မွမ်ဘိုင်းမှ ရန်ကုန်ဆိပ်ကမ်းသို့ ကုန်သွယ်မှုလမ်းကြောင်းသစ်တိုးချဲ့ရန်ဆွေးနွေး

07/16/2025

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၌ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့ချိတ်ဆက်၍ ကုန်သွယ်မှုလမ်းကြောင်းသစ်တိုးချဲ့ရန်အတွက် မြန်မာနိုင်ငံရှိတာဝန်ရှိသူများနှင့် ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ ညွှန်ကြားရေးမှူး Alexander Sergeevich Shatirov တို့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဥ် ရုရှားနိုင်ငံက အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့ ချိတ်ဆက်၍ ကုန်သွယ်မှုလမ်းကြောင်းသစ်တိုးချဲ့ရေး၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အရည်အသွေးကောင်းမွန်သော သဘာဝမြေဩဇာများ တင်သွင်းရေး၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်မှုများ မြှင့်တင်ဆောင်ရွက်ရေး၊ ငလျင်ဒဏ်ခံနိုင်သော ဆောက်လုပ်ရေးနည်းပညာများ မျှဝေရေးနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။