အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၆-၂၀၃၀) ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြင်ဆင်ဆောင်ရွက်သွားမည်
- 2 views
07/16/2025
အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ ‒ ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင်လ ၁၄ ရက်နေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်‒၃ ၌ ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ‒ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန‒ ၃ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်၊ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံ၊ ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားပို့ကုန်မဟာဗျူဟာကဏ္ဍအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌများ၊ သက်ဆိုင်ရာအစိုးရဌာနများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌကအမှာစကား ပြောကြားရာတွင် ငလျင်ကြောင့် ရုံးများ၊ လူနေအိမ်အဆောက်အအုံများ၊ လမ်းများ၊ တံတားများပြိုကျခဲ့ရပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၊ စီးပွားရေးလုပ်ငန်းကြီးများ ထိခိုက်ပျက်စီးခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပြီးခဲ့သည့်မေလက ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲကို ကျင်းပခဲ့ကြကြောင်း၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ပုံမှန်ပြန်လည်လည်ပတ်လာနိုင်ရန် သက်ဆိုင်ရာ ကဏ္ဍများအလိုက် တာဝန်ယူပံ့ပိုးဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း။
အမျိုးသားပို့ကုန်မဟာဗျူဟာတွင်ဆောင်ရွက်ရန် ရွေးချယ်ထားသော ကဏ္ဍများအလိုက် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ခြင်းနှင့်အတူ ကဏ္ဍများအတွင်းရှိ MSME လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ပံ့ပိုးပေးသွားရန်ဖြစ်ပါကြောင်း၊ အမျိုးသား ပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) အကောင်အထည်ဖော်မှုကာလ ပြီးဆုံးတော့မည်ဖြစ်သည့်အတွက် အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၆-၂၀၃၀) ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြင်ဆင်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သဘာဝဘေးကြုံတွေ့ရမှုများကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ပို့ကုန်တိုးမြှင့်တင်ပို့ရေးကို ဆက်လက်မြှင့်တင်ဆောင်ရွက်ကြရန်နှင့် တွေ့ကြုံရသည့် အခက်အခဲများအပေါ် လိုအပ်သလို ပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ‒ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီအတွင်းရေးမှူး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက ကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေကို အကျဉ်းချုပ်ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ‒ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာကော်မတီဥက္ကဋ္ဌများက ကဏ္ဍအလိုက်ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။