
ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြစ်အတွင်း ငွေကျပ် ၂၉ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၉၇ ကီလို သိမ်းဆည်းရမိ
09/26/2025
နေပြည်တော် စက်တင်ဘာ ၂၅
ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြစ်အတွင်း ငွေကျပ် ၂၉ ဘီလီယံ ကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၉၉၇ ကီလို သိမ်းဆည်း ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရေကြောင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၆ ရက် နံနက် ၁ နာရီခွဲတွင် ရန်ကုန်မြစ်အတွင်း လှည့်ကင်းဆောင်ရွက်စဉ် ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြစ်မြစ်သုံးဆိုင် ရေပြင်အနီးတွင် ခင်မောင်လင်းနှင့် သက်ပိုင်ထူး(ခ)သက်ပိုင်တို့ကို သမ္ဗန်စက်လှေဖြင့် သယ်ဆောင်လာသည့် အိုက်စ်(မက်သ်အဖက်တမင်း) ၉၉၇ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၂၉ ဒသမ ၉၁ ဘီလီယံ)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်အရ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်း တွင် ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များကို တင်ဆောင်ပေးသူ ကျော်စိုးမင်းအား ဒလမြို့နယ် သမ္မတကမ်းခြေရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်အရ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ယင်းနေ့မွန်းလွဲပိုင်းတွင် ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ခိုင်းသူ ကျော်သိန်းဦး(ခ)ကျော်ကြီးကို ပုဇွန်တောင် မြို့နယ်တွင်လည်းကောင်း၊ ဇော်မင်းနိုင်(ခ) ဇော်မင်းလတ်အား ရန်ကင်းမြို့နယ်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း။
စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် အိုက်စ် (မက်သ် အဖက်တမင်း)များအား ကွမ်းခြံကုန်းမြို့နယ် ရန်ကုန်မြစ် မြက်စိမ်း ကျွန်းသို့ သဲစုပ်စက်လှေဖြင့် ပို့ဆောင်ပေးခဲ့သူ မျိုးနိုင် (ခ)အကြီးကောင်အား ဒဂုံဆိပ်ကမ်းမြို့နယ်တွင် စက်လှေတစ်စင်းနှင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းဆီးရမိ စိတ်ပြောင်းဆေးဝါး အိုက်စ်(မက်သ်အဖက်တမင်း)များကို သယ်ဆောင် ခိုင်းသူမှာ ကိုထွန်း (ခ) အောင်ကျော်စွာမြင့်(ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး ရန်ကုန်မြို့ မြက်စိမ်းကျွန်းမှတစ်ဆင့် ပင်လယ်ဝသို့ စက်လှေဖြင့် ဆက်လက်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အားမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

တပ်မတော်စစ်ကြောင်းများက KIA ၊ AA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများပူးပေါင်းအဖွဲ့ ယာယီထိန်းချုပ်ခဲ့သည့် ကချင်ပြည်နယ် ဗန်းမော်မြို့အနီးရှိ တပ်ဌာနချုပ်များ၊ တပ်စခန်းများနှင့် ရပ်ကွက်ကျေးရွာအချို့အား ပြန်လည်ထိန်းချုပ်ရရှိ
09/12/2025
နေပြည်တော် စက်တင်ဘာ ၁၁
KIA အကြမ်းဖက်သောင်းကျန်းသူများသည် AA နှင့် PDF အမည်ခံအကြမ်းဖက်သမားများနှင့် ပူးပေါင်း၍ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ နယ်စပ်ဒေသကုန်သွယ်ရေးအတွက် အရေးပါသော ဗန်းမော် - တာဆိုင်း - မြို့သစ် - လိုင်ဇာလမ်းကြောင်း၊ ဗန်းမော် - မိုးမောက် - တာဆိုင်း - လိုင်ဇာလမ်းကြောင်း၊ ဗန်းမော် - မိုးမောက် - လွယ်ဂျယ်လမ်းကြောင်းများကို ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ် မတ် လ ၇ ရက်မှစ၍ တရုတ်-မြန်မာ နှစ်နိုင်ငံကြားနယ်မြေထိစပ်လျက် ရှိသော ကချင်ပြည်နယ်အရှေ့ဘက်ရှိ နယ်မြေလုံခြုံရေးစခန်းများနှင့် ဒေါ့ဖုန်းယန်မြို့၊ မြို့သစ်မြို့၊ တာဆိုင်းရွာတို့ကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယာယီထိန်းချုပ်ထားခဲ့သည်။
ယင်းနောက် မိုးမောက်မြို့ရှိ တစ်ခုတည်းသော နယ်မြေခံလုံခြုံရေးတပ်ရင်းအား ၂၀၂၄ ခုနှစ် ဧပြီ လ ၂၄ ရက်မှစ၍ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်၊ ရဲမေများအနေဖြင့် ကြံ့ကြံ့ခိုင်ခိုင် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်သောင်းကျန်းသူများ အထိနာ၍ ဇွန်လ ၂၅ ရက်နေ့တွင် မိုးမောက်မြို့နှင့်အနီးဝန်းကျင်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
ထို့နောက် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် လူအင်အားထပ်မံဖြည့်တင်းခြင်း၊ မိုးမောက်မြို့တွင်းရှိ ပြည်သူလူထုနေအိမ်များအား ဖောက်ထွင်း၍ လိုအပ်သည့် ရိက္ခာ၊ ဆေးပစ္စည်းများအား အဓမ္မယူဆောင်ခြင်း၊ လူသစ်စုဆောင်းခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဇူလိုင် လ ၂၄ ရက်နေ့တွင် လက်နက်ကြီးများ၊ Drone များဖြင့် Drop Bomb များ ကြဲချတိုက်ခိုက်ခြင်းနှင့် လူအင်အားအမြောက်အမြား အသုံးပြု၍ မိုးမောက်မြို့ရှိ နယ်မြေခံတပ်ရင်းအား ထပ်မံ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မဆုတ်မနစ်သော စိတ်ဓာတ်များဖြင့် ကြံ့ကြံ့ခံ ခုခံတိုက်ခိုက်ခဲ့သော်လည်း အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ၏ သာလွန်အင်အားအသုံးပြု၍ တိုက်ခိုက်လာမှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုအနည်း ဆုံးဖြစ်စေရေးအတွက် သြဂုတ်လ ၁၈ ရက်တွင် ကြားခံစစ်အဆင့်ဆင့်ဖြင့် ဗန်းမော်မြို့သို့ စနစ်တကျ ဆုတ်ခွာ၍ ဗန်းမော်မြို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းခဲ့ရသည်။
ယင်းနောက် တပ်မတော်စစ်ကြောင်းများသည် ဗန်းမော်မြို့၌ စနစ်တကျပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ခဲ့ပြီးနောက် သြဂုတ် ၂၀ ရက်တွင် မိုးမောက်မြို့အား အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ အထိနာခဲ့သည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် မိုးမောက်မြို့ရှိ နယ်မြေခံတပ်ရင်းအား ပြန်လည်သိမ်းပိုက်ရရှိနိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိချိန်တွင် အထိနာလျက် ရှိသော အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် စစ်မျက်နှာပြောင်းလဲ၍ မိုးမောက် မြို့သို့ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော တပ်မတော်စစ်ကြောင်းများအား လက်နက်၊ ခဲယမ်း၊ ရိက္ခာများ အဓိကထောက်ပံ့ပေးလျက်ရှိသည့် ဗန်းမော်မြို့ရှိ လေယာဉ်ကွင်း၊ တပ်ရင်းဌာနချုပ် များအား ပိတ်ဆို့ဖြတ်တောက်နိုင်ရေးအတွက် ဗန်းမော်မြို့ဒေသခံပြည်သူလူထုအတွင်း ဒေသခံများ အသွင် စိမ့်ဝင်နေထိုင်လျက်ရှိသည့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကူအညီများ ရယူကာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှစ၍ နှစ်လအတွင်း ဗန်းမော်မြို့ အားအပြီးသိမ်းပိုက်ရန် ကြွေးကြော်လျက် ဗန်းမော်မြို့တွင်းသို့ တောင်ဘက်နှင့် မြောက်ဘက် နှစ်ဖက်ညှပ်၍ တပ်မဟာအလိုက်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗန်းမော်မြို့ရှိ ပြည်သူလူထုအချို့အနေဖြင့် စိုးရိမ်ထိတ်လန့်ခဲ့ကြရပြီး နေရပ်စွန့်ခွာထွက်ပြေး၍ ဘေးလွတ်ရာသို့ တိမ်းရှောင်နေခဲ့ရသည်။
အလားတူ မံစီမြို့အား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်၍ ခေတ္တစိုးမိုးထားသည့် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည်လည်း မံစီ - ဗန်းမော်လမ်းကြောင်းအတိုင်း ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာ ဗန်းမော်မြို့တောင်ဘက်ရှိ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့မှုများ ဖြစ်ပွားခဲ့သည်။
ထို့အပြင် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် ဗန်းမော်မြို့၏ ဆက်သွယ်ရေးလမ်းကြောင်းများအား ဖြတ်တောက်ပိတ်ဆို့ခြင်းများကြောင့် ဒေသတွင်း ကုန်စည် စီးဆင်းမှု ခေတ္တရပ်တန့်သွားခဲ့ရသဖြင့် ဒေသအတွင်း ကျန်ရှိသည့် ဒေသခံများ၏ စားရေး၌ အခက်အခဲ၊ အကျပ်အတည်းများဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ သို့ဖြစ်၍ အစိုးရနှင့် တပ်မတော်မှ ဒေသခံပြည်သူများ၏ စားသောက်နေထိုင်ရေးအတွက် ဧရာဝတီမြစ်ကြောင်းအတိုင်း သင်္ဘောကြီးများဖြင့် လိုအပ်သည့် ထောက်ပံ့ပို့ဆောင်ရေးများ ဆောင်ရွက်ပေးခဲ့ရာတွင်လည်း အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ဧရာဝတီမြစ်ကြောင်းဝဲ/ယာတစ်လျှောက်ရှိ ကျေးရွာအချို့တွင် အတင်းအဓမ္မခြိမ်းခြောက်ဝင်ရောက်နေရာယူလျက် သင်္ဘောများအား အဝေးမှ နှောင့်ယှက်ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb ချတိုက်ခိုက်ခြင်းစသည့် အဖျက်အမှောင့်လုပ်ရပ်ကို လုပ်ဆောင်ခဲ့သည်။
ဗန်းမော်မြို့ အနီးဝန်းကျင်ရှိ တပ်ဌာနချုပ်များ၊ တပ်စခန်းများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်လာသည့် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအား တန်ပြန်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရာတွင်လည်း အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် ပြည်သူလူထုအား လူသားတံတိုင်းသဖွယ် အသုံးပြုတိုက်ခိုက်ခြင်း၊ ပြည်သူလူထုနေအိမ်များအတွင်း ဝင်ရောက်၍ အကာအကွယ်ယူတိုက်ခိုက်ခြင်းများ ဆောင်ရွက် ခဲ့သဖြင့် ပြည်သူလူထုနှင့် ၎င်းတို့၏ နေအိမ်အဆောက်အအုံများ ထိခိုက်မှုမရှိစေရေးအတွက် ပစ်ခတ်မှုများကို ကန့်သတ်ချက်များကြားမှ အထူးဂရုပြုဆောင်ရွက်ခဲ့ရသည်။ သို့ရာတွင် အကြမ်း ဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် သာသနိကအဆောက်အအုံများ၊ ပြည်သူလူထု၏ ကွန်ကရစ် အမိုးပါအထပ်မြင့် အဆောက်အအုံများနှင့် ဆေးရုံ၊ ဆေးခန်းနေရာများ၌ အခြေပြု၍ တိုက်ခိုက်ခြင်းများအဆက်မပြတ် လုပ်ဆောင်လာခဲ့သဖြင့် ဗန်းမော်မြို့ အရှေ့မြောက်ဘက်ရှိ တပ်ဌာနချုပ်များ၊ လုံခြုံရေးတပ်စခန်းများနှင့် ဗန်းမော်လေဆိပ်တို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်မှ ဖေဖော်ဝါရီလ ၂၀ ရက်အတွင်း အဆင့်ဆင့်ကြားခံစစ်များ ရယူကာ ဗန်းမော်မြို့တွင်းရှိ နယ်မြေခံတပ်ဌာနချုပ်နေရာသို့ ဗျူဟာအရ ခေတ္တခွာ စစ်ဆင်ပူးပေါင်းခဲ့ပြီး အင်အားအလုံးအရင်းဖြင့် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လာသည့် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအား ဆက်လက်ခုခံတိုက်ခိုက်ခဲ့သည်။
ထို့နောက် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် ဗန်းမော်မြို့အား အလုံးစုံသိမ်းပိုက်ရရှိနိုင်ရေး အင်အားအလုံးအရင်းဖြင့် စဉ်ဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော် လည်း တပ်ရင်း/ တပ်ဖွဲ့များရှိ အရာရှိ/ စစ်သည်၊ မိသားစုဝင်များ၊ အစိုးရဝန်ထမ်းများအနေဖြင့် ဗန်းမော်မြို့အား အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များလက်ဝယ်သို့ အလုံးစုံကျရောက်မှု မရှိစေရေး ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လမှ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ရှစ်လတိုင်တိုင် လှေခွက်ချည်းကျန် အလံမလဲသည့် စိတ်ဓာတ်၊ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်စိတ်ဓာတ်တို့ဖြင့် အပြင်းအထန် ဟန့်စစ်ဆင်ခုခံမှုများကြောင့် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ၏ ဗန်းမော်မြို့အား အလုံးစုံရရှိနိုင်ရေး စစ်ရေးအိပ်မက်မှာ ရပ်တန့်သွားခဲ့ရသည်။
ယင်းနောက် ၂၀၂၅ ခုနှစ် သြဂုတ်လအတွင်း အင်အားဖြည့်စစ်ကြောင်းများ လိုက်ပါလာသည့် တပ်မတော်ရေယာဉ်များအနေဖြင့် ဗန်းမော်မြို့သို့ ချီတက်ခဲ့ရာတွင် လမ်းခရီးတစ်လျှောက် တွန်းသင်္ဘောနှစ်စင်း ပျက်စီးဆုံးရှုံးရသည်အထိ အခက်အခဲမျိုးစုံနှင့် အကြမ်းဖက်သောင်းကျန်းသူတို့၏ ဖြတ်တောက်ပိတ်ဆို့မှုမျိုးစုံတို့ကြားမှ အောင်မြင်စွာ ရောက်ရှိဆိုက်ကပ်နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့မှစ၍ စစ်ကြောင်း ခုနစ်ကြောင်းဖြင့် စုဖွဲ့ချီတက်ခဲ့သည်။ ထိုသို့ဆောင်ရွက် ခဲ့ရာတွင် ဗန်းမော်မြို့ အရှေ့မြောက်ဘက်ရှိ ဗန်းမော်တက္ကသိုလ်နေရာမှတစ်ဆင့် နမ့်ဖားကျေးရွာရှိစခန်းအား စစ်ကြောင်းတစ်ကြောင်းဖြင့် ချီတက်သိမ်းပိုက်ခဲ့ပြီး ၎င်းစစ်ကြောင်းသည် ဗန်းမော်မြို့သို့ ဆက်လက်ဦးတည်ချီတက်၍လည်းကောင်း၊ ဗန်းမော်မြို့မြောက်ဘက်ရှိ နောင်ခိုရပ်ကွက်၊ မင်းလှရပ်ကွက်တို့အား စစ်ကြောင်းတစ်ကြောင်းဖြင့် ချီတက်၍လည်းကောင်း၊ ဗန်းမော်မြို့မြောက်ဘက်ရှိ အကြမ်းဖက်သမားများ ခေတ္တစိုးမိုးထားသည့် နယ်မြေခံတပ်ဌာနချုပ် လေးခု၊ တပ်စခန်းတစ်ခုနှင့် လေဆိပ်နေရာတို့အား အရှေ့ဘက်မှ စစ်ကြောင်း သုံးကြောင်းနှင့် နမ်းဖားစခန်းအား သိမ်းပိုက်ပြီး ဗန်းမော်မြို့သို့ ဦးတည်လာသည့် စစ်ကြောင်း တစ်ကြောင်းတို့မှ နှစ်ဖက်ညှပ်၍လည်းကောင်း၊ ပင်စင်ကုန်းရပ်ကွက်၊ ညောင်ပင်ရပ်ကွက်၊ ခွန်သာရပ်ကွက်နှင့် သာစည်ရပ်ကွက်အတွင်းရှိ ဒေသအခေါ် ကချင်စုနေရာတို့အား စစ်ကြောင်း နှစ်ကြောင်းဖြင့်လည်းကောင်း တန်ပြန်တိုက်စစ်များ အရှိန်အဟုန်မြှင့်၍ အဆင့်ဆင့် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများ၏ အပြည့်အဝအားပေးထောက်ခံမှု၊ တပ်အင်အားဖြည့်တင်းရရှိမှု၊ တိုက်ပွဲဝင်အရာရှိ၊ စစ်သည်များ၏ စိတ်ဓာတ်ခွန်အားတက်ကြွမှု၊ တိုက်လိုခိုက်လိုစိတ်ပြင်းပြမှု၊ စစ်နည်းဗျူဟာမြောက် ချီတက်တိုက်ခိုက်နိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် အဆင့်ဆင့်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သဖြင့် ၂၀၂၅ ခုနှစ် သြဂုတ်လ ၄ ရက်မှ စက်တင်ဘာ ၁၁ ရက်အတွင်း အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ခေတ္တစိုးမိုးထားသည့် ဗန်းမော်မြို့အနီးဝန်းကျင်ရှိ တပ်ဌာနချုပ်နေရာများ၊ ရပ်ကွက်၊ ကျေးရွာနှင့် စခန်းကုန်း နေရာအသီးသီးတို့အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ကာ အကြမ်းဖက်သမားများ ထိခိုက်ကျဆုံးမှုများစွာဖြင့် ဗန်းမော်မြို့၏ အရှေ့မြောက်ဘက်နှင့် ပင်မတပ်များရှိရာ မိုးမောက်မြို့ဘက်သို့ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးလျက် ရှိသည်။
တပ်မတော်စစ်ကြောင်းများက ဗန်းမော်မြို့အား ရန်သူ့လက်ဝယ်သို့ ကျရောက်မှုမရှိစေရေးနှင့် တပ်ဌာနချုပ်များအား ပြန်လည်သိမ်းပိုက်ရရှိရေး မိမိတို့၏အသက်ကို ပဓာနမထားဘဲ ရင်ကိုမြေကတုတ်လုပ်ကာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်းခဲ့သော ကြောင့် စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်မှ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၁ ရက်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး ၁၆ ကြိမ်၊ ထိတွေ့မှုပေါင်း အကြိမ် ၄၉၀ ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၁၆၃ လောင်း၊ လက်နက်မျိုးစုံ ၁၇၈ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်။ အဆိုပါတိုက်ပွဲများတွင် မိမိဘက်မှ ရွပ်ရွပ်ချွံချွံ ပြန်လည်တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် သေဆုံးသူ ၄၆၁၆ ဦးခန့်နှင့် ဒဏ်ရာရရှိသူ ၄၉၈၃ ဦးခန့် ရှိခဲ့ကြောင်း သီးခြားသတင်းရင်းမြစ်များအရ သိရှိရပြီး မိမိဘက်မှ အရာရှိ/စစ်သည်အချို့ နိုင်ငံတော်နှင့် တပ်မတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အထိအခိုက်အကျအဆုံး များပြားလာသည့်အတွက် လက်နက်ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တပ်မတော်စစ်ကြောင်းများထံသို့ အလင်းဝင်ရောက်မှုများလည်းရှိကြောင်းနှင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် ဗန်းမော်မြို့အတွင်း ကျန်ရှိနေသည့် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအား ဆက်လက်နယ်မြေရှင်းလင်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

တပ်မတော်စစ်ကြောင်းများက KNU အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ကော့ကရိတ် - သင်္ဃန်းညီနောင် - မြဝတီအာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ်
09/07/2025
နေပြည်တော် စက်တင်ဘာ ၆
KNU ၊ KNLA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေးဖြစ်စဉ်များကြောင့် နိုင်ငံ၏အချို့မြို့များတွင် ဖြစ်ပေါ်ခဲ့သည့် NLD အစွန်းရောက်တို့၏ ဆူပူအကြမ်းဖက်ဆန္ဒပြမှုတို့၏ နောက်ဆက်တွဲအဖြစ် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်လာကြသူများကို လူသားချင်းစာနာထောက်ထားမှုအကြောင်းအရာခေါင်းစဉ်အောက်၌ လက်ခံထိန်းသိမ်းပြီး အဆိုပါထွက်ပြေးတိမ်းရှောင်လာသူများကို အကြောင်းပြု၍ ပြည်ပနိုင်ငံကြီးအချို့၏ ငွေကြေးထောက်ပံ့မှုကို မျှော်ကိုးရယူကာ နိုင်ငံတော်အား အလုံးစုံပျက်သုဉ်းရေးအထိ စစ်ရေး ပဋိပက္ခဖြစ်လာစေရေး အကြမ်းဖက်သင်တန်းများကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်၍ တိုက်ခိုက်ရေးအင်အားစုဆောင်းကာ ဘားအံ - ကော့ကရိတ် - မြဝတီအာရှလမ်းမကြီးအား ထိန်းချုပ်ရန်၊ နယ်စပ်ကုန်စည်စီးဆင်းမှုနှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန်နှင့် ၎င်းတို့၏ စိတ်ကူးယဉ်စစ်ရေးရည်မှန်းချက်ဖြစ်သည့် မြဝတီမြို့၊ ကော့ကရိတ်မြို့နှင့် ဘားအံမြို့တို့အား သိမ်းယူကာ သီးခြားလွတ်လပ်သော ကော်သူလေးပြည်နယ်နှင့် ကော်သူလေးအစိုးရထူထောင်ရေး စီမံဆောင်ရွက်လာခဲ့သည်။
ထိုသို့လုပ်ဆောင်ရာတွင် KNU၊ KNLA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဦးစွာ ပြည်တွင်းမှ နိုင်ငံရေးအရောင်ဆိုးခံရခြင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံနယ်စပ်အနီးသို့ ထွက်ပြေးရောက်ရှိလာသည့် ကျောင်းသားလူငယ်များ၊ DCS ပြုလုပ်လာသည့် ဝန်ထမ်းများအား နိုင်ငံရေး၊ စစ်ရေးမက်လုံးများပေးလျက် အစွန်းရောက်သွေးကြွစေပြီး အဆိုပါလူငယ်များအား အကြမ်းဖက်သင်ခန်းစာသင်ကြားပေးခြင်း၊ လက်နက်တပ်ဆင်ပေး ခြင်းတို့ပြုလုပ်၍ တပ်မတော်အား နိုင်ငံရေးမှ အပြီးအတိုင်ထွက်ခွာစေရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန်စသည့် မက်လုံးပေးခြင်း၊ စည်းရုံးခြင်းဖြင့် KNU၊ KNLA အကြမ်းဖက်အဖွဲ့၏ အင်အားတိုးပွား တောင့်တင်းခိုင်မာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
ယင်းနောက် KNU၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လမှစ၍ ကရင်ပြည်နယ် သံလွင်မြစ်အနီးရှိ တပ်မတော်မှ စစ်ဆင်ရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်ယူထားသည့် တပ်စခန်းကြီးများအား ၎င်းတို့လေ့ကျင့်သင်ကြားပေးထားသည့် PDF အမည်ခံ အကြမ်းဖက်သမားများကို ရှေ့ကာအသေခံတပ်အဖြစ် အသုံးချပြီး အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခြင်းများ စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ ၂၈ ရက်ကြာ သင်္ဃန်းညီနောင်နှင့် မြဝတီဒေသရှိ နယ်မြေခံ တပ်ရင်း/ တပ်ဖွဲ့များနှင့် ရှေ့တန်းစခန်းဌာနချုပ်များအား အင်အားအလုံးအရင်းဖြင့် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မြဝတီဒေသရှိ တပ်မတော်သားများ၊ နယ်ခြားစောင့်တပ်များက ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံ တိုက်ခိုက်ခဲ့၍ မြဝတီမြို့အနေဖြင့် ထိခိုက်ဆုံးရှုံးမှု မရှိသော်လည်း သင်္ဃန်းညီနောင် တပ်နယ်အတွင်း ရှိ အရာရှိ၊ စစ်သည်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများ များလာခြင်း၊ မိသားစုဝင်များ ထိခိုက် သေဆုံးမှုရှိလာခြင်းနှင့် အချိုးမညီ အကြမ်းဖက်သောင်းကျန်းသူများ၏ အင်အားစုများကြောင့် သင်္ဃန်းညီနောင်တပ်နယ်အား ခေတ္တလက်လွှတ်ခဲ့ရသည်။
အလားတူ KNU၊ KNLA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ကော့ကရိတ်မြို့အား သိမ်းပိုက်နိုင်ရေး ကော့ကရိတ်မြို့နှင့် နယ်မြေခံတပ်ဌာနချုပ်များအား အပြီးအပိုင် သိမ်းပိုက်ရန်အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလဆန်းပိုင်းမှစ၍ အချိုးမညီ အင်အားစုများဖြင့် စစ်ကြောင်း ၂ ကြောင်းခွဲ၍ ကော့ကရိတ်မြို့အတွင်းသို့ ဝင်ရောက်နိုင်ရေး ဆောင်ရွက်ခဲ့သည့်အပြင် အဝေးမှနေ၍ လက်နက်ကြီးများဖြင့် မြို့တွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်း များက ကော့ကရိတ်မြို့နှင့် နယ်မြေခံတပ်ရင်းဌာနချုပ်များ ရန်သူ့လက်တွင်းသို့ ကျရောက်မှု မရှိစေရေးအတွက် ရွပ်ရွပ်ချွံချွံ မြို့တွင်းခုခံစစ်မှ တန်ပြန်တိုက် စစ်ဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကော့ကရိတ်မြို့အား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ထိခိုက်ကျဆုံးများစွာဖြင့် ပထမအကြိမ် ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့ရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အောင်မြေချဲ့ထွင်ရန်နှင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် သင်္ဃန်းညီနောင်အား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၇ ရက်မှစ၍ အောင်ဇေယျစစ်ကြောင်းဖြင့် စစ်ကြောင်းများခွဲ၍ နယ်မြေရှင်းလင်းရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ရာတွင်လည်း ရာသီဥတုနှင့် မြေအနေအထား ကန့်သတ်ချက်များကြောင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကော့ကရိတ်မြို့နှင့် သင်္ဃန်းညီနောင်ကြားရှိ ဒေသအခေါ် ရင်ကွဲတောင်အနီး တစ်ဝိုက် ထိုးစစ်အား ခေတ္တရပ်တန့်ကာ လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ခဲ့ရသည်။
ထိုသို့ တပ်မတော်စစ်ကြောင်းများ၏ ပြင်ဆင်စုဖွဲ့မှုများ ဆောင် ရွက်နေမှုအပေါ် အခွင့်ကောင်းယူ ၍ KNU အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ၎င်းတို့ ၏ စစ်ရေးရည်မှန်းချက် ပြန်လည်အကောင်အထည်ဖော်ရန်အတွက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် အဓိကအချက်အချာကျသည့် ဘားအံ - ကော့ကရိတ် - မြဝတီအာရှလမ်းမကြီးနှင့် ကျုံဒိုးမြို့နှင့် ကော့ကရိတ်မြို့အား အပြီးအပိုင်သိမ်းပိုက်နိုင်ရေး ၂၀၂၅ ခုနှစ်၊ ဧပြီ လ ၁၃ ရက်မှစ၍ သာလွန်အင်အားများအသုံးပြုပြီး လမ်းကြောင်း ၅ ကြောင်းဖြင့် ဒုတိယအကြိမ် ထပ်မံဝင်ရောက်လာပြီး ကျုံဒိုးနှင့် ကော့ကရိတ်ကြား အာရှလမ်းမကြီးအား ပိတ်ဆို့ဖြတ်တောက်၍ ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့အား အပြင်းအထန် ထပ်မံတိုက်ခိုက်လာခဲ့ရာ တပ်မတော်စစ်ကြောင်းများက တပ်မတော်၏အစဉ်အလာကောင်းများနှင့်အညီ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ် ဖြင့် အကြမ်းဖက်သောင်းကျန်းသူများကို ခုခံတိုက်ခိုက်ချေမှုန်းခဲ့မှုကြောင့် ၎င်းတို့၏ စစ်ရေးရည် မှန်းချက်များကို တစ်ခုပြီးတစ်ခု ရိုက်ချိုးနိုင်ခဲ့ပြီး ကျုံဒိုး-ကော့ကရိတ်လမ်းကြောင်းတစ်လျှောက်အား ဇူလိုင်လ၂၄ရက်နေ့တွင် တပ်မတော်က ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
ထိုသို့ အကြမ်းဖက်သောင်းကျန်းသူများ၏ စစ်ရေးရည်မှန်းချက်များအား တစ်ဆင့်ပြီးတစ်ဆင့် ရိုက်ချိုးနိုင်ခဲ့ပြီး တပ်မတော်အနေဖြင့် စစ်ရေးအရှိန်အား တိုးမြှင့်ကာ အဆိုပါအကြမ်းဖက် သောင်းကျန်းသူများ ထိန်းချုပ်ထားသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးတစ်လျှောက် ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေး၊ အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် သင်္ဃန်းညီနောင်အား ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စနစ်တကျ ပြင်ဆင်စုဖွဲ့ကာ ကော့ကရိတ်မှ သင်္ဃန်းညီနောင်အထိ စစ်ကြောင်း ၄ ကြောင်းဖြင့်လည်းကောင်း၊ မြဝတီမှ သင်္ဃန်းညီနောင်သို့ စစ်ကြောင်း ၁ ကြောင်းဖြင့်လည်းကောင်း၊ စစ်ကြောင်းများ ခွဲကာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်မှစ၍ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) ဖြင့် ဟန်ချက်ညီဖြင့် အကြမ်းဖက်သမားများအား တစ်ဆင့်ပြီးတစ်ဆင့် လိုက်လံတိုက်ခိုက်ချေမှုန်းခဲ့ရာ ၁၀ ရက် အကြာ ယနေ့ မွန်းလွဲ ၁ နာရီတွင် သင်္ဃန်းညီနောင် တပ်နယ်အားလုံးအား တပ်မတော်စစ်ကြောင်းများ က ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အဓိကကုန်စည်စီးဆင်း ရာ လမ်းမကြီးပေါ်တွင်ရှိသည့် ကော့ကရိတ် - သင်္ဃန်းညီနောင် - မြဝတီအာရှလမ်းမကြီးတစ်လျှောက်အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
တပ်မတော်အနေဖြင့် ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီအာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် KNU အကြမ်းဖက်သောင်းကျန်းသူများ၏ စိတ်ကူးယဉ်အိပ်မက်ဖြစ်သော မြဝတီမြို့၊ ကော့ကရိတ်မြို့နှင့် ဘားအံမြို့တို့အား သိမ်းပိုက်ကာ သီးခြားလွတ်လပ်သော ကော်သူလေးပြည်နယ်နှင့် ကော်သူလေးအစိုးရထူထောင်ရေးအိပ်မက်အား အပြီးတိုင် ရိုက်ချိုးဖျက်ဆီးနိုင်ခဲ့သည်။
အဆိုပါ ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီအာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ်နိုင်ရေးနှင့် အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် သင်္ဃန်းညီနောင်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် စစ်ဆင်ရေးကာလ တစ်နှစ်ကျော်ကာလအတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ် ၃၈၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း ၆၃ လောင်း၊ လက်နက်မျိုးစုံ ၅၇ လက်နက်၊ ဆက်စပ်ပစ္စည်း များ သိမ်းဆည်းရမိခဲ့သည်။ တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ နိုင်ငံအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြပြီး အချို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အဆိုပါကော့ကရိတ်- သင်္ဃန်းညီနောင် - မြဝတီအာရှလမ်းမကြီးတစ်လျှောက် ခေတ္တထိန်းချုပ်ထားစဉ် အဖျက်အမှောင့်လုပ်ငန်းများအား နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့ပြီး မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကားလမ်းများပေါ် ၌ သစ်ပင်သစ်ကိုင်းများဖြင့် ကန့်လန့်ဖြတ်ပိတ်ဆို့ခြင်း၊ အခြားလမ်း၊ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါပြည်ထောင်စုလမ်းမကြီး ဖွင့်လှစ်ပြီး နယ်စပ်ကုန်စည်စီးဆင်းမှု အမြန်ဆုံးပြန်လည်ဆောင်ရွက်နိုင်ရေးနှင့် အဆိုပါလမ်းမကြီးတစ်လျှောက်တွင် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ၊ ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များ၊ ခရီးသွားမော်တော်ယာဉ်များ ဘေးကင်းစွာဖြင့် ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။
တပ်မတော်က အဆိုပါကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီအာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ်ပေးနိုင်ခဲ့သည့်အတွက် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် ၎င်းတို့၏ လူမှုစီးပွားဘဝများ ပြန်လည်ဆောင်ရွက်နိုင်တော့မည်ဖြစ်သည့်အတွက် တပ်မတော်အပေါ် အထူးပင်ကျေးဇူးတင်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ်၌ ငွေကျပ် ၃ ဒသမ ၃၆ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၄၂၀ ကီလို ဖမ်းဆီးရမိ
09/06/2025
နေပြည်တော် စက်တင်ဘာ ၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ်၌ ငွေကျပ် ၃ ဒသမ ၃၆ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၄၂၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၃၀ ရက် ည ၁၀ နာရီတွင် သတင်းအရ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ် ဟောင်ကန်ကျေးရွာအုပ်စု နားယုန့်ကျေးရွာအနီးတွင် မက်မန်းမြို့ဘက်မှ မိုင်းပျဉ်းမြို့ဘက်သို့ စိုင်းဦးသီလ (ခ)စိုင်းရွက် မောင်းနှင်လာသည့် TOYOTA KLUGER မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၄၂၀ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ၃၆ ဘီလီယံ)ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းဆီးရမိသည့် အိုက်စ် (မက်သ် အဖက်တမင်း)များကို မက်မန်းမြို့နယ် တာကော်လေး ကျေးရွာအနီးမှ မိုင်းပျဉ်းမြို့နယ် နားယုန့်ကျေးရွာအနီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်

KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကျိုက်မရောမြို့နယ်၊ ကော့ပနောကျေးရွာအနီး Drop Bomb ချ တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိ
09/04/2025
နေပြည်တော် စက်တင်ဘာ ၃
အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ အရပ်သားပြည်သူများအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်နှင့် ခရီးသွားပြည်သူများ ထိခိုက်စေရန် ရည်ရွယ်၍ လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ဌာနဆိုင်ရာအဆောက်အဦးများနှင့် လူနေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်ရေးနှင့်မသက်ဆိုင်သော အေးချမ်းစွာသွားလာလျက်ရှိသည့် ကုန်တင်ကားများ၊ ခရီးသည်တင်ယာဉ်များနှင့် အရပ်ယာဉ်များကိုလည်း နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်းများ၊ မိုင်းထောင်ဖောက်ခွဲခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ကျိုက်မရောမြို့နယ်၊ ကော့ပနောကျေးရွာလမ်းဆုံတွင် ရောက်ရှိနေသော ခရီးသည်တင်မော်တော်ယာဉ်တစ်စီးအား စက်တင်ဘာလ ၂ ရက်နေ့တွင် Drop Bomb ချ တိုက်ခိုက်ခဲ့သဖြင့် ယာဉ်မောင်းအပါအဝင် ခရီးသည်အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၁ ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ၎င်းတို့အပေါ် အကြောက်တရားလွှမ်းမိုးစေရန်အတွက် ကျိုက်မရောမြို့နယ်၊ ကော့ပနောကျေးရွာအား စက်တင်ဘာ ၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် Drone အသုံးပြု၍ Drop Bomb ချတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ဗုံးသီးသည် ကျိုက်မရောမြို့မှ ကြာအင်းဆိပ်ကြီးသွား ကားလမ်းပေါ်ရှိ ကော်ပနောလမ်းဆုံသို့ ရောက်ရှိနေသော ယာဉ်မောင်း ဦးလှရွှေ ၅၂ နှစ်၊ (ဘ) ကော်စမတ် မောင်းနှင်သည့် Super Custom အမျိုးအစား ယာဉ်အမှတ်၊ 9H /...... အဖြူရောင်ခရီးသည်တင် မော်တော်ယာဉ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၁ ဦးတို့တွင် ဗုံးစထိမှန်ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါထိခိုက်ဒဏ်ရာရရှိသူများအား တာဝန်ရှိသူများက ကျိုက်မရောမြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ လိုအပ်သောဆေးဝါးကုသမှုများ ခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားခုနစ်ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသားလေးဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့
09/03/2025
နေပြည်တော် စက်တင်ဘာ ၂
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ - ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ကင်ညာနိုင်ငံသားငါးဦး၊ နိုင်ဂျီးရီးယား နိုင်ငံသားတစ်ဦးနှင့် သီရိလင်္ကာနိုင်ငံသားတစ်ဦး စုစုပေါင်းခုနစ်ဦးတို့အား ယနေ့တွင် မြန်မာ- ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသားလေးဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များ ကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကိုကျင်းပခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ကင်ညာနိုင်ငံသံရုံးမှ Counsellor Mr. Alexander Mwendwa Mutinda နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ နိုင်ဂျီးရီးယားနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံသံရုံးတို့မှ သံရုံးကိုယ်စားလှယ် Mr. Tana Judah Hira နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှတာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်းပေးအပ်သည်။
ထို့အတူ မြဝတီမြို့- ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နယ်မြေသို့ တရားမဝင်လမ်းကြောင်းများမှ တစ်ဆင့်ဝင်ရောက်နေကြသည့် ကင်ညာနိုင်ငံသားတစ်ဦး၊ ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးနှင့် တောင်အာဖရိကနိုင်ငံသားနှစ်ဦး စုစုပေါင်းပြည်ပနိုင်ငံသားလေးဦးကို ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ စက်တင်ဘာ ၂ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၃၇၃ ဦး စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၉၂၆၉ ဦးကို ထိုင်းနိုင်ငံမှ တစ်ဆင့်သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၀၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု(Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများအားလုံးကို စုံစမ်းဖော်ထုတ်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ်တက်ကြွစွာ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိသည့်အပြင် အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျပြည်နှင်လွှဲပြောင်းပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

အမျိုးသမီးများအား တရုတ်နိုင်ငံသို့ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်
09/02/2025
နေပြည်တော် စက်တင်ဘာ ၁
အမျိုးသမီးများအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြသူများကို လူကုန်ကူးမှုဖြင့်အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်နေ မ-----၊ ၁၉/ ၂၀၂၅ နှစ်ကို တစ်ရွာတည်းနေ မနိုင်(ခ)လေးလေးနိုင်က တရုတ်နိုင်ငံရှိ ဆံပင်တုနှင့် လက်သည်းတု စက်ရုံတို့တွင် အလုပ်လုပ်ကိုင်ပါက တစ်လလျှင်ငွေကျပ် ၁၃ သိန်းခန့်ရမည်၊ ပို့ဆောင်ခအနေဖြင့် ငွေကျပ် သိန်း ၄၀ ပေးရမည်၊ လုပ်အားခရရှိမှသာ ပေးချေနိုင်သည်ဟု စည်းရုံးပြောဆိုပြီး မူဆယ်မြို့နေ မိုးသူဇာ(ခ)မချိုထံပို့ဆောင်ပေးခဲ့သည်။
ယင်းနောက် မချိုက စက်ရုံတွင် အလုပ်လုပ်ကိုင်ရမည် မဟုတ်ဘဲ တရုတ်ယောကျ်ားယူရမည်၊ မယူပါကလမ်းစရိတ်များ ပြန်လျော်ရမည်ဟုပြောဆိုပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ခရမ်းမြို့မရဲစခန်း (ပ) ၅/ ၂၀၂၅ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီးဩဂုတ် ၂၉ ရက်တွင် သန်လျင်ခရိုင်တရားရုံးမှ ဖမ်းမိတရားခံမနိုင်(ခ)လေးလေးနိုင် ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တရားခံ မိုးသူဇာ(ခ)မချိုကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/ ၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကချင်ပြည်နယ် မိုးညှင်းမြို့နေ မ-----၊ ၂၄/ ၂၀၂၅ နှစ်နှင့် မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်နေ မ-----၊ ၂၄/ ၂၀၂၅ နှစ်တို့ကို ရှမ်းပြည်နယ် မူဆယ်မြို့နေအေးမြတ်မွန်မှ လူမှုကွန်ရက် Tik Tok Nam Mu Lay @nan.mu accမှတစ်ဆင့် တရုတ်နိုင်ငံသို့ တစ်နှစ်သွားရောက်နေထိုင်၍ တရုတ်အငှားမယား လုပ်ကိုင်ပါက ယွမ် ၁၀၀၀၀ ရမည်၊ အလုပ်လုပ်ကိုင်လိုပါက ၎င်း၏ အမြွှာညီမဖြစ်သူ အေးအိမွန်မှ တရုတ်သူဌေးများနှင့် တွေ့ဆုံပေးမည်ဟု စည်းရုံးပြောဆိုပြီး တရုတ်ယောကျ်ားထံ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အောင်မြေသာစံမြို့နယ် အမှတ်(၁)နယ်မြေရဲစခန်း (ပ)၁၀/ ၂၀၂၅ နှင့် အမှတ်(၅)မြို့မရဲစခန်း(ပ)၃၀/၂၀၂၅ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ တို့ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ဩဂုတ် ၂၉ ရက်တွင် အောင်မြေသာစံခရိုင်တရားရုံးမှ တရားခံအေးမြတ်မွန်နှင့် အေးအိမွန်တို့ နှစ်ဦးကို လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ အရ အမှုတစ်မှုချင်းစီအတွက် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်းသိရသည်။
အလားတူ ရှမ်းပြည်နယ် လားရှိုးမြို့နေ မ-----၊ ၃၉/ ၂၀၂၅ နှစ်ကို ရှမ်းပြည်နယ် မူဆယ်မြို့နေ အေးမြတ်မွန်မှ လူမှုကွန်ရက် Tik Tok Nam Mu Lay @nan.mu acc မှ တစ်ဆင့် တရုတ်အငှားမိန်းမအလုပ်လုပ်ပါက တရုတ်နိုင်ငံသို့ တစ်နှစ်သွားရောက်နေထိုင်၍ တရုတ်အငှားမယား လုပ်ကိုင်ပါ က ယွမ် ၁၅၀၀၀ ရမည်၊ လုပ်ကိုင်လိုပါက မန္တလေးမြို့သို့ လာရောက်ရန် စည်းရုံးပြောဆိုပြီး မန္တလေးမြို့သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ မန္တလေးမြို့ရှိ တည်းခိုခန်းတစ်ခုတွင် ပွဲစား ဒေါ်သန်းအေး (ခ)ပီရင်းနှင့်အတူ နိုင်ငံကူးလက်မှတ်နှင့် ဗီဇာပြုလုပ်ရန် စောင့်ဆိုင်းနေစဉ် တာဝန်ရှိသူများ၏ စစ်ဆေးမေးမြန်းခြင်းခံခဲ့ရကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အောင်မြေသာစံ မြို့နယ်အမှတ်(၅) မြို့မရဲစခန်း(ပ) ၂၉/ ၂၀၂၅ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ဩဂုတ် ၂၉ ရက်တွင် အောင်မြေသာစံခရိုင်တရားရုံးမှ တရားခံ အေးမြတ်မွန်နှင့် ဒေါ်သန်းအေး(ခ)ပီရင်းတို့ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့တံတား ပြုပြင်ရေးအဖွဲ့အား KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများက Suicide Drone များဖြင့် ပစ်ချတိုက်ခိုက်
09/02/2025
နေပြည်တော် စက်တင်ဘာ ၁
KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်၊ ဒေသတွင်းကုန်စည်စီးဆင်းမှုရပ်တန့်စေပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်ရည်ရွယ်၍ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများအတွင်း ခိုအောင်းနေထိုင်ပြီး ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်၌ သွားလာလျက်ရှိသော မော်တော်ယာဉ်များအား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း၊ မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီး၍ အဆိုပါလမ်းကြောင်းအား နှောင့်ယှက်ပိတ်ဆို့ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ဆက်ကြေးကောက်ခံခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့ကျေးရွာအနီး အရှည် ၁၉၆ ပေ၊ အကျယ်ပေ ၄၀ ရှိ သံကူကွန်ကရစ်အမျိုးအစား ကော့နွဲ့တံတားအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သည်။
ထိုသို့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်ခဲ့ရပြီး အများပြည်သူများ သွားလာရေးအခက်အခဲများဖြစ်ပေါ်ခဲ့ရသဖြင့် နိုင်ငံတော်အစိုးရက ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ကော့နွဲ့တံတား ပြန်လည်ပြုပြင်ရေး တံတားအထူးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးဦးဆောင်သည့် အင်ဂျင်နီယာ ၁ ဦးနှင့် လုပ်သား ၂၆ ဦးတို့သည် တံတားပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် ယနေ့မွန်းလွဲ ၁ နာရီ မိနစ် ၃၀ ခန့်တွင် KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများက တံတား၏ အနောက်မြောက်ဘက်မီတာ ၃၆၀၀ ခန့်အကွာရှိ ပျားပင်ကျေးရွာနေရာနှင့် တံတား၏ တောင်ဘက်မီတာ ၃၇၀၀ ခန့်အကွာရှိ မြို့ဟောင်းကျေးရွာနေရာတို့မှ Suicide Drone ၂ စင်းဖြင့် တံတားလုပ်ငန်းဆောင်ရွက်နေသူများအား တိုက်ခိုက်ခဲ့သဖြင့် တံတားလုပ်ငန်းများ ဆောင်ရွက်နေသည့် အမျိုးသား ၁ ဦးသေဆုံးကာ၊ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား ကော့ကရိတ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ပို့ဆောင်၍ ကနဦးဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကာ ဘားအံမြို့ရှိ တောင်ကလေးဆေးရုံသို့ ဆက်လက်ပို့ဆောင်ဆေးကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသော လမ်း၊ တံတားများအား ဖျက်ဆီးခြင်းသည် ဒေသနှင့်ဒေသခံများ၏ လူမှုစီးပွားဘဝများကို များစွာထိခိုက်နစ်နာစေလျက်ရှိသဖြင့် ဒေသခံပြည်သူလူထုက လုံးဝလက်ခံနိုင်ခြင်းမရှိပဲ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံးရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အကြမ်းဖက်သမားများအား အရေးယူတုံ့ပြန်နိုင်ရေး လိုအပ်သော လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

KNU ၊ KNLA နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့များ နှောင့်ယှက်ပိတ်ဆို့ထားသည့် ကျုံဒိုး-ကော့ကရိတ် ပြည်ထောင်စုကားလမ်းမကြီးအား တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ဖွင့်လှစ်
နေပြည်တော် ဇူလိုင် ၂၄
ကော့ကရိတ်မြို့သည် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်တွင်ပါဝင်၍ ဘားအံ-မြဝတီ ကားလမ်းကြီးအပေါ်တွင်တည်ရှိပြီး စီးပွားရေးအချက်အချာကျသော မြို့တစ်မြို့ဖြစ်သည်။ မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်သော မြဝတီမြို့နှင့် ၄၁ မိုင်ခန့်သာကွာဝေးပြီး ကူးသန်းရောင်းဝယ်ရေးအတွက် အဓိကကျသည့် အာရှလမ်းမကြီး ပေါ်တွင်တည်ရှိကာ ကော့ကရိတ်မြို့မှ မြဝတီမြို့-ဘားအံ-မော်လမြိုင်နှင့် ကြာအင်းဆိပ်ကြီးမြို့များသို့ သွားလာနိုင်သည့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော အဓိကအချက်အချာကျသည့် လမ်းဆုံမြို့တစ်မြို့ဖြစ်သည်။
ထိုသို့ အာရှလမ်းမကြီးပေါ်ရှိ အဓိက အချက်အချာကျသည့် ကော့ကရိတ်မြို့နှင့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးအား ထိန်းချုပ်ရန်၊ နယ်စပ် ကုန်စည်စီးဆင်းမှုနှင့် အစိုးရ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန်ရည်ရွယ်၍ KNU ၊ KNLA နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့များသည် ကော့ကရိတ်မြို့နှင့် နယ်မြေခံတပ်ဌာနချုပ်များအား အပြီးအပိုင် သိမ်းပိုက်ရန်အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလဆန်းပိုင်းမှစ၍ သာလွန်အင်အားများဖြင့် ကော့ကရိတ်-သင်္ကန်းညီနောင် လမ်းဟောင်းအတိုင်း ကော့ကရိတ်မြို့ မြောက်ဘက်ရှိကောင်းမှုကျေးရွာ၊ ရန်ကုတ်ကျေးရွာနှင့် ကြောင်ရှာကုန်းကျေးရွာတို့မှလည်းကောင်း၊ မြို့တောင်ဘက် လမ်းဖာ-အစွန်း-တမိုင်ကုန်းမှလည်းကောင်း၊ စစ်ကြောင်း ၂ ကြောင်းဖြင့် ကော့ကရိတ်မြို့အတွင်းသို့ ဝင်ရောက်နိုင်ရေး ဆောင်ရွက်ခဲ့သည့်အပြင် အဝေးမှနေ၍ လက်နက်ကြီးများဖြင့် မြို့တွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းများကြောင့် ရုံး/ဌာနအဆောက်အအုံများနှင့် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ရပြီး ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် မိမိတို့၏ တိုက်တာအိုးအိမ်အဆောက်အအုံများ၊ ဥစ္စာပစ္စည်းများကိုစွန့်ခွာ၍ ဘေးလွတ်ရာသို့ ယာယီနေရပ်စွန့်ခွာခဲ့ရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ကော့ကရိတ်မြို့နှင့် နယ်မြေခံတပ်ရင်းဌာနချုပ်များ ရန်သူ့လက်သို့ ကျရောက်ခြင်းမရှိ စေရေးအတွက် မိမိတို့၏အသက်ကို ပဓာနမထားဘဲ သစ္စာ(၄)ချက် ရွတ်ဆိုကြသည့် တပ်မတော် သားကောင်းရတနာများပီပီ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ရွပ်ရွပ်ချွံချွံဖြင့် မြို့တွင်းခုခံစစ်မှ တန်ပြန်တိုက်စစ်ဖြင့် တိုက်ခိုက်ခဲ့ ရာ ဧပြီလ ၁၉ ရက်မှ ၂၂ ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများသည် အထိအခိုက်အကျအဆုံးများစွာ ဖရိုဖရဲပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
ထိုသို့ ဆုတ်ခွာထွက်ပြေးသွား ပြီးနောက် KNU ၊ KNLA လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများသည် NCA လက်မှတ်ရေးထိုးပြီးနောက် နှစ်ဖက်နားလည်မှုဖြင့် ခွင့်ပြုပေးထားသည့် မြန်မာ-ထိုင်း နယ်စပ်အနီး ၎င်းတို့အဖွဲ့အစည်း နေထိုင်သည့်နေရာများ၌ ပြည်တွင်းမှ နိုင်ငံရေးအရောင်ဆိုးခံရခြင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကရင်ပြည်နယ်နှင့် ထိုင်းနယ်စပ်အနီးသို့ ထွက်ပြေးရောက်ရှိလာသည့် ကျောင်းသား/လူငယ်များအားလုံးအား နိုင်ငံရေး၊ စစ်ရေးမက်လုံးများပေးလျက် သွေးကြွစေပြီး အဆိုပါလူငယ်များအား အကြမ်းဖက်သင်ခန်းစာ သင်ကြားပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်း စသည့်အခွင့်အရေးများ အပြည့်အဝရယူအသုံးချကာ KNU၊ KNLA အဖွဲ့၏ အင်အားတိုးပွား တောင့်တင်းခိုင်မာစေရေးနှင့် KNU၊ KNLA အဖွဲ့၏ ရှေ့ကာတပ်အဖြစ် အသေခံအသုံးချခြင်း စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားသည့် PDF အကြမ်းဖက်ပူးပေါင်း အဖွဲ့များပူးပေါင်းလျက် ၎င်းတို့၏ စစ်ရေး ရည်မှန်းချက်များအား ပြန်လည်အကောင်အထည်ဖော် ရန်အတွက် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွင် အဓိကအချက်အချာကျသည့် ဘားအံ-ကျုံဒိုး-ကော့ကရိတ်- မြဝတီ အာရှလမ်းမကြီးနှင့် ကျုံဒိုးမြို့နှင့် ကော့ကရိတ် မြို့အား အပြီးအပိုင် သိမ်းပိုက်နိုင် ရေး ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၃ ရက်မှစ၍ သာလွန်အင်အားများဖြင့် လမ်းကြောင်း ၅ ကြောင်းဖြစ်သည့် အောက်ဘိုတဲ-ရန်ကုတ်-ကော့ကရိတ်လမ်းကြောင်း၊ အောက်ဘိုတဲ- မြပတိုင်-အုန်းတပင်-အင်းကြီး-ကျုံဒိုးလမ်းကြောင်း၊ မိကလုံ-နောင်တမံ-တာဝါလဲ-နွားခြံကုန်း-ကျုံဒိုးလမ်းကြောင်း၊ တောင်ကြာအင်း-မြောက်ကြာအင်း-ကိုးတိုင်-ငါးတိုင်-လေးတိုင်လမ်းကြောင်း၊ စက္ကဝက်-အောင်လှိုင်-တမိုင်ကုန်း-ကော့ကရိတ် လမ်းကြောင်းများဖြင့် ထပ်မံဝင်ရောက်လာပြီး ကျုံဒိုး-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးအား ပိတ်ဆို့ပြီး ကျုံဒိုးမြို့နှင့် ကော့ကရိတ်မြို့တို့အား အပြင်းအထန်တိုက်ခိုက်လာခဲ့သည်။ ထိုသို့ ပိတ်ဆို့တိုက်ခိုက်မှုများကြောင့် ဒေသတွင်းကုန်စည်စီးဆင်းမှု ရပ်တန့်သွားခဲ့ပြီး အဆိုပါဒေသရှိ ဒေသခံတိုင်းရင်းသား ပြည်သူများသည် ကုန်ဈေးနှုန်းကြီးမြင့်မှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရကာ နေထိုင်စားသောက်ရေးတို့တွင်များစွာ အခက်အခဲဖြစ်ပေါ်ခဲ့ကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများ နိမ့်ကျခဲ့ရကြောင်း သိရှိရသည်။
ထိုသို့ KNU ၊ KNLA နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့များ နှောင့်ယှက်ပိတ်ဆို့ထားသည့် လမ်းကြောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ သွားလာနိုင်ရေးအတွက် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၃ ရက်မှစ၍ တပ်မတော်စစ်ကြောင်းများက တပ်မတော်၏ အစဉ်အလာကောင်းများနှင့်အညီ လှေခွက်ချည်းကျန် အလံမလဲသည့် စိတ်ဓာတ်၊ တုံးတိုက်တိုက်ကျားကိုက်ကိုက် စိတ်ဓာတ်၊ တစ်ဗိုလ်ကျ တစ်ဗိုလ်တက် စိတ်ဓာတ်တို့ဖြင့် ကျုံဒိုး-ကော့ကရိတ်ကြားတွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသည့် အကြမ်းဖက်သောင်းကျန်းသူများကို ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းခဲ့ရာ စစ်ဆင်ရေးကာလ ၃ လကျော်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲ ကြီး ၇ ကြိမ်၊ ထိတွေ့တိုက်ပွဲ ၈၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူခေါင်းဆောင်ပိုင်းအချို့ ပြင်းထန်စွာဒဏ်ရာရရှိခြင်းအပါအဝင် ရန်သူထံမှ အလောင်း ၁၇ လောင်း၊ လက်နက်မျိုးစုံ ၃၀ လက်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်သားအချို့ ထိခိုက်ကျဆုံးခဲ့ပြီး ယနေ့ဇူလိုင်လ ၂၄ ရက်တွင် ကျုံဒိုး-ကော့ကရိတ်လမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ခဲ့ကာ ၎င်းတို့၏ စစ်ရေးရည်မှန်းချက်ကို တပ်မတော်က အပြီးတိုင်ရိုက်ချိုးနိုင်ခဲ့သည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဖရိုဖရဲဖြင့် ဆုတ်ခွာထွက်ပြေးစဉ် ဆောင်ရွက်နေကျ ဖြစ်သည့် အဖျက်အမှောင့်လုပ်ငန်းများအား နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့ပြီး မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကားလမ်းများပေါ်၌ သစ်ပင်သစ်ကိုင်းများဖြင့် ကန့်လန့်ဖြတ် ပိတ်ဆို့ခြင်း၊ ကျုံဒိုးမြို့နှင့် ကော့ကရိတ်မြို့ကြားရှိ ညီညာသာလင်းတံတားနှင့် ၅ တိုင် တံတားအပါအဝင် အခြားလမ်း၊ တံတားများအား မိုင်းခွဲဖျက်ဆီး ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရသည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက အဆိုပါလမ်းမကြီးတစ်လျှောက်တွင် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ၊ ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များ၊ ခရီးသွားမော်တော် ယာဉ်များဘေးကင်းစွာဖြင့် ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ရေး၊ အကြမ်းဖက်သောင်းကျန်းသူများ ဖောက်ခွဲဖျက်ဆီးခဲ့သည့် လမ်း၊ တံတားများအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မြဝတီမှတစ်ဆင့် အာရှလမ်းမကြီးပုံမှန်ပြန်လည် ဖွင့်လှစ်နိုင်ရေး ကျန်ရှိနေသည့် လမ်းပိုင်းအချို့အား အမြန်ဆုံးဆက်လက်ရှင်းလင်းနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်းသိရပြီး ကျုံဒိုး-ကော့ကရိတ်မြို့များ၏ ဒုတိယအကြိမ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်ဝန်းကျင်ကျေးရွာများအား တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်ရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကိုလည်း တစ်ပြိုင်တည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
သတင်းစဉ်

တပ်မတော်စစ်ကြောင်းများက သပိတ်ကျင်းမြို့အား ပြန်လည်ထိန်းချုပ်
နေပြည်တော် ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ သပိတ်ကျင်းမြို့သည် မန္တလေးတိုင်းဒေသကြီး၏ မြောက်ဘက်အကျဆုံးမြို့နယ်ဖြစ်သည်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့ရှိ မြို့များနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းပေါ်၌ရှိသော သင်္ဘောဆိပ်မြို့လည်းဖြစ်သည်။ သပိတ်ကျင်းမြို့သည် မန္တလေးမြို့နှင့် ရေကြောင်းအားဖြင့် ၇၇ မိုင်ခန့်သာဝေးကွာပြီး မန္တလေး၊ ဗန်းမော်၊ မြစ်ကြီးနား အစုန် - အဆန်သွားလာနေသည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအဖွဲ့မှ သင်္ဘောကြီးများနှင့် မန္တလေးနှင့် သပိတ်ကျင်း အစုန် - အဆန်သွားလာနေသည့် ကူးတို့သင်္ဘောငယ်များလည်းရှိသဖြင့် ရေကြောင်းသွားလာရေးနှင့် ကုန်သွယ်မှုကောင်းမွန်သည့် မြို့တစ်မြို့ဖြစ်သည်။ ကုန်းလမ်းကြောင်းအနေဖြင့် မိုးကုတ်မြို့နှင့် မိုင် ၄၀ ခန့်၊ မန္တလေးမြို့နှင့် မိုင် ၆၀ ခန့်ဝေးပြီး ယင်းမှတစ်ဆင့် မိုးမိတ်၊ ဗန်းမော်၊ မြစ်ကြီးနားစသည့် ကချင်ပြည်နယ်ဘက်သို့လည်းကောင်း၊ ကျောက်မဲ၊ သီပေါစသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) သို့လည်းကောင်း၊ မန္တလေးမြို့သို့လည်းကောင်း၊ ဆက်သွယ်သွားလာနိုင်သည့် အချက်အချာကျသည့် မြို့တစ်မြို့ဖြစ်သည်။
ထိုသို့အချက်အချာကျသည့် သပိတ်ကျင်းမြို့အား မိုးမိတ်၊ မိုးကုတ်မြို့နယ်မှတစ်ဆင့် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်မှစ၍ သပိတ်ကျင်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်စခန်းများ၊ တပ်ရင်း/ တပ်ဖွဲ့နှင့် မြို့/ ရွာများအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများ ပိုင်ဆိုင်သည့် ပစ္စည်းများအား အတင်းအဓမ္မလုယက်ယူဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သဖြင့် ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ တိုက်တာအိုးအိမ်အဆောက်အအုံများ၊ ဥစ္စာပစ္စည်းများကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ထိုသို့ သာလွန်အင်အားဖြင့် အလစ်အငိုက် လာရောက်တိုက်ခိုက်မှုကြောင့် သပိတ်ကျင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သပိတ်ကျင်းမြို့အား အကြမ်းဖက်သောင်းကျန်းသူများ၏ လက်တွင်းသို့ မကျဆုံးစေရေးအတွက် မိမိတို့၏အသက်ကို ပဓာနမထားဘဲ ရဲဝံ့စွန့်စားစွာဖြင့် အပြင်းအထန်ခုခံခဲ့သော်လည်း ထိခိုက်ကျဆုံးဒဏ်ရာရရှိမှုများ များပြားလာခြင်းနှင့် ရန်သူမှ အင်အားအဆမတန် များပြားလာခြင်းကြောင့် ကြားခံစစ်အဆင့်ဆင့်ဖြင့် ဆုတ်ခွာခဲ့ပြီး ၇ မိုင်ကျေးရွာအနီးရှိ နယ်မြေခံတပ်ရင်းဌာနချုပ်၌ မဆုတ်တန်းခံစစ်အဖြစ် အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုများကို ခံစစ်ဆင်နွှဲ၍ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ၏ ထိုးစစ်အရှိန်ကို ရပ်တန့်စေခဲ့ပြီး တန်ပြန်တိုက်ခိုက်နိုင်ရေး လိုအပ်သည့် စစ်ရေးပြင်ဆင်မှုဆိုင်ရာ ကိစ္စရပ်များကို လေကြောင်းထောက်ပံ့ပို့ဆောင်ရေးစနစ်ဖြင့် အချိန်ယူဆောင်ရွက်ခဲ့သည်။
ထိုသို့ လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများအား ဖြည့်တင်းဆောင်ရွက်ခဲ့ပြီး လေကြောင်းပစ်ကူအချို့နှင့် ရေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများ ပူးပေါင်းကာ မြေပြင်/ ဝေဟင်/ ရေပြင် ဟန်ချက်ညီပေါင်းစပ်ပြီး မြေပြင်သတင်းဖော်ထုတ်၍ တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်ထားသည့် သပိတ်ကျင်းမြို့နယ်အတွင်း အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter - Terrorism Operation) ဖြင့် တပ်ရင်းဌာနချုပ် ပတ်ဝန်းကျင်၌ စတင်၍ နယ်မြေရှင်းလင်းခဲ့ပြီး တန်ပြန်တိုက်စစ်များ တစ်ဆင့်ပြီးတစ်ဆင့် ခြေကုပ်ယူတိုက်ခိုက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်ထားသည့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ၆ မိုင်ကျေးရွာအားလည်းကောင်း၊ ဇူလိုင်လ ၅ ရက်နေ့တွင် ၅ မိုင်ကျေးရွာအားလည်းကောင်း၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ၄ မိုင် ကျေးရွာနှင့် အဆိုပါကျေးရွာအနီး တာဝါတိုင်ကုန်းအားလည်းကောင်း အသီးသီးပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ဇူလိုင်လ ၂၃ ရက်နေ့ ယနေ့တွင် သပိတ်ကျင်းမြို့အား တပ်မတော်က အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
တပ်မတော်စစ်ကြောင်းများက သပိတ်ကျင်းမြို့နှင့် အဆိုပါဒေသတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ရရှိရေး မိမိတို့၏အသက်ကို ပဓာနမထားဘဲ ရင်ကို မြေကတုတ်လုပ်ကာ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ဆင်ရေးကာလ ၁၁ လအတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး ၁၇ ကြိမ်၊ ထိတွေ့မှုပေါင်း ၄၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၅၁ လောင်းနှင့် လက်နက်မျိုးစုံ ၁၁၂ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်။
TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် သပိတ်ကျင်းမြို့နှင့် ၎င်းဒေသအား ယာယီသိမ်းပိုက်ထိန်းချုပ်ထားစဉ် မြို့/ ရွာများအတွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေအိမ်များတွင် ဘန်ကာများဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ယာယီနေရပ်စွန့်ခွာနေရသူ ဒေသခံပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သည့်အပြင် ဒေသခံပြည်သူများ နေအိမ်များနှင့် ဈေးဆိုင်ခန်းများအား ဖောက်ထွင်း၍ တန်ဖိုးကြီးပစ္စည်းမျ စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများကို အဓမ္မယူဆောင်ခြင်း၊ အများပြည်သူသွားလာလျက်ရှိသည့် လမ်းများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် သပိတ်ကျင်းမြို့အတွင်းသို့ ယာယီနေရပ်စွန့်ခွာနေကြရသည့် ဒေသခံပြည်သူများအား အန္တရာယ်ကင်းရှင်းစွာ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး မြို့တွင်းမိုင်းရှင်းလင်းခြင်းလုပ်ငန်းများ စတင်ရှင်းလင်းခြင်းနှင့် မိမိတို့၏ အိုးအိမ်နေရာများသို့ ပြန်လည်နေထိုင်လိုပြီး ရိုးသားစွာ မိမိတို့၏ လူမှုစီးပွားဘဝ လုပ်ကိုင်စားသောက်လိုသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအနေဖြင့်လည်း သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များထံ စနစ်တကျသတင်းပို့၍ နေထိုင်နိုင်ရေး သက်ဆိုင်ရာမှ နှိုးဆော်ထားကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း ဌာနဆိုင်ရာဝန်ထမ်းများဖြင့် အစိုးရအုပ်ချုပ်မှုယန္တရားများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ အမြန်ဆုံးလည်ပတ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အောင်ပွဲရ တိုက်ပွဲဝင် မြန်မာ့တပ်မတော်သားများအား ဂုဏ်ယူစွာဖြင့် ရရှိသတင်းများကို ဖော်ပြအပ်ပါသည်။