ယခုနှစ်တွင် ဥရောပဈေးကွက်သို့ ကော်ဖီဆန်အစိမ်း ၆၈ တန် တင်ပို့ထားပြီးဖြစ်
- 3 views
07/16/2025
မြန်မာနိုင်ငံ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့ရှိ သမဝါယမအသင်းသားများနှင့် စုပေါင်းဖွဲ့စည်းထားသော Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းအနေဖြင့် ယခုနှစ်တွင် ဥရောပဈေးကွက်သို့ ကော်ဖီဆန်အစိမ်း ၆၈ တန် တင်ပို့ထားပြီးဖြစ်ကြောင်း ဟိုပုံးမြို့နယ် သမဝါယမဦးစီးဌာနမှ သိရသည်။
Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းအနေဖြင့် ကော်ဖီဆန်အစိမ်းများကို နှစ်စဉ် ဥရောပဈေးကွက်သို့ တင်ပို့လျက်ရှိရာ ၂၀၂၄ ခုနှစ်က စုစုပေါင်းကော်ဖီဆန်အစိမ်း တန်ချိန် ၁၅၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ဇွန်လမှစ၍ တင်ပို့နေပြီဖြစ်ကာ ပြီးခဲ့သည့်နှစ်ကထက် ပိုမိုတင်ပို့နိုင်စေရန် ရည်မှန်းထားကြောင်း သိရသည်။
“Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းအနေနဲ့ ၂၀၁၉ ခုနှစ်ကစပြီး ဥရောပဈေးကွက်ကို ကော်ဖီဆန်တွေ စတင်တင်ပို့ခဲ့တာ လက်ရှိအချိန်ထိ တင်ပို့နေဆဲဖြစ်ပါတယ်။ အဓိကအားဖြင့် ဘယ်လ်ဂျီယံနိုင်ငံနဲ့ ပြင်သစ်နိုင်ငံတို့ကို တင်ပို့ပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ စုစုပေါင်း ကော်ဖီဆန်အစိမ်း ၁၅၃ ဒသမ ၃ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ဒီနှစ်မှာဆိုရင် ဇွန်လမှာ ၃၄ တန်နဲ့ ဇူလိုင်လ မှာ ၃၄ တန် စုစုပေါင်း ၆၈ တန် တင်ပို့ထားပြီးဖြစ်ပါတယ်” ဟု ဟိုပုံးမြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထိုသို့တင်ပို့ရာတွင် Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းဝင်များအား ပို့ကုန်၊ သွင်းကုန်လိုင်စင် လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းကိစ္စရပ်များကို ကူညီဆောင်ရွက်လျက်ရှိပြီး ဘဏ္ဍာရေးအစီရင်ခံစာများကိုလည်း သမဝါယမဦးစီးဌာနမှ နှစ်စဉ် စစ်ဆေးအတည်ပြုပေးလျက်ရှိသည်။
ထို့ပြင် Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ ထုတ်လုပ်သော ကော်ဖီများကို ပြည်ပဈေးကွက်သို့ ရေရှည်တင်ပို့နိုင်ရေးအတွက်လည်း ကော်ဖီစိုက်နည်းစနစ်များ မှန်ကန်မှုရှိရန်၊ အရိပ်ရအပင်များ စနစ်တကျစိုက်ပျိုးရန်၊ အပင်များကို ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ခူးဆွတ်သောအခါ ရင့်မှည့်သောအသီးများကို ရွေးချယ်ခူးဆွတ်ရန် သက်ဆိုင်ရာမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။