နေပြည်တော်-ကျောက်ဖြူအဝေးပြေးလမ်းစီမံကိန်း အသေးစိတ်ဖြစ်တန်စွမ်း လေ့လာ ဆန်းစစ်မှု ဆောင်ရွက်လျက်ရှိ

07/10/2025

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် China Harbour Engineering Company Limited (CHEC) က နေပြည်တော်-ကျောက်ဖြူ အဝေးပြေးလမ်းစီမံကိန်း၏ ဆောင်ရွက်၍ရနိုင်သည့် လမ်းပိုင်းများတွင် အသေးစိတ် ဖြစ်တန်စွမ်း လေ့လာဆန်းစစ်မှုလုပ်ကိုင်နိုင်ရေး အဆိုပြုတင်ပြခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ခွင့်ပြုချက်ရရှိခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

နေပြည်တော်-ကျောက်ဖြူ အဝေးပြေးလမ်းစီမံကိန်းအတွက် စီမံကိန်းဖြစ်တန်စွမ်း လေ့လာဆန်းစစ်မှု (Feasibility Study) ဆောင်ရွက်ရန် တရုတ်-မြန်မာ နှစ်နိုင်ငံ သဘော တူညီချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် China Harbour Engineering Company Limited (CHEC) တို့သည် နားလည်မှုစာချွန်လွှာ (MoU) ကို ၂၀၁၈ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 တရုတ် - မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည် ဖော်ရေး ကော်မတီကို ၂၀၁၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဆိုပါကော်မတီအောက်ရှိ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့ ၁၂ ဖွဲ့တွင် ပါဝင်သော သယ်ယူပို့ဆောင်ရေး ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၏ အစည်း အဝေးများကို ၂၀၁၉ ခုနှစ်မှစ၍ တစ်နှစ်လျှင်တစ်ကြိမ် အလှည့်ကျကျင်းပလျက်ရှိကြောင်း သိရသည်။