုလုပ်

10/01/2025

မြန်မာနိုင်ငံကြက်ခြေနီအသင်း လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်းတို့ပူးပေါင်း၍ ကြက်ခြေနီအသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ(၂၈)ရက်နေ့မှ (၃၀)ရက်နေ့အထိ ရန်ကုန်မြို့ရှိ Pan Pacific Hotel တွင် ပြုလုပ်လျက်ရှိသည်။ 

ဆွေးနွေးပွဲကို ကြက်ခြေနီလှုပ်ရှားမှု၏တန်ဖိုးများ၊ ကြက်ခြေနီအခြေခံမူများ၊ ဆောင်ရွက်ချက်များနှင့် လုပ်ငန်းတာဝန်များ၊ ကြက်ခြေနီလှုပ်ရှားမှုအကြောင်း အရာများကို ကြက်ခြေနီစေတနာ လုပ်အားရှင်များ ပိုမိုရှင်းလင်းစွာ သိရှိနားလည်နိုင်စေရန်နှင့် ကြက်ခြေနီကချမှတ်ထားသော အခြေခံမူများနှင့်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို မှန်ကန်တိကျစွာ လိုက်နာနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။

(၃)ရက်တာပြုလုပ်သည့် အဆိုပါဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသအတွင်းရှိ မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂၀) ဦး တက်ရောက်လျက်ရှိသည်။