မေလအတွင်း ပြည်ပသို့ ဆန်တန်ချိန် နှစ်သိန်းခွဲကျော် တင်ပို့ခဲ့

 

၂၀၂၅ခုနှစ်  မေလအတွင်း  ပြည်ပသို့  ဆန်နှင့်ဆန်ကွဲ  တန်ချိန် ၂၅၉၅၀၁ ဒသမ ၃ တန်  တင်ပို့ခဲ့သည်ဟု   မြန်မာနိုင်ငံ     ဆန်စပါးအသင်းချုပ်ထံမှ သိရှိရသည်။ ပြည်ပသို့  ဆန်တန်ချိန်  ၁၄၇၈၈၂ ဒသမ ၃ တန်နှင့် ဆန်ကွဲတန်ချိန်  ၁၁၁၆၁၉ တန်ကို ကုမ္ပဏီ ၆၀ က ပင်လယ်ရေကြောင်းဖြင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။ 

ဆန်တင်ပို့ရာတွင် ဖိလစ်ပိုင် ၊ တရုတ် ၊ စပိန် ၊ နယ်သာလန် နိုင်ငံများသို့ ဆန်တန်ချိန် အများဆုံးတင်ပို့ခဲ့ပြီး စုစုပေါင်း နိုင်ငံ ၃၀ သို့ တင်ပို့ခဲ့သည်။ အလားတူ ဆန်ကွဲကိုလည်း ဘယ်လ်ဂျီယံ၊ တရုတ် ၊ အင်ဒိုနီးရှား ၊ နယ်သာလန် ၊ UK နိုင်ငံများကို အများဆုံး တင်ပို့ခဲ့ပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံသို့ တင်ပို့ခဲ့သည်ဟုသိရသည်။ 

ယခုဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၄ သိန်းကျော် တင်ပို့ထားပြီး ဖြစ်သည်ဟု MRF က ဖော်ပြထားသည့် အချက်အလက်များအရ သိရသည်။ ပြီးခဲ့သည့် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ ဒသမ ၄၈ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂၉ ဘီလီယံ ရရှိခဲ့သည်ဟု သိရသည်။