TTTC (ဘယ်လင်း)တွင် အိန္ဒိယQuick Impact Projectဖြင့် Tar-Free and Dry Type Gasifierသုတေသနနှင့်EV နည်းပညာရှင်များ မွေးထုတ်ဆောင်ရွက်
- 7 views
06/27/2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇွန် ၂၂ ရက် မွန်းလွဲပိုင်းက နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင် ကောလိပ် (TTTC ဘယ်လင်း) EV အလုပ်ရုံကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်သူများ EV သုံးစွဲမှုများ သိသာစွာမြင့်တက်လာသဖြင့် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် နည်းပညာရှင်များ လိုအပ်ချက်ရှိလာသဖြင့် ယင်းကို EV သင်တန်းများဖြင့် ဖြည့်ဆည်းပေးနိုင်ရန်ဆောင်ရွက်လျက်ရှိပြီး EV သုံးစွဲသည့် ပြည်သူများ အမှန်တကယ် အားထားရသော နည်းပညာရှင်များ ဖြစ်စေရေးအတွက် အာရုံစူးစိုက်မှုအပြည့်ဖြင့် ကြိုးပမ်းလေ့ကျင့်ကြရန်လိုအပ်ကြောင်း မှာကြားခဲ့သည်။ ထို့နောက် စက်မှုအင်ဂျင်နီယာဌာန အလုပ်ရုံသို့သွားရောက်၍ အိန္ဒိယသမ္မတနိုင်ငံ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် Quick Impact Project အထောက်အပံ့ဖြင့် ဆောင်ရွက်သော Tar-Free and Dry Type Gasifier သုတေသနလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စပါးခွံလောင်စာနှင့် စွန့်ပစ်ပလတ်စတစ်လောင်စာများမှ လျှပ်စစ်ဓာတ်အား ထုတ်ယူသောစနစ်များ အသုံးပြုဆောင်ရွက်ရန်ရှိရာ စပါးခွံများနှင့် ပလတ်စတစ်များ စွန့်ပစ်မှုကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများကို လျှော့ချနိုင်ကြောင်း၊ Gasifier သုံးစွဲသည့်ပြည်သူများ၏ ကျန်းမာရေးနှင့်သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုး သက်ရောက်မှုဖြစ်စေသည့် အက်စစ်ဓာတ်၊ အဆိပ်ရှိသောရေနှင့် ကတ္တရာစေး စသော Gasification ဖြစ်စဉ်မှ ဘေးထွက်ပစ္စည်းများကို ဖယ်ရှားနိုင်သောစနစ်ဖြစ်သဖြင့် ရရှိသည့် ဓာတ်ငွေ့၊ စက်သုံးဆီ တို့ကို စနစ်တကျဓာတ်ခွဲစမ်းသပ်ရန်နှင့် မျှော်မှန်းသုတေသနရလဒ်များ ရရှိသည်အထိ ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရန်၊ ပြည်သူ့ဝန်ဆောင်မှုများပေးနေသည့် ဆန်စက်များနှင့် MSMEs များတွင်ပါ ဤစနစ်ကို အကျိုးရှိရှိ အသုံးချနိုင်ရေးလိုအပ်သည့် ဒီဇိုင်းတွက်ချက်မှုများကို ဆောင်ရွက်ရန်၊ သုတေသနရလဒ်များမှ နည်းပညာများကို ပြင်ပပုဂ္ဂလိက လုပ်ငန်းရှင်များက အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် နည်းပညာလွှဲပြောင်းမှုများ စနစ်တကျဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရှိရသည်။