
မော်စကိုမြို့၌ ကျင်းပသည့် First World Public Assembly on New World of Conscious Unity သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်
09/25/2025
နေပြည်တော် စက်တင်ဘာ ၂၄
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၁ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ (International Day of Peace) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၀ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့သည့် First World Public Assembly on New World of Conscious Unity သို့ တက်ရောက်ခဲ့သည်။
စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညီလာခံဖွင့်ပွဲအခမ်းအနားသို့ ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံ ပေါင်းစည်းရေးဝန်ကြီး Mr. SERGEY GLAZYEV ၊ Commonwealth of Independent States (CIS) အတွင်းရေးမှူးချုပ် Mr. SERGEY LEBEDEV၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကဒေသတို့မှ ဝန်ကြီးများ၊ မြို့တော်ဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Secretary General of the World Peoples Assembly ဖြစ်သူ Mr. Andrey Belyaninov နှင့် တွေ့ဆုံဆွေးနွေးပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့သည်။
စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် Business Forum ကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးသည် အာရှ၊ အာဖရိက၊ ဥရောပနိုင်ငံများ၊ BRICS ၊ SCO များမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ဆွေးနွေးခဲ့သည်။
ယင်းဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူများ၏ ယုံကြည်မှုမှ စီးပွားရေးယုံကြည်မှုသို့ ပူးပေါင်း ဆောင်ရွက်မှုအခြေခံအုတ်မြစ်များ၊ From People Trust to Economic Trust (Humanitarian Foundations of Partnership) ခေါင်းစဉ်ဖြင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ၏ လူသားချင်း စာနာထောက်ထားမှုကိုအခြေခံသည့် လူသားများ၏ ယုံကြည်မှုဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ယုံကြည်စိတ်ချစွာ ဆောင်ရွက်နိုင်ရေး၊ ယင်းမှတစ်ဆင့် ရေရှည်တည်တံ့သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံအုတ်မြစ်တစ်ခုကို ဖန်တီးတည်ဆောက်နိုင်ရေးစသည်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် The Role of Business in Economic Integration amid Global Changes ခေါင်းစဉ်ဖြင့် Panel Session ကို ကျင်းပရာ BRICS အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံအချို့က ကမ္ဘာလုံးဆိုင်ရာပြောင်းလဲမှုများကြားတွင် စီးပွားရေးတိုးတက်မှုအတွက် နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုများကို အလေးထားဆွေးနွေးခဲ့ကြပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် လက်တွေ့ကျသော အကြံပြုချက်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးဖော်ထုတ်ခဲ့ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညီလာခံခန်းမကြီး၌ ကျင်းပသည့် ညီလာခံပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ညီလာခံကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး ညီလာခံသို့ နိုင်ငံပေါင်း ၁၅၀ ကျော်မှ လူထုအကြား ထင်ပေါ်ကျော်ကြားသည့်ပုဂ္ဂိုလ်များ၊ နိုဘယ်ဆုရပုဂ္ဂိုလ်များ၊ အစိုးရနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သံတမန်များ၊ သိပ္ပံပညာရှင်များ၊ ပညာရေးနှင့် ယဉ်ကျေးမှုနယ်ပယ်တို့မှ ပညာရှင်များ၊ လူငယ်ခေါင်းဆောင်များ၊ အားကစားသမားများ၊ အာကာသယာဉ်မှူးများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံတကာမှ လူသိများသည့် သတင်းမီဒီယာများမှ သတင်းသမား စုစုပေါင်း ၅၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
စက်တင်ဘာ ၂၂ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်၌ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ Mr. SHOLBAN KARO-OOL နှင့် တွေ့ဆုံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှင့် မြန်မာနိုင်ငံတွင် မကြာမီကျင်းပမည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်နှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကူညီဆောင်ရွက်ပေးနိုင်သည့် အခြေအနေများကိုဆွေးနွေးကြပြီး ဒူးမားလွှတ်တော်ရှိ ပြတိုက်အတွင်း လေ့လာခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် Russian Presidential Academy မှ Vice Rector ဖြစ်သူ Mr. Andrey Margolin ၏ ဖိတ်ကြားမှုအရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌနှင့်အတူ Russian Presidential Academy of National Economy and Public Administration (RANEPA) သို့ သွားရောက်ပြီး Economic Development of Myanmar ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး တက္ကသိုလ်ဝင်းအတွင်းရှိ စာသင်ဆောင်များနှင့် အဆောက်အအုံများကို လေ့လာကြည့်ရှုသည်။
စက်တင်ဘာ ၂၃ ရက် ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

ကမ္ဘာ့ဝတ်စားဆင်ယင်မှုပြပွဲတွင် ခေတ် (၄) ခေတ်၏ မြန်မာ့ရိုးရာဝတ်စုံများအား တင်ဆက်ပြသ
09/25/2025
ကမ္ဘာ့ဝတ်စားဆင်ယင်မှုပြပွဲ (Costumes of the World Show) ကို ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် International Cultural Diversity Organization (ICDO) က ကြီးမှူး၍ ၂၃-၉-၂၀၂၄ ရက်တွင် ဗီယင်နာမြို့တော်ခန်းမ (Festsaal Rathaus)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဗီယင်နာပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့တော်ကောင်စီ အဖွဲ့ဝင်များ ဖြစ်သော Mr. Alexander Ackerl နှင့် Ms. Aslihan Bozatemur၊ ဝတ်စားဆင်ယင်မှု တင်ဆက်သည့်နိုင်ငံများမှ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းနှင့် အခြားသံအမတ်ကြီးများ၊ ယဉ်ကျေးမှုသံအရာရှိများနှင့် ပရိသတ်ရာပေါင်းများစွာ တက်ရောက်အားပေးခဲ့သည်။
အဆိုပါဝတ်စားဆင်ယင်မှုပြပွဲတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံက ၎င်းတို့၏ ရိုးရာဝတ်စားဆင်ယင်မှုများ၊ ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ပြသခဲ့ကြပြီး၊ ဗီယင်နာမြို့၊ မြန်မာသံရုံးမှ ပုဂံခေတ်၊ အင်းဝခေတ်၊ ကိုလိုနီခေတ်အလွန်နှင့် မျက်မှောက် ခေတ်တို့၏ မြန်မာ့ရိုးရာဝတ်စုံများဖြင့် တင်ဆက်ပြသခဲ့ကြောင်း သိရသည်။

မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍတွင် AI အသုံးပြုနိုင်ရေး တရုတ် ဟွာဝေးကုမ္ပဏီနှင့် ဆွေးနွေး
09/24/2025
ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဟွာဝေးကွန်ရက် ၂၀၂၅ ကို တရုတ်နိုင်ငံတွင် စက်တင်ဘာလ (၁၅)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။
ယင်း အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဘဏ် လုပ်ငန်း ကဏ္ဍတွင် ဉာဏ်ရည်တုနည်းပညာ (AI) အသုံးပြုနိုင်ရေး လိုအပ်သည့် အခြေအနေများနှင့် Cloud Computing နည်းပညာကို မိမိတို့လုပ်ငန်းတွင် အသုံးချခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေ အန္တရာယ်များ လျော့နည်းစေရေး ဆောင်ရွက်ရမည့် ထိန်းချုပ်မှုလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။
ထို့ပြင် ဟွာဝေး Global Cyber Security Transparency Center တွင် ဟွာဝေး၏ ထုတ်ကုန်များ၊ ဆော့ဖ်ဝဲလ်များနှင့် လုံခြုံရေးလုပ်ငန်းစဉ်များကို ကမ္ဘာ့အဖွဲ့အစည်းများ စစ်ဆေးနိုင်ရေးနှင့် ဆိုက်ဘာ လုံခြုံမှုပိုင်းဆိုင်ရာ Third Party Testing များ ပြုလုပ်နိုင်မှု၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အကောင်းဆုံး အလေ့အကျင့်များ၊ Internet of Things (IoT) ဆိုင်ရာ လုံခြုံရေးစနစ်များ၊ BOC၊ ICBC ဘဏ်များနှင့် ဟွာဝေးနည်းပညာကုမ္ပဏီတို့ ပူးပေါင်းပြီး တရုတ်နိုင်ငံရှိ ဘဏ်များတွင် ဆောင်ရွက်ခဲ့သည့် Smart Banking၊ Digital Banking များကို AI နည်းပညာများနှင့် အကောင်အထည်ဖော်ခဲ့မှု အတွေ့အကြုံများကို ဖလှယ်ခဲ့ကြသည်။
ထို့ပြင် တရုတ်နိုင်ငံ၏ ဘဏ်အချင်းချင်း နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစနစ် (CIPS) မြန်မာဘဏ်များ ပါဝင်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ပြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံကြား ငွေပေးချေမှုကိစ္စရပ်များတွင် အထောက်အကူဖြစ်စေနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပြောကြားထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုက်စညိနိုဂိုရပ်ဖ်မြို့၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့လူငယ်ပွဲတော်ညီလာခံသို့ တက်ရောက်
09/24/2025
ရန်ကုန် စက်တင်ဘာ ၂၃
မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ဦးဆောင်သည့် မြန်မာလူငယ်ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုက်စညိနိုဂိုရပ်ဖ်မြို့၌ ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့လူငယ်ပွဲတော်ညီလာခံသို့ တက်ရောက်ခဲ့သည်။
ကြည့်ရှုလေ့လာ
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် Nizhny Novgorod Fair ခန်းမ၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့လူငယ်ပွဲတော်ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကမ္ဘာတစ်ဝန်း လုံးရှိ လူငယ်များနှင့် တွေ့ဆုံနှုတ်ဆက်ကာ စက်တင်ဘာ ၁၈ ရက်တွင် နိုင်ငံတကာရှိ လူငယ်များ၏ မီဒီယာကဏ္ဍ၊ စက်မှုတီထွင်နိုင်စွမ်းကဏ္ဍ၊ ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုကဏ္ဍ၊ ပညာရေးနှင့်သိပ္ပံကဏ္ဍ၊ စွန့်ဦးတီထွင်မှုကဏ္ဍ၊ အားကစားကဏ္ဍနှင့် သတင်းအချက်အလက်နည်းပညာကဏ္ဍများတွင် ကဏ္ဍအလိုက်လှုပ်ရှားဆောင်ရွက်မှုများကို လိုက်လံ ကြည့်ရှုလေ့လာခဲ့ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရုရှားနိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ Nizhny Novgorod Fair တွင်ကျင်းပသည့် လူငယ်များ၏စကားဝိုင်း အခမ်းအနားအစီအစဉ်သို့ တက်ရောက်ခဲ့ပြီး စကားဝိုင်းအခမ်းအနားတွင် မြန်မာနိုင်ငံ လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးရာ နိုင်ငံတကာမှ လူငယ်အဖွဲ့အစည်းများ၊ အစိုးရဌာနများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများက မြန်မာလူငယ်များအနေဖြင့် အာဆီယံနှင့် နိုင်ငံတကာလူငယ်အစီအစဉ်များ၊ ပြိုင်ပွဲများနှင့်ဆွေးနွေးပွဲများတွင် တက်ရောက်နိုင်ရေးအတွက် အခွင့်အလမ်းများကို ပူးပေါင်းဖန်တီးဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ လူငယ်များ၏ စွမ်းဆောင်ရည် မြင့်မားစေရန်နှင့် ကိုယ်ပိုင်အတွေးအခေါ်များ တိုးတက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းအစီအစဉ်များ၊ လူမှုအကျိုးပြု စေတနာ့ဝန်ထမ်းလုပ်ငန်းအစီအစဉ်များကိုပါ ထည့်သွင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းလူငယ်များအပါအဝင် လူငယ်များအား နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာပါဝင်နိုင်စေရန်အတွက် တိုက်တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး အရည်အသွေးပြည့်ဝသည့် ပညာရေးစနစ်၊ အလုပ်အကိုင်အခွင့်အလမ်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အားကစားနှင့်အပန်းဖြေမှု၊ ပြည်သူ့အကျိုးပြု လုပ်ငန်းနှင့်နိုင်ငံ့သားကောင်းဖြစ်မှု၊ ကျား/မတန်းတူညီမျှမှုနှင့် လူ့အခွင့်အရေးအစရှိသည့် ကဏ္ဍစုံများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးခဲ့သည်။
အဆိုပါ ကမ္ဘာ့လူငယ်ပွဲတော်ညီလာခံ အခမ်းအနားသို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၀ မှ လူငယ်ကိုယ်စားလှယ် ၂၀၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြသည်။
ဒုတိယဝန်ကြီးသည် စက်တင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Egor LITVINENKO, Deputy Head of the Federal Agency for youth Affairs နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံအနေဖြင့် လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဘက်ဘက်မှ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားရာ ရုရှားနိုင်ငံမှ Egor LITVINENKO, Deputy Head of the Federal Agency for youth Affairs ကလည်း လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိတို့နိုင်ငံအနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

ဒုတိယဝန်ကြီး ဦးအောင်မြိုင် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဒုတိယအကြိမ် နိုင်ငံတကာနည်းပညာကွန်ဂရက်သို့ တက်ရောက်
09/22/2025
နေပြည်တော် စက်တင်ဘာ ၂၁
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသည့် ဒုတိယအကြိမ် နိုင်ငံတကာ နည်းပညာကွန်ဂရက် (The Second International Technology Congress-ITC) သို့ တက်ရောက်ရန် စက်တင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့မှ ရုရှားနိုင်ငံ မော်စကိုမြို့ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ပြီး စက်တင်ဘာ ၂၀ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
နိုင်ငံတကာနည်းပညာကွန်ဂရက်ကို ရုရှားနိုင်ငံ မော်စကိုမြို့ရှိ Patriot Expo တွင် သုံးရက် ကြာ ကျင်းပပြုလုပ်ခဲ့ပြီး ကွန်ဂရက်တွင် မျက်နှာစုံညီအစည်းအဝေး (Plenary Session) များ၊ ခေါင်းစဉ်အလိုက် ပြုလုပ်သည့် နည်းပညာဖိုရမ်များ၊ နည်းပညာသစ်များကို သရုပ်ဖော်ပြသသည့် Demonstration Session များကို သီးခြားစီပြုလုပ်ခဲ့သည်။ ကွန်ဂရက်ကာလအတွင်း ရုရှားနိုင်ငံမှ နည်းပညာကုမ္ပဏီကြီးများကလည်း ပြခန်းများ ဖွင့်လှစ်ပြသခဲ့သည်။
အဖွင့်မိန့်ခွန်းပြောကြား
ဒုတိယအကြိမ် နိုင်ငံတကာနည်းပညာကွန်ဂရက်၏ International Plenary Session ကို ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organisation) ၏ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေနှင့် စိတ်ချယုံကြည်ရသည့် နည်းပညာများ (Digital Compass. Partner Dialogue: course towards trusted technologies) ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၁၆ ရက် မွန်းတည့် ၁၂ နာရီတွင် ကျင်းပရာ ဒုတိယဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။
ဒုတိယအကြိမ် နိုင်ငံတကာ နည်းပညာကွန်ဂရက်၏ “International cooperation for the development of next-generation industrial automation systems forum” ကို စက်တင်ဘာ ၁၇ ရက် မွန်းတည့် ၁၂ နာရီတွင် ကျင်းပရာ ဒုတိယဝန်ကြီးက စက်မှုလုပ်ငန်းများတွင် လူသားကြီးကြပ်မှုမလိုဘဲ အလိုအလျောက်ဆောင်ရွက်သည့် automation စနစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ပံ့ပိုးဆောင်ရွက်ရမည့် အကြောင်းအရာများခေါင်းစဉ်ဖြင့် အမှာစကားပြောကြားသည်။
ဒုတိယအကြိမ် နိုင်ငံတကာ နည်းပညာကွန်ဂရက်၏ ဒုတိယအကြိမ် International Plenary Session ကို လုပ်သားများ၏ ထုတ်လုပ်မှုအား မြှင့်တင်ပေးရာတွင် နည်းပညာသစ်များ၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် စက်တင်ဘာ ၁၈ ရက်တွင် ကျင်းပရာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားသည်။
ထည့်သွင်းဆွေးနွေး
အစည်းအဝေးများတွင် ဒုတိယဝန်ကြီးက စိတ်ချယုံကြည်ရသည့် နည်းပညာများ (trusted technologies) ကို မြန်မာနိုင်ငံအပါအဝင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် မိတ်ဖက်နိုင်ငံများအားလုံး ပါဝင်အသုံးပြုနိုင်စေရန် အချက်များကိုလည်းကောင်း၊ ဆိုက်ဘာလုံခြုံရေး မြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စများကိုလည်းကောင်း၊ စက်မှုလုပ်ငန်းသုံး အလိုအလျောက်စနစ်ကို အားလုံးပါဝင်နိုင်သည့်ပုံစံမျိုးဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ဆောင်ရွက်ရမည့်အချက်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်နည်းပညာနှင့် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အပါအဝင် နိုင်ငံတကာနှင့် လက်တွဲပြီး ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများကိုလည်းကောင်း ထည့်သွင်းဆွေးနွေးသည်။
ဒုတိယအကြိမ် နိုင်ငံတကာနည်းပညာကွန်ဂရက်သို့ တက်ရောက်နေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီတွင် ပြုလုပ်သည့် ရုရှား-အာဆီယံ နည်းပညာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့လည်း ပါဝင်တက်ရောက်ပြီး ဒစ်ဂျစ်တယ်စီးပွားရေး၊ ဆိုက်ဘာလုံခြုံရေး၊ ဂြိုဟ်တုဆက်သွယ်ရေး၊ အီးကောမာ့စ်၊ အိုင်တီပစ္စည်းများနှင့် Software ထုတ်လုပ်သည့် ကဏ္ဍများတွင် အာဆီယံနှင့် ရုရှားနိုင်ငံတို့အကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို အာဆီယံနိုင်ငံများကိုယ်စား ပါဝင်ဆွေးနွေးသည်။
ဒုတိယဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဒုတိယအကြိမ် နိုင်ငံတကာ နည်းပညာကွန်ဂရက်တွင် ပြသထားသည့် ပြခန်းများသို့ ရုရှားနိုင်ငံ စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် လှည့်လည်ကြည့်ရှုရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုများအပေါ် ပြန်လည်ဆွေးနွေးခဲ့သည်။
ယခုနှစ် ပြုလုပ်သည့် နိုင်ငံတကာနည်းပညာကွန်ဂရက်သို့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ် စုစုပေါင်း ၄၀၀ ကျော် ပါဝင်တက်ရောက်ကြောင်း သိရသည်။
သတင်းစဉ်

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် အဆင့်မြင့်ပညာကဏ္ဍမြှင့်တင်ရေးနှင့် ကျောင်းသား၊ ဆရာဖလှယ်ရေး နိုင်ငံတကာညီလာခံ တက်ရောက်
နေပြည်တော် စက်တင်ဘာ ၂၀
အိန္ဒိယနိုင်ငံတမီးလ်နာဒူပြည်နယ် Vellore မြို့ Vellore Institute of Technology (VIT) ၌ စက်တင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိကျင်းပခဲ့သော အဆင့်မြင့်ပညာကဏ္ဍမြှင့်တင်ရေးနှင့် ကျောင်းသား၊ ဆရာဖလှယ်ရေး နိုင်ငံတကာညီလာခံသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းကကျင်းပသော ညီလာခံဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက VIT တက္ကသိုလ်နယ်မြေခွဲ ငါးခုအနက် ကျောင်းသားပေါင်း ၄၇၀၀၀ တက်ရောက်လျက်ရှိသည့် ယခု Vellore မြို့ တက္ကသိုလ်၏အရည်အသွေးမြင့် သင်ကြားနည်းစနစ်များ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုများသည် အဆင့်မြင့်ပညာကဏ္ဍမြင့်မားတိုးတက်ရေးအတွက် အတုယူဖွယ်ရာ နမူနာကောင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲက အေအိုင်နည်းပညာကို ကျယ်ပြန့်စွာအသုံးချရန်လမ်းညွှန်ထားရာ သင်ကြားသင်ယူမှုနှင့် ကျောင်းသားများ၏ ပရောဂျက်များတွင် အေအိုင်နည်းပညာကို ပေါင်းစပ်အသုံးပြုခြင်းအားဖြင့် အဆင့်မြင့်ပညာကဏ္ဍကို မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
အဆိုပါညီလာခံသို့ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ကိုယ်စားလှယ် ၁၅၀ ခန့် တက်ရောက်ကြပြီး အဆင့်မြင့်ပညာကဏ္ဍနှင့်စပ်လျဉ်း၍ ခေါင်းစဉ်အလိုက် ဆွေးနွေးခဲ့ကြကာ ဒုတိယဝန်ကြီးက VIT တက္ကသိုလ်၏ နှစ်(၄၀) ပြည့် အထိမ်းအမှတ်သစ်ပင်ကို စိုက်ပျိုးပေးသည်။
စက်တင်ဘာ ၁၉ ရက်တွင် ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့က VIT တက္ကသိုလ်ရှိ သုတေသနဓာတ်ခွဲခန်းများ၊ စာသင်ခန်းများ၊ စာကြည့်တိုက်နှင့်အထပ်မြင့် ကျောင်းသား ကျောင်းသူ အိပ်ဆောင်များကို သွားရောက်ကြည့်ရှုလေ့လာကြသည်။
ထို့နောက် တက္ကသိုလ်တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး VIT ပါရဂူ ဘွဲ့သင်တန်းများတွင် တက်ရောက်နိုင်ရန် မြန်မာနိုင်ငံရှိ တက္ကသိုလ်များအား ပညာတော်သင်ဆုများ ချီးမြှင့်ရေးနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပေကျင်းမြို့ရှိ စစ်ဘက်နည်းပညာဆိုင်ရာ ကုမ္ပဏီများအား လှည့်လည်ကြည့်ရှုလေ့လာ
နေပြည်တော် စက်တင်ဘာ ၂၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင်ရောက်ရှိနေသော နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၉ ရက် နေ့ (12th Beijing Xiangshan Forum) ဒုတိယနေ့ (နောက်ဆုံးနေ့) စုံညီအစည်းအဝေး တတိယပိုင်းနှင့် စတုတ္ထပိုင်း (3rd and 4th Plenary Session) တို့သို့ ဆက်လက်တက်ရောက်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့ ညနေပိုင်းများတွင် ပေကျင်းအခြေစိုက် စစ်ဘက်ဆိုင်ရာ အဆင့်မြင့်စက်မှုနည်းပညာဆိုင်ရာကုမ္ပဏီများသို့ သွားရောက်လေ့လာခဲ့ပြီး မောင်းသူမဲ့လေယာဉ်ထုတ်လုပ်မှုများ၊ လေကြောင်းနည်းပညာဆိုင်ရာပစ္စည်းများ၊ အီလက်ထရောနစ်စစ်ဆင်ရေးနှင့် လေကြောင်းရန်ကာကွယ်ရေးနည်းပညာဆိုင်ရာ စစ်လက်နက်ပစ္စည်းများကို လေ့လာကြည့်ရှုခဲ့ပြီး နည်းပညာပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများကို ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြန်မာသံရုံးသို့သွားရောက်၍ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) နှင့် မြန်မာသံရုံး၊ စစ်သံရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ၊ မိသားစုများ၊ ပေကျင်းမြို့ရှိသင်တန်းကျောင်းများတွင် သင်တန်းတက်ရောက်နေကြသည့် သင်တန်းသားများနှင့်တွေ့ဆုံကာ နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ၎င်းတို့အတွက် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် ပေကျင်းမြို့ရှိ Capital လေဆိပ်မှတစ်ဆင့် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြရာ ညပိုင်းတွင် မြန်မာနိုင်ငံရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။

(၈) ကြိမ်မြောက် တရုတ်-မြန်မာ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်
နေပြည်တော် စက်တင်ဘာ ၂၀
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနဝန်ကြီး H.E. Mr. Wang Xiaohong ၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့၌ ကျင်းပပြုလုပ်သည့် (၈)ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေး၊ လန်ချန်း-မဲခေါင်တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးနှင့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်(၂၀၂၅)သို့ တက်ရောက်ခဲ့သည်။
စက်တင်ဘာ ၁၄ ရက် ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လေကြောင်းခရီးဖြင့် ကွမ်ကျိုးမြို့မှတစ်ဆင့် ပေကျင်းမြို့သို့ရောက်ရှိသည်။
စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ Rui An ဟိုတယ်၌ ကျင်းပပြုလုပ်သည့် (၈)ကြိမ်မြောက် တရုတ်-မြန်မာ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးသို့တက်ရောက်၍ နှစ်နိုင်ငံလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြီး အစည်းအဝေးသဘောတူညီမှုမှတ်တမ်းကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ညနေပိုင်းတွင် လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးသို့ ဒေသတွင်းနိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ပြီး ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး၊ လန်ချန်း-မဲခေါင် နိုင်ငံများအကြား အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုပိုမိုမြင့်မားလာစေပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးစသည့် ကိစ္စရပ်များကိုဆွေးနွေးပြီး ညပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Wang Xiaohong က တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ စက်တင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လုံခြုံရေး ဆိုင်ရာနည်းပညာပြပွဲနှင့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်(၂၀၂၅)သို့ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်အတူတက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးနယ်ပယ်တွင် လက်တွေ့ဆန်သော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရေး၊ သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေး ဆိုင်ရာစိန်ခေါ်မှုများကို နိုင်ငံပေါင်းစုံ အတူတကွ လက်တွဲပူးပေါင်းတိုက်ဖျက်ရေး၊ သတင်းအချက်အလက် ဖလှယ်ရေး၊ အငြင်းပွားမှုများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရေးစသည်တို့ကို အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
စက်တင်ဘာ ၁၈ ရက် ညပိုင်းတွင် ရှန်ဟိုင်းမြို့သို့ရောက်ရှိကာ စက်တင်ဘာ ၁၉ ရက်တွင် ရှန်ဟိုင်းမြို့ ပြည်သူ့လုံခြုံရေးဦးစီးဌာန၏ Pu Tuo ခရိုင်ရဲဌာနချုပ် သို့ သွားရောက်၍ ရာဇဝတ်မှုခင်းစစ်ဆေးခြင်းနှင့်စပ်လျဉ်းသော ရဲလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များကို ကြည့်ရှုလေ့လာခဲ့ပြီး စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံဝန်ကြီးဌာနနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ လန်ချန်း-မဲခေါင်ဒေသတွင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ ကမ္ဘာ့ဒေသအသီးသီးမှ နိုင်ငံများနှင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ဆိုင်ရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေး မှုများအရလည်းကောင်း အပြုသဘောဆောင်သည့် ရလဒ်များရရှိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တုန်းကွမ်မြို့၊ ရှန်ကျန့်မြို့နှင့် ရှန်ဟိုင်းမြို့တို့၌ ကျင်းပသည့် ဒစ်ဂျစ်တယ် Banking ၊ ဆိုက်ဘာလုံခြုံရေးနှင့် Cloud Service များ ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ တက်ရောက်
နေပြည်တော် စက်တင်ဘာ ၂၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိကျင်းပခဲ့သည့် ဒစ်ဂျစ်တယ်တရုတ်ယွမ်ငွေဆိုင်ရာ ဒစ်ဂျစ်တယ် Banking၊ ဆိုက်ဘာလုံခြုံရေးနှင့် Cloud Service များ ဆက်စပ်အစည်းအဝေးများဖြစ်သည့် ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုဆိုင်ရာ ဟွာဝေးကွန်ရက် ၂၀၂၅ အစည်းအဝေးများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးများတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဗဟိုဘဏ်၏ နိုင်ငံခြားငွေစီမံခန့်ခွဲမှုနှင့် ထိန်းချုပ်မှုဆိုင်ရာမူဝါဒများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ နိုင်ငံတကာတွင် တရုတ်နိုင်ငံ၏ငွေကြေးဖြစ်သည့် ယွမ်မင်ဘီနှင့်ပတ်သက်၍ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းခြင်း၊ ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပြည်သူအတွက် ယုံကြည်စိတ်ချရသော ဒစ်ဂျစ်တယ်ငွေကြေးလိုအပ်ချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် တရုတ်ယွမ်မင်ဘီ ငွေကြေးအား ဒစ်ဂျစ်တယ်ငွေကြေးပုံစံဖြင့် ဆောင်ရွက်မည့်စီမံကိန်းများ၊ Bitcoin ကဲ့သို့သော Crypto-currencies အမျိုးမျိုး အသုံးပြုကြခြင်းကြောင့် ငွေကြေးယုံကြည်စိတ်ချရမှု အားနည်းခြင်းနှင့် ငွေလဲလှယ်နှုန်း အတက်အကျများခြင်း စသည့်အခက်အခဲများ ရင်ဆိုင်နေရသည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် Bank of China (BOC)နှင့် Industrial Commercial Bank of China (ICBC) တို့သည် တရုတ်နိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍတွင် Retail Banking၊ Corporate Banking Financial Market Services နှင့် International Banking Services စသည့်ငွေရေးကြေးရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေနှင့် တရုတ်နိုင်ငံ၏ဘဏ်အချင်းချင်း နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုစနစ် (China’s Cross-border Interbank Payment System – CIPS) များကိုဆွေးနွေးခဲ့ပြီး CIPS တွင် မြန်မာဘဏ်များပါဝင်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ပြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံကြား ငွေပေးချေမှုကိစ္စရပ်များတွင် အထောက်အကူဖြစ်စေမည်ဖြစ်သည်။
ထို့နောက် ဆက်စပ်အစည်းအဝေးများဖြစ်သည့် တရုတ်နိုင်ငံရှန်ကျန့်မြို့နှင့် ရှန်ဟိုင်းမြို့တို့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းများတွင် အိုင်တီထုတ်ကုန်များ (IT Solution Product) များ၊ အိုင်တီအခြေခံအဆောက်အအုံများ (IT Infrastruct-ure) များ အဓိကဝန်ဆောင်မှုပေးနေသည့် ဟွာဝေးကုမ္ပဏီ၏ ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးသို့တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် Artificial Intelligence (AI) နည်းပညာသည် အစိုးရကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်နှင့် လျှပ်စစ်စွမ်းအားကဏ္ဍ၊ ကျန်းမာရေးနှင့် ပြည်သူများအား ဝန်ဆောင်မှုပေးနေသည့် ကဏ္ဍများတွင် AI အသုံးပြုလျက်ရှိသည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် AI နည်းပညာကို ဘဏ်များတွင် Customer Service ပေးသည့် နယ်ပယ်တွင်လည်းကောင်း၊ Risk Management ဆိုင်ရာနယ်ပယ်များဖြစ်သည့် Credit Assessment ပြုလုပ်ရာတွင်လည်းကောင်း၊ ငွေကြေးမသမာမှု (Fraud Prevention) နှင့် Transaction Monitoring ဆောင်ရွက်ရာတွင် AI နည်းပညာဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍတွင် AI အသုံးပြုနိုင်ရေး လိုအပ်သည့်အခြေအနေများနှင့် Cloud Computing နည်းပညာအား မိမိတို့လုပ်ငန်းတွင် အသုံးချခြင်း အားဖြင့်ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေအန္တရာယ်များ လျော့နည်းစေရေးဆောင်ရွက်ရမည့် ထိန်းချုပ်မှုလုပ်ငန်းစဉ်များ၊ ဟွာဝေး Global Cyber Security Transparency Center ၌ ဟွာဝေး၏ထုတ်ကုန်များ၊ ဆော့ဖ်ဝဲလ်များနှင့်လုံခြုံရေးလုပ်ငန်းစဉ်များကို ကမ္ဘာ့အဖွဲ့အစည်းများ စစ်ဆေးနိုင်ရန်၊ ဆိုက်ဘာလုံခြုံရေးပိုင်းဆိုင်ရာ Third Party Testing များ ပြုလုပ်နိုင်မှု ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အကောင်းဆုံးအလေ့အကျင့် များ (Best Practices)၊ Internet of Things (IoT) ဆိုင်ရာလုံခြုံရေးစနစ်များကို ဆွေးနွေးခဲ့ကြပြီး BOC ၊ ICBC ဘဏ်များနှင့် ဟွာဝေးနည်းပညာကုမ္ပဏီတို့ပူးပေါင်း၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ဘဏ်များတွင် ဆောင်ရွက်ခဲ့သော Smart Banking ၊ Digital Banking များအား AI နည်းပညာဖြင့် အကောင်အထည်ဖော်ခဲ့မှု အတွေ့အကြုံများကို ဆွေးနွေးဖလှယ်ခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတင်းရရှိသည်။
သတင်းစဉ်

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် (၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုညီလာခံသို့ ဒုတိယဝန်ကြီး ဒေါ်နုမြဇံဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
နေပြည်တော် စက်တင်ဘာ ၁၈
ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သော (၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုညီလာခံသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့သည်။
ညီလာခံကို "Return to Culture, New Opportunities" ဟူသော ခေါင်းစဉ်ဖြင့်ကျင်းပခဲ့ခြင်းပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ယဉ်ကျေးမှုဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အနုပညာရှင်များနှင့် ယဉ်ကျေးမှုလေ့လာအကဲ ဖြတ်သူများ တက်ရောက်ဆွေးနွေးကြသည်။
စက်တင်ဘာ ၁၀ ရက်က ဒုတိယဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စိန့်ပီတာစဘတ်မြို့ရှိ Saint ISACC’s Cathedral နှင့် Kazansky Cathedral အမည်ရှိ ရှေးဟောင်းဘုရားရှိခိုးကျောင်းများ၏ ဗိသုကာလက်ရာများ၊ ရှေးဟောင်းအမွေအနှစ်လက်ရာများအား ရှေးမူမပျက်ထိန်းသိမ်းထားရှိမှုကို လှည့်လည်ကြည့်ရှု လေ့လာခဲ့သည်။
ထို့နောက် ကမ္ဘာပေါ်ရှိ အကြီးဆုံးယဉ်ကျေးမှုပြတိုက်ကြီးများတွင် တစ်ခုအပါအဝင်ဖြစ်သော စိန့်ပီတာစဘတ်မြို့ရှိ Hermitage Museum ၌ ခင်းကျင်းပြသထားသည့် ရုရှားအနုပညာဆိုင်ရာပစ္စည်းများ၊ နန်းတော်အသုံးအဆောင်ပစ္စည်းများ၊ ရှေးဟောင်းစစ်ဘက် ဆိုင်ရာအသုံးအဆောင်များ၊ ဥရောပအနုပညာပစ္စည်းများ၊ Leonardo da Vinci, Rembrandt, Raphael စသည့် ကမ္ဘာကျော်ပန်းချီဆရာများ၏ ပန်းချီကားများ၊ အရှေ့ တိုင်းယဉ်ကျေးမှု ရှေးဟောင်း ပစ္စည်းများနှင့် အီဂျစ်ယဉ်ကျေးမှု ရှေးဟောင်းပစ္စည်းများကို ကြည့်ရှုလေ့လာရာ ပြတိုက်တာဝန်ရှိသူများက ရှင်းလင်းပြသပြီး ဒုတိယဝန်ကြီးက ပြတိုက်ခင်းကျင်းမှုနည်းစနစ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
စက်တင်ဘာ ၁၁ ရက်က ဒုတိယဝန်ကြီးသည် Marble Palace ရှိ Russian Museum ၌ ကျင်းပသည့် ယဉ်ကျေးမှုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၏ အစည်းအဝေးသို့ နိုင်ငံပေါင်းစုံမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ပြီး ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍအသီးသီးကို ဆွေးနွေးတင်ပြခဲ့ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်းရှိသည့် မြန်မာနိုင်ငံသည် ရှေးဟောင်းပျူခေတ်နှင့် ပုဂံခေတ်ယဉ်ကျေးမှုမှစတင်၍ မျက်မှောက်ခေတ် တိုင်းရင်းသားလူမျိုးများအားလုံး၏ သက်ဝင်လှုပ်ရှားရှင်သန်လျက်ရှိသည့် အမွေအနှစ်များအထိ ယဉ်ကျေးမှုအစဉ်အလာများ စုစည်းတည်ရှိရာ အရပ်ဒေသတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် ယဉ်ကျေးမှုဖလှယ်ခြင်းဟူသည် အနုပညာနှင့် ဓလေ့ရိုးရာ အစဉ်အလာများကို မျှဝေရုံသက်သက်သာမဟုတ်ဘဲ စိတ်နှလုံးသားအချင်းချင်း ဆွေးနွေးခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း၊ လူသားမျိုးနွယ် တစ်ရပ်လုံး၏ တန်ဖိုးရှိလှသည့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခံရရန်၊ လေးစားဂုဏ်ယူမြတ်နိုးရန်၊ အနာဂတ်မျိုးဆက်သစ်များအား လက်ဆင့်ကမ်းနိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် အခြားသော နိုင်ငံများနည်းတူ ပူးပေါင်းဆောင်ရွက်သွားရန်အသင့်ရှိကြောင်း၊ စုပေါင်းကြိုးပမ်းမှုများသည် ကမ္ဘာကြီးတစ်ခုလုံးအတွက် ယဉ်ကျေးမှုဆိုင်ရာ စည်းလုံးမှု၊ အပြန်အလှန်လေးစားမှုနှင့် ငြိမ်းချမ်းရေးအတွက် လမ်းပြကြယ်ပင် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက Hermitage General Staff Building ၌ ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Tatyana Golikova ဦးဆောင်ကျင်းပသည့် အစည်းအဝေး (Final Session)သို့ တက်ရောက်ရာ ရုရှားနိုင်ငံယဉ်ကျေးမှုဝန်ကြီး Mrs. Olga Liubimova က အဖွင့်အမှာစကား ပြောကြားပြီး ရုရှားနိုင်ငံမှ ဂီတ၊ ရုပ်ရှင်နှင့် ဉာဏ်ရည်တုနည်းပညာစသည့် ယဉ်ကျေးမှုကဏ္ဍနယ်ပယ် အသီးသီးမှ ထင်ရှားကျော်ကြားသည့် ပညာရှင်များကသက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် General Staff Building အတွင်း၌ ပြသထားသည့် အထိမ်းအမှတ်ဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှုပြီး ညပိုင်းတွင်ပူရှကင် (Pushkin)မြို့ရှိ Catherine Palace ၌ကျင်းပသည့် Plenary Session ၊ ရုရှားသမ္မတပူတင် မိန့်ခွန်းပြောကြား သည့် အခမ်းအနားနှင့် စက်တင်ဘာ ၁၃ ရက်က Winter Palace ၌ ကျင်းပသည့် Hermitage Prize ဆုပေးပွဲအခမ်းအနားများသို့ နိုင်ငံပေါင်းစုံမှ ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်