ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားပြည်သူများ နောင်ချိုမြို့သို့ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး တပ်မတော်စစ်ကြောင်းများက လိုအပ်သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေး

07/20/2025 

တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) များကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၆ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် တောင်ခမ်းဒေသတစ်ဝိုက်နှင့် နောင်ချိုမြို့တို့ကို တပ်မတော်ကအပြီးတိုင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုအပေါ် နောင်ချိုမြို့ရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် ဝမ်းသာစွာအားပေးထောက်ခံ ကြိုဆိုလျက်ရှိသည်။

ထို့ပြင် ဇူလိုင် ၁၈ ရက်တွင်လည်း နောင်ချိုမြို့၌ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံး/ဌာနများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးဆိုင်ရာများ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် လိုအပ်သည့်ကူညီထောက်ပံ့ရေးပစ္စည်းများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များက ပေးပို့လှူဒါန်းသည့်စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများ၊ ထောက်ပံ့ပစ္စည်းများနှင့်အတူ ပြန်လည်ရောက်ရှိလာကြပြီး အုပ်ချုပ်မှုယန္တရား ပြန်လည်လည်ပတ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ယာယီနေရပ်စွန့်ခွာပြည်သူများ မိမိနေရပ်သို့ ပြန်လည်ဝင်ရောက်လာစဉ် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် နေထိုင်စားသောက်လုပ်ကိုင်နိုင်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများယုတ်မာရက်စက်စွာလုပ်ဆောင်ခဲ့သည့် မြေမြှုပ်မိုင်းအန္တရာယ်မှ ကင်းဝေးစေရေးအတွက် မိုင်းရှင်းလင်းရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ နောင်ချိုမြို့နယ်အတွင်း မိုင်းရှင်းလင်းရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းသည် ဇူလိုင် ၁၉ ရက် နံနက်ပိုင်းတွင် နောင်ချိုမြို့၏ အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာရှိ လောင်ဖန်းကျေးရွာသို့ရောက်ရှိကြရာ နောင်ချိုမြို့အားအကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားစဉ် ၎င်းတို့ပိုင်ဆိုင်သည့် နေအိမ်အဆောက်အအုံများနှင့် အဖိုးတန်ပစ္စည်းများအားစွန့်ခွာ၍ ယာယီနေရပ်စွန့်ခွာနေရသည့် ဒေသခံတိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံခဲ့ရာ ဒေသခံတိုင်းရင်းသားပြည်သူများသည် တပ်မတော်စစ်ကြောင်းအား ဝမ်းပန်းတသာကြိုဆိုနှုတ်ဆက်ကြပြီး ၎င်းတို့၏နေရပ်သို့ ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် တပ်မတော်စစ်ကြောင်းထံ အကူအညီတောင်းခံခဲ့ကြသည်။

ထိုသို့ အကူအညီတောင်းခံခဲ့သဖြင့် တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့၏နေရပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးအတွက် မော်တော်ယာဉ်များ စီစဉ်ပေးခြင်း၊ စားသောက်ရေး အဆင်ပြေစေရန်အတွက် စားသောက်ဖွယ်ရာများ စီစဉ်ထောက်ပံ့ပေးခြင်း၊ ၎င်းတို့၏ အသုံးအဆောင်ပစ္စည်းများအား ကူညီရွှေ့ပြောင်းသယ်ဆောင်ပေးခြင်းများနှင့် အခြားလိုအပ်သည့် ကူညီရေးလုပ်ငန်းများကို အားတက်သရော ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရာ ယာယီနေရပ်စွန့်ခွာပြည်သူများသည် ၎င်းတို့၏နေရပ်သို့ ပြန်လည် ဝင်ရောက်အခြေချနေထိုင်ကြရသည့်အတွက် ဝမ်းသာပျော်ရွှင်လျက်ရှိပြီး ၎င်းတို့၏ စကားသံများကိုလည်း ယခုလို ကြားသိခဲ့ရပါသည်-

၁။ အခုလို ပြည်သူပြည်သားတွေကို ပျော်ရွှင်အောင်လုပ်ပေးတယ်။ ပြီးတော့ဘဝလုံခြုံမှုပေးတဲ့ မြန်မာစစ်သည်တော်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။

၂။ ကျေးဇူးတင်ပါတယ် ဆရာတို့အားလုံးကိုပြန်ပြီးကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 ၃။ ကယ်တင်ပေးတဲ့အတွက်မို့ ကျေးဇူးတင်ပါတယ်။ ပြန်လာကယ်တာကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

၄။ ၆ လပိုင်း ၂၅ ရက်က တိုက်ပွဲဖြစ်တယ်။ အဲနေ့ကစပြီး မိသားစုတွေ တကွဲတပြားစီဖြစ်တယ်။ မန္တလေးရောက် ဟိုရောက်ဒီရောက်နဲ့ တကွဲတပြားစီ ဖြစ်ကြတယ်။ အခုချိန်ထိ တကွဲတပြားစီပါပဲ။ တပ်မတော်ကလာပြီးအခုလို ရှင်းလင်းပြီးတော့ လုပ်ပေးကိုင်ပေးတဲ့အတွက် အကုန်လုံးကို အစစအရာရာ လာပြီးကူညီပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ နောင်လည်းဒီလိုပဲ အမြဲတမ်း အမြဲမပြတ် ဒီလိုစောင့်ရှောက်ပေးဖို့ ပြောချင်ပါတယ်။

၅။ ခုလိုဖြစ်လာမယ်ဆိုတာတော့ ကျွန်မယုံကြည်တယ်။ ဒီလို အမြန်အောင်မြင်မယ်လို့ မထင်ထားဘူးလေ။ ဒီလိုဖြစ်လာတော့ အတိုင်းမသိဝမ်းသာတော့ ဘာပြောရမှန်း မသိဘူးလေ။ မိသားစုတွေ အခုလို စုံစုံလင်လင်နေရမယ်။ လုပ်ငန်းကိုင်ငန်းတွေ ပုံမှန်လည်ပတ်လို့ ရမယ်ဆိုတော့ပျော်လို့ စကားကိုဘာပြောရမှန်း ကိုမသိဘူး။ တပ်မတော်ကြီးကိုလည်း အများကြီးကျေးဇူးတင်မိတယ်။ အဲလိုပဲပြောချင်တယ်။

၆။ ကျွန်မတို့ရွာဘက်မှာ ၁၅ ရက်ကျော်ပါတယ်။ မိသားစုတွေလည်းမတွေ့ရပါဘူး။ စစ်တပ်ရောက်လာတော့ ကျွန်မတို့အများကြီးပျော်ပြီး အများကြီးဝမ်းသာပါတယ်။

၇။ ကိုယ့်မြို့ ကိုယ့်ရွာကို ပြန်ခွင့်ရှိတာကို အများကြီးကျေးဇူးတင်ပါတယ်။

သတင်းစဉ်