နိုင်ငံတကာ စိုက်ပျိုးရေးဆိုင်ရာထုတ်ကုန်များ ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေး စကားဝိုင်းဆွေးနွေးပွဲသို့ ကောင်စစ်ဝန်ချုပ် တက်ရောက်ခဲ့

06/27/2025

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၂၅-၆-၂၀၂၅ တွင် ချုံချင့်မြူနီစီပယ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာ စိုက်ပျိုးရေးဆိုင်ရာထုတ်ကုန်များကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။  

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ(ချုံချင့်)နှင့် ချုံချင့်စိုက်ပျိုးရေးဆိုင်ရာထုတ်ကုန်များအုပ်စုမှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါစကားဝိုင်း ဆွေးနွေးပွဲကို "ကမ္ဘာကြီးကို ချိတ်ဆက်ပေးသော စိမ်းလန်းသောစိုက်ပျိုးရေး" ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတစ်လျှောက် နိုင်ငံများနှင့်လယ်ယာထွက်ကုန်များ အပြန်အလှန် တင်ပို့/တင်သွင်းမှုအတွက် ချုံချင့်မြို့တွင် စင်္ကြံတစ်ခုထူထောင်ရန်၊ ချုံချင့်မြို့နှင့်အနီးတစ်ဝိုက် ဈေးကွက်များသို့ မြန်မာအပါအဝင် နိုင်ငံရပ်ခြားမှ အထူးစိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့်တင်သွင်းရန်နှင့် ချုံချင့်မြို့၏ စိုက်ပျိုးရေးထွက်ကုန် စျေးကွက်မြှင့်တင်ရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ တရုတ်နိုင်ငံ၊ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ(ချုံချင့်)၏ ဒုတိယဥက္ကဋ္ဌ Mr. Zhang Haiqing နှင့် ချုံချင့်မြူနီစီပယ်အစိုးရ တာဝန်ရှိသူများ၊ ချုံချင့်မြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေးဆိုင်ရာကုမ္ပဏီများ၊ စီးပွားရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ 

ယင်းစကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းက မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက်အထူးအခွင့်အရေးများ ပံ့ပိုးပေးမှုအခြေအနေ၊ မြန်မာနှင့်ချုံချင့်အကြား စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များ အပြန်အလှန် တင်ပို့/တင်သွင်းနိုင်မှုအခြေအနေ၊ စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး၊ ချုံချင့်မြို့၏ စိုက်ပျိုးရေးဆိုင်ရာကျွမ်းကျင်သူများ မြန်မာနိုင်ငံသို့စေလွှတ်နိုင်ရေးနှင့် ချုံချင့်၏ နည်းပညာဖြင့် မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးမြှင့်တင်နိုင်မှုအခြေအနေ စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။