မန္တလေးမြို့ရှိ မြန်မာ့လက်မှုပညာ ရွှေခြည်ထိုးလုပ်ငန်းတွင် ပြည်တွင်းပြည်ပမှ အော်ဒါမှာယူလျက်ရှိ
- 3 views
ရွှေခြည်ထိုးပညာရပ်သည် မြန်မာ့လက်မှုအနုပညာရပ်တွေထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး မန္တလေးမြို့တွင် ဆက်လက်လုပ်ကိုင်နေကြသော ပညာရပ်များပျောက်ကွယ်သွားခြင်းမရှိစေရန် ထိန်းသိမ်းကာ စီးပွားဖြစ်လုပ်ကိုင်ကြသော လုပ်ငန်းတစ်ခုဖြစ်သည်။
ရွှေခြည်ထိုးပညာရပ်သည် အသုံးအဆောင် အဝတ်အထည်တို့ကို ရွှေခြည်ငွေခြည် ရွှေကြယ် ငွေကြယ်တို့ဖြင့် ပုံဖော်ပြီးထိုးသည့်လုပ်ငန်းကို ရွှေခြည်ထိုးလုပ်ငန်းဟု ခေါ်ဆိုခြင်းဖြစ်သည်။ ရှေးအစဉ်အဆက် ဘုရင်ခေတ်က ရွှေခြည်ငွေခြည်အစစ်များဖြင့် ထိုးကြပြီး ယခုအခါတွင် ရွှေခြည်ငွေခြည်အရောင်အစုံကိုရောပြီး အပ်နှင့်အပေါ်အောက် ထိုးကြခြင်းဖြစ်သည်။ ရွှေခြည်ထိုးလုပ်ငန်းကို အခြားအနယ်နယ် အရပ်ရပ်တွင်လည်း လုပ်ကိုင်လျက်ရှိပြီး မန္တလေးမြို့ တွင်သာ ဖွံ့ဖြိုးတိုးတက်စေရန် အဓိက လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။
ပြည်ပအနေဖြင့် ထိုင်းနိုင်ငံသို့ အဓိကပို့ဆောင်ပြီး ပြည်တွင်းအနေဖြင့် ရန်ကုန်မြို့နှင့် ပုဂံမြို့တို့သို့ ပို့ဆောင်လျက်ရှိသည်။ ဈေးနှုန်းများအနေဖြင့် နံရံချိတ်ရွှေချည်ထိုးတစ်ခုကို အနည်းဆုံး ငွေကျပ် တစ်သောင်းခွဲမှစပြီး အရွယ်အစားနှင့်အရည်အသွေးပေါ်မူတည်ကာ ဆယ်သိန်းကျော်အထိရှိကြောင်း သိရသည်။ ရွှေခြည်ထိုးလုပ်ငန်းသည် စိတ်ရှည်လက်ရှည် ပြုလုပ်ရသော ပညာရပ်ဖြစ်ပြီး မြင်ရသူအတွက်လည်း သိမ်မွေ့ထည်ဝါခန့်ညားမှုများကို ရရှိစေကာ အော်ဒါမှာယူမှုအများဆုံးအနေဖြင့် ရွှေတိဂုံဘုရားပုံတော်၊ ကိန္ဒရီကိန္ဒရာပုံ၊ ရှင်လောင်းလှည့်ပုံ စသည်တို့အပြင် ရွှေကြည်ထိုး ဖုန်းထည့်အိတ်၊ လွယ်အိတ်၊ လက်ကိုင်ပိုက်ဆံအိတ် စသည့် ဒီဇိုင်းအမျိုးမျိုးကိုလည်း မှာယူမှုရှိကြောင်း သိရသည်။