အာဆီယံကော်မတီအစည်းအဝေးနှင့် အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းသည့်အခမ်းအနားသို့ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်

06/27/2025 

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းသည် အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa-ACO) ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ထိုင်းသံအမတ်ကြီး  Mr. Kallayana Vipattipumiprates ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် အော်တာဝါမြို့ရှိ ထိုင်းသံအမတ်ကြီး၏နေအိမ်၌  ကျင်းပပြုလုပ်သည့်  အာဆီယံကော်မတီ(အော်တာဝါ) သံရုံးအကြီးအကဲများ၏ (၂၉၁)ကြိမ်မြောက်အစည်းအဝေးနှင့်  ကော်မတီ ၏  အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းသည့်အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။ 

အစည်းအဝေးတွင် အာဆီယံသံရုံးအကြီးအကဲများက အာဆီယံ-ကနေဒါ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ဇူလိုင်လတွင်  မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌   ကျင်းပရန်ရှိသည့်  အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများ  အစည်းအဝေးဆိုင်ရာကိစ္စရပ်များနှင့် ကနေဒါနှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။ ထို့နောက် ထိုင်းသံအမတ်ကြီးက အာဆီယံကော်မတီ (အော်တာဝါ) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဗီယက်နမ်သံအမတ်ကြီး Mr. Vinh Quang Pham ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ အစည်းအဝေးအပြီးတွင် အာဆီယံသံရုံးအကြီးအကဲများနှင့် တရုတ်သံအမတ်ကြီး Mr. Wang Di တို့၏ အလုပ်သဘောနေ့လယ်စာစားပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။