Club ပေါင်းစုံ မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများနှင့် ဆီးဂိမ်းမွေလက်ရည်စစ်ပွဲကျင်းပ

အားကစားနှင့် ကာယပညာဦးစီးဌာန မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးကျင်းပသော CLUB ပေါင်းစုံ  မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲများနှင့် ဆီးဂိမ်းမွေလက်ရည်စစ်ပွဲကို ဇူလိုင် ၂၀ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူအားကစားခန်းမ၌ ကျင်းပရာ သရေပွဲရှစ်ပွဲ၊ အနိုင်ပွဲသုံးပွဲ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ သုံးချီပြိုင်ပွဲများတွင် လမင်း (Smart Fight) နှင့် မိုက်ခဲလေး (Ray)၊ ရဲမင်းအောင် (Smart Fight) နှင့် မိုးကြိုး (နဂါးမာန်)၊ ထက်မြတ် (ဝမ်းဝမ်း)နှင့် ပြည့်ဖြိုးအောင်(ကျားဘုရင်)၊ ဇင်ဘိုအောင် (ငှက်အော်စမ်း)နှင့် ဝမ်းစတား(Ray)၊ နိုင်လင်းစိုး (MK 1)နှင့် နိုင်ဇင်ဦး (ကျားဘုရင်)၊ တိုက်မောင်း (အဖြူရောင်သွေးသစ်)နှင့် မျိုးဂျက်ခေါင်(ဝမ်းဝမ်း)၊ ငမိုက်သား (ငှက်အော်စမ်း)နှင့် စောမောင်ငယ်(ဝမ်းဝမ်း)၊ ကျော်နိုင်ထွန်း (အဖြူရောင်သွေးသစ်)နှင့် ကျားသစ်အောင်(MFC)တို့ပြိုင်ပွဲများ တွင် လက်သီးတွဲလုံးများ၊ ထိုးလုံး၊ ထိုးပေါက်ကောင်းကြပြီး အလူးအလဲဖြင့် ပူးတွဲသရေကျခဲ့သည်။

 ထို့နောက် ကျော်မြတ်နိုင်(တော်ဝင်ဧရာ)နှင့် ဟိန်းဝေစိုး(ငှက်အော်စမ်း)တို့ ပြိုင်ပွဲတွင် လက်ရည်မမျှ၍ ဟိန်းဝေစိုးကို အနိုင်ပေးလိုက်ပြီး ကောင်းထက်ဇော်(STL)က ရန်ပိုင်စိုး (YMA)ကို ဒုတိယအချီမှာ အလဲထိုးအနိုင်ရရှိခဲ့သည်။

ထို့ပြင် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် မွေလက်ရည်စစ် အမျိုးသမီးပြိုင်ပွဲတွင် Elizabsth (အဖွဲ့ချုပ်) ရွှေသက်ထား (တော်ဝင်ဧရာ) ကို အမှတ်ဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲချုပ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံမွေအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဝဏ္ဏတို့က ရိုးရာလက်ဝှေ့ရေးပြဆုနှင့် မွေလက်ရည်စစ် အားကစားသမားတို့အား ငွေသားဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။