အာဆီယံနိုင်ငံများအတွက် အထူးဗီဇာ တရုတ်ထုတ်ပေး

 

တရုတ်နိုင်ငံသည် အာဆီယံ ၁၀ နိုင်ငံအပါအဝင် အာဆီယံစောင့်ကြည့်လေ့လာသူဖြစ်သည့် တီမောလက်စတေနိုင်ငံများထံမှ စီးပွားရေးသမားများအတွက် အကြိမ်ကြိမ်သွားလာခွင့်ရှိသော အထူး အာဆီယံဗီဇာ ထုတ်ပေးမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာထားကြောင်း CNA သတင်းတွင် ဖော်ပြထားပါသည်။  

အရှေ့တောင်အာရှ ၁၁ နိုင်ငံမှ တရုတ်နိုင်ငံကို အလုပ်ကိစ္စဖြင့်လာပြီး အိမ်ထောင်ဖက်များ၊ သားသမီးများ     ခေါ်လာကြမည့် အကျုံးဝင်သူခရီးသည်အားလုံးကို ရက်ပေါင်း ၁၈၀ အထိနေနိုင်သည့် ၅ နှစ်ဗီဇာ ထုတ်ပေးသွားမည်ဖြစ်သည်။ 

တရုတ်နိုင်ငံသားများနှင့် အရှေ့တောင်အာရှနိုင်ငံသားများအကြား မကြာခဏ ခရီးသွားလာမှုများ ရှိလာသည်နှင့်အမျှ ယခုအစီအစဉ်အသစ်သည် ဒေသတွင်း နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှုကို ပိုမိုလွယ်ကူချောမွေ့စေရန် ရည်ရွယ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ပြောကြားထားသည်။ 

၎င်းအပြင် နိုင်ငံတွင်းသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့်ဝင်ရောက်၍ရသော နိုင်ငံများ ပိုမိုများပြား လာခြင်းက အများသူငှာ လာရောက်နိုင်ရန် လမ်းဖွင့်ပေးနေသည့် တရုတ်နိုင်ငံ၏ ခိုင်မာသည့် သန္နိဋ္ဌာန်ကို ထင်ဟပ်နေခြင်းဖြစ်သည်ဟု ၎င်းကပြောကြားသွားခဲ့သည်။