မြန်မာနိုင်ငံစွမ်းအင်ကဏ္ဍအတွက် MTSH နှင့် တရုတ်နိုင်ငံ GCL SI ကုမ္ပဏီတို့ MoU ရေးထိုး

06/24/2025

မြန်မာနိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍအတွက် မြန်မာသီလဝါအက်(စ)အီးဇက် ဟိုးဒင်း ပတ်ဘလစ်ကုမ္ပဏီလီမိတက် (MTSH) နှင့် တရုတ်စွမ်းအင်ကုမ္ပဏီ GCL System Integration Technology Co., Ltd (GCL SI) တို့အကြား နားလည်မှုစာချွန်လွှာ (MOU) ကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

၎င်းနားလည်မှုစာချွန်လွှာ (MoU) အရ GCL SI ကုမ္ပဏီသည် MTSH နှင့်အတူ မြန်မာနိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစွမ်းရည် (၁၀၀) မဂ္ဂါဝပ်အထိရှိသော နေရောင်ခြည်ဓာတ်အားစနစ်များ (Floating Photovoltaic Power Plant နှင့် Centralized Photovoltaic Power Plant အပါအဝင်) တည်ဆောက်နိုင်မှုကို အတူတကွ ဆန်းစစ်သုံးသပ်ရန်နှင့် ပူးပေါင်းလုပ်ဆောင်မှုအဖွဲ့တစ်ခုကို တည်ထောင်၍ စီမံကိန်း၏ ဖြစ်နိုင်မှုကို ထိရောက်စွာ ဆန်းစစ်သုံးသပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

Golden Concord Holdings Limited (GCL Group) သည် တရုတ်နိုင်ငံ၏ ထင်ရှားသော စွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့ကာ ဟောင်ကောင်တွင် ဌာနချုပ် တည်ရှိသည်။

GCL ၏ အဓိကလုပ်ငန်းများမှာ သန့်ရှင်း၍ ပြန်လည်သုံးစွဲနိုင်သော စွမ်းအင်နည်းပညာများကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ နေရောင်ခြည်စွမ်းအင်ဆိုင်ရာပစ္စည်းများ (PV Materials) ထုတ်လုပ်ခြင်း၊ ရေနံနှင့် ဓာတ်ငွေ့ထုတ်လုပ်ခြင်း၊ Green Smart City များတည်ဆောက်ခြင်းနှင့် ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက်ခြင်း စသည်တို့ဖြစ်ကြသည်။

လက်ရှိအချိန်တွင် GCL SI အနေဖြင့် ကမ္ဘာတစ်ဝန်း၌ ဆိုလာစွမ်းအင်ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး တရုတ်ပြည်မကြီးတွင် မော်ဂျူးထုတ်လုပ်မှုစက်ရုံ (၃) ခုနှင့် ဗီယက်နမ်တွင် (၁) ခုတည်ထောင်ထားကာ ကြီးမားသော ထုတ်လုပ်မှုစွမ်းရည် 30 GW အပြင် စွမ်းဆောင်ရည်မြင့် ဆဲလ်စွမ်းရည် 10 GW ကိုလည်း ဖြည့်ဆည်းထားပြီးဖြစ်သည်။

ယခုကဲ့သို့ MTSH ကုမ္ပဏီလီမိတက်နှင့် GCL SI ကုမ္ပဏီလီမိတက်တို့အကြား ပူးပေါင်းလုပ်ဆောင်ခြင်း မှတစ်ဆင့် မြန်မာနိုင်ငံအတွင်း လျှပ်စစ်မီးထုတ်လုပ်မှုစီမံကိန်းများ၏ စီမံကိန်းဖြစ်နိုင်ချေလေ့လာမှုများ (Feasibility Study) ကို အတူတကွ ထိရောက်စွာ ဆန်းစစ်သုံးသပ်နိုင်မည်ဖြစ်သည့်အပြင် နည်းပညာ အထောက်အပံ့များစွာကို သင်ယူရရှိနိုင်မည်ဖြစ်ကာ MTSH အပါအဝင် ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီများ၊ တွဲဖက်ကုမ္ပဏီများ၏ လျှပ်စစ်လိုအပ်ချက်များကို ရရှိနိုင်မည်ဖြစ်ကြောင်း မြန်မာသီလဝါ အက်(စ)အီးဇက် ဟိုးဒင်း ပတ်ဘလစ်ကုမ္ပဏီလီမိတက် (MTSH) မှ သိရသည်။