(၅၈)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

07/11/2025

အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်မှ ၁၁ ရက် အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ (၅၈) ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိကြောင်း သိရသည်။ 

အဆိုပါအစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ခေတ္တအမြဲတမ်းအတွင်းဝန် ဦးဆောင်‌သော မြန်မာကိုယ်စားလှယ်အဖွဲ့က ပါဝင်တက်ရောက်ခဲ့ပြီး အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ကိုယ်စားလှယ်များနှင့် တီမောလက်စ်တေနိုင်ငံက လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့သည်။ 

အစည်းအဝေးပထမနေ့တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်များ တွေ့ဆုံပွဲ၊ အရှေ့တောင်အာရှနျူကလီယားလက်နက်ကင်းမဲ့ရေးဇုန် ကော်မရှင်အစည်း အဝေး တို့သို့ ပါဝင်တက်ရောက်ခဲ့သည်။ 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်ကိုယ်စားလှယ်များတွေ့ဆုံပွဲ၌ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်က နှစ်စဉ်အစီရင်ခံစာ ၂၀၂၅ နှင့်ပတ်သက်၍ တင်ပြခဲ့ပြီး ယင်းတင်ပြချက်များအပေါ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက တုံ့ပြန်ဆွေးနွေးခဲ့သည်။

အရှေ့တောင်အာရှနျူကလီယားလက်နက်ကင်းမဲ့ရေးဇုန် ကော်မရှင်အစည်းအဝေး၌ အရှေ့တောင်အာရှ နျူကလီယားလက်နက်ကင်းမဲ့ရေးဇုန်သဘောတူစာချုပ်အပေါ် ဖြည့်စွက် ချက်ကို အတည်ပြုခဲ့ပြီး အရှေ့တောင်အာရှဒေသ၌ နျူကလီယားလက်နက် ကင်းမဲ့ရေးနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်းသိရသည်။