The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
- 129 views
06/25/2025
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့ အထိ The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်ဖြစ်သည်။
အဆိုပါပြပွဲတွင် အာဆီယံပြခန်းကို ဖွင့်လှစ်ပြသသွားမည်ဖြစ်၍ ဟာလာထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ တင်ပို့ရန် အသင့်ဖြစ်နေသည့် မြန်မာနိုင်ငံမှအသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် အမျိုးသမီးများ ဦးဆောင်သည့် ကုမ္ပဏီ ၂ ခု၏ အမည်စာရင်းနှင့် အရန် ကုမ္ပဏီ ၂ ခု၏ အမည်စာရင်းတို့အား အဆိုပြုနိုင်ကြောင်း သိရှိရသည်။ ပြပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန်နိုင်ငံအကြား အားလုံးပါဝင်ပြီး ကြံ့ခိုင်ရည်ရှိသော ရေရှည်တည်တံ့သည့် ကုန်သွယ်မှုဖြစ်စေရန် ရည်ရွယ်၍ မလေးရှားနိုင်ငံမှအာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလတွင် အာဆီယံ-ဂျပန်စင်တာအနေဖြင့် ဖွင့်လှစ်ပြသရခြင်းဖြစ်ကြောင်း၊ ပြပွဲတွင် မလေးရှားနိုင်ငံမှ ကုမ္ပဏီများနှင့် နိုင်ငံတကာမှကုမ္ပဏီများ ပါဝင်ပြသကြမည်ဖြစ်ပြီး စားသောက်ကုန်၊ ဖက်ရှင်၊ အလှကုန်၊ ဘဏ္ဍာရေးအစရှိသည့် လုပ်ငန်းများ ပါဝင်ပြသကြမည် ဖြစ်သည်။
ပြခန်းငှားရမ်းခနှင့် ပြခန်းပြင်ဆင်ခကို အာဆီယံ-ဂျပန်စင်တာမှ ကျခံပေးသွားမည်ဖြစ်ပြီး အသွားအပြန် လေယာဉ်စရိတ်၊ တည်းခိုနေထိုင်စရိတ်နှင့် ပြပွဲတွင် ပြသမည့်ကုန်စည်များ မလေးရှားနိုင်ငံသို့ သယ်ယူပို့ဆောင်ခြင်းတို့အား မိမိစရိတ်ဖြင့် ကျခံရမည်ဖြစ်ကြောင်း၊ The 21st Malaysia International Halal Showcase 2025 ပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၃၊ email: event.td.myantrade@gmail.com သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်း သိရှိရသည်။