ခရီးသွားစံပြကျေးရွာကို နေပြည်တော်တွင် တစ်နှစ်အတွင်းဖွင့်လှစ်မည်

 

အခြားဒေသများတွင်လည်း ပုံစံတူ လိုက်လံပြုလုပ်နိုင်မည့် ခရီးသွားစံပြကျေးရွာတစ်ရွာကို နေပြည်တော်တွင် စတင်ဖွင့်လှစ်လည်ပတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောကြားခဲ့သည်။ 

အဆိုပါကျေးရွာမှာ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊  မကျည်းပင်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာဖြစ်ကာ ရေဘေးကြောင့် ထိခိုက်ခဲ့ရသည်များကို ပြန်လည်ပြင်ဆင်ပေးထားပြီး နေပြည်တော် ဟိုတယ်ဇုန်မှ (၁)နာရီခန့် ကားမောင်းသွားနိုင်မည့် အကွာအဝေးတွင်ရှိကြောင်း ၎င်းက ပြောသည်။ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က တပ်ကုန်းအနီးရှိ ရွာ (၁)ရွာကို နေ့တစ်ဝက်ခရီးစဥ် သို့မဟုတ် တစ်နေကုန်ခရီးစဉ်အဖြစ်  အလည်အပတ်သွားနိုင်အောင် ဖော်ဆောင်နေခြင်းဖြစ်သည်။ ရေဘေးဖြစ်စဥ်တွင် အဆိုပါရွာရှိ အိမ်များ အကုန်ပါသွားသည့်အတွက် ပြန်လည်တည်ဆောက်ပေးသည့်အခါ အဖွဲ့ချုပ်မှ မတည်ပေးပြီး အိမ်များ ပြန်လည်တည်ဆောက်ကာ Village Plan ဆွဲပေးခဲ့ခြင်းဖြစ်သည်။

မေလအတွင်း တည်ဆောက်မှုများ ပြီးစီးပြီဖြစ်သည့်အတွက် ပိုင်ရှင်များအား ပြန်လွှဲပေးလိုက်ပြီး ဧည့်သည်များ လာရောက်လည်ပတ်နိုင်ရန် ကျေးလက်အခြေပြုခရီးသွားလုပ်ငန်းဖော်ဆောင်နေခြင်းဖြစ်သည်။ လက်ရှိတွင် ခရီးသွားလုပ် ငန်းအကောင်အထည်ဖော်ရန် လုပ်ငန်းစဉ်များကို ဆောင်ရွက်နေဆဲဖြစ်ကာ ကျေးလက်အစားအသောက်များ စားသောက်ကာ အပန်းဖြေခြင်းအပြင် ရွာနံဘေးတွင် သာယာလှပသော ချောင်းငယ်နှင့် ယာခင်းလည်းရှိရာ ဒေသခံများ၏ လုပ်ငန်းခွင်သို့ ကိုယ်တိုင် ဝင်ရောက်လုပ်ကိုင်ခြင်းမျိုး ဆောင်ရွက်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

နေပြည်တော်တွင် နိုင်ငံတကာမှ ဧည့်သည်များ လာရောက်သည့်အခါ မြန်မာ့ကျေးလက်အငွေ့အသက်ကို ရနိုင်စေရန် တစ်ညအိပ်ခရီးစဥ်ဖြစ်စေ၊ နေ့ချင်းပြန်ခရီးစဥ်ဖြစ်စေ လေ့လာနိုင်ရန် စီစဉ်နေသည်ဟု ဦးနောင်းနောင်းဟန်က ပြောကြားခဲ့သည်။ 

ကျေးလက်ဒေသ အစားအသောက်ဖြင့် ဧည့်ခံခြင်း၊ အနားယူပြီး ရိုးရာအနှိပ်ဖြင့်နှိပ်နယ်ခြင်းများ  စီစဥ်ပေးသွားမည်ဖြစ်သည်။ ယခုလုပ်ငန်းများ အဆင်ပြေလာပါက လာမည့်ခရီးသွားရာသီတွင် စတင်လည်ပတ်နိုင်မည်ဖြစ်ပြီး        နည်းနည်းချင်း   မော်ဒယ်ပုံစံဆောင်ရွက်ကာ   တခြားရွာများလည်း ပုံစံတူ လိုက်ကူးနိုင်မည်ဖြစ်သည်ဟုသိရသည်။