အာဆီယံ - အမေရိကန် အနာဂတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းခိုင်မာစေရေးနှင့် စပ်လျဉ်း၍ တတိယအကြိမ်မြောက် အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး (3rd Meeting of ASEAN Geoeconomics Task Force)တွင် ဆွေးနွေးခဲ့ကြ
- 3 views
07/16/2025
တတိယအကြိမ်မြောက် အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး (3rd Meeting of ASEAN Geoeconomics Task Force)ကို ဇူလိုင် ၁၅ ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ မြန်မာနိုင်ငံ၏ အာဆီယံပထဝီစီးပွားရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် အာဆီယံနိုင်ငံများအပေါ် အမေရိကန်၏ အကောက်ခွန်နှုန်းထား အသစ်များဖြင့် ကောက်ခံမှုဆိုင်ရာကိစ္စရပ်များ၊ လက်ရှိဖြစ်ပေါ်နေသည့် ပထဝီစီးပွားရေး စိန်ခေါ်မှုများအပေါ် အာဆီယံအနေဖြင့် မူဝါဒဆိုင်ရာရင်ဆိုင်တုံ့ပြန်မည့် အာဆီယံပေါင်းစည်းမှုအစီရင်ခံစာရေးဆွဲရေး၊ အာဆီယံ-အမေရိကန် အနာဂတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းခိုင်မာစေရေးနှင့် လုပ်ငန်းအဖွဲ့၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့ပထဝီစီးပွားရေးအခြေအနေကို အာဆီယံ၏ ခိုင်မာ၍ အားလုံးပါဝင်သည့် စီးပွားရေးပေါင်းစည်းမှုဖြင့် တုံ့ပြန်ဆောင်ရွက်နိုင်ကြောင်း၊ ဒေသဆိုင်ရာ ချဉ်းကပ်မှုနည်းလမ်းသည် ပိုမိုညီညွတ်ထိရောက်မှုရှိစေရေးအတွက် စီးပွားရေးမဏ္ဍိုင်နှင့် နိုင်ငံရေးမဏ္ဍိုင်တို့အကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရန် လိုအပ်ကြောင်း၊ အာဆီယံပေါင်းစည်းမှုအစီရင်ခံစာ (ASEAN Integration Report-AIR) ရေးဆွဲအကောင်အထည်ဖော်ရာတွင် ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်၍ အာဆီယံ၏ ဗဟိုကျမှု (ASEAN Centrality) ကိုထည့်သွင်းစဉ်းစားရန်၊ ဒေသတွင်းကြံ့ကြံ့ခံနိုင်မှုကို မြှင့်တင်ရန်နှင့် ထောက်ပံ့ရေးကွင်းဆက်များချိတ်ဆက်မှု ပိုမိုအားကောင်းအောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အာဆီယံပေါင်းစည်းမှုအစီရင်ခံစာအတွက် လေ့လာဆန်းစစ်မှုပြုလုပ်ရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ အချက်အလက်များအားလုံးပါဝင်မှုသည် အရေးကြီးကြောင်း၊ အာဆီယံ-အမေရိကန် မဟာဗျူဟာမြောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်သုံးသပ်၍ နောက်ထပ်နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို သတ်မှတ်ရန်လိုအပ်ကြောင်း၊ ဒေသတွင်း စီးပွားရေးမျှော်မှန်းချက်များ ချမှတ်ရေးဆွဲရာတွင် မြန်မာနိုင်ငံအနေဖြင့် အခြားအာဆီယံနိုင်ငံနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
အာဆီယံ ပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့ (ASEAN Geoeconomics Task Force) ကို ၂၀၂၅ ခုနှစ် ဧပြီ ၁၀ ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည့် အာဆီယံစီးပွားရေးဝန်ကြီးများ အထူးအစည်း အဝေး၏ သဘောတူညီချက်ဖြင့် လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှု အပြောင်း အလဲများကြောင့် အာဆီယံဒေသတွင်း၌ ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ ထိခိုက်နိုင်မှုများကို သုံးသပ် နိုင်ရန်နှင့် အာဆီယံစီးပွားရေးဝန်ကြီးများထံသို့ မူဝါဒဆိုင်ရာ ထောက်ခံတင်ပြချက်များ ပြန်လည် တင်ပြရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းအဖွဲ့တွင် အာဆီယံနိုင်ငံများမှ ဒုတိယဝန်ကြီးအဆင့် တစ်ဦးစီနှင့် အစိုးရမဟုတ်သည့်အဖွဲ့အစည်းမှ အကြီးတန်းစီးပွားရေးပညာရှင် တစ်ဦးစီတို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။