မြန်မာ့လက်မှုယွန်းထည်ပစ္စည်းများကို နိုင်ငံခြားခရီးသွားဧည့်သည်များသာမက ပြည်တွင်းဘုရားဖူးဧည့်သည်များပါ စိတ်ဝင်စားမှုများပြားလာ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသထွက် မြန်မာ့လက်မှုယွန်းထည်ပစ္စည်းများကို နိုင်ငံခြားခရီးသွား ဧည့်သည်များသာမက ပြည်တွင်းဘုရားဖူး ဧည့်သည်များပါ စိတ်ဝင်စားမှုများလာကြောင်း ညောင်ဦးမြို့နယ်ရှိ ယွန်းထည်ပစ္စည်းလုပ်ငန်း လုပ်ကိုင် သူများ၏ပြောပြချက်အရ သိရသည်။

ယွန်းထည်လုပ်ငန်းသည် မြန်မာ့လက်မှုအနုပညာလုပ်ငန်းဖြစ်ပြီး အနုစိတ်လုပ်ကိုင်ရသော လုပ်ငန်းဖြစ်ကာ ယွန်းထည်ပစ္စည်းအမျိုးပေါင်း တစ်ရာကျော်ရှိကြောင်း၊ ယွန်းလက်ဖက်အုပ်၊ ယွန်းဆွမ်းအုပ်များကို အများဆုံးပြုလုပ်ကြကြောင်း သိရသည်။ ညောင်ဦးခရိုင်အတွင်းရှိ ကျေးလက် ဒေသများ၌ အလှူမင်္ဂလာပွဲများတွင် ယွန်းထည်ပစ္စည်းများကို တွင်တွင်ကျယ်ကျယ် အသုံးပြု နေသေးကြောင်း သိရသည်။

ယွန်းထည်ပြုလုပ်ရာတွင် အချောခံခြင်း၊ စဥ့်ဖတ်တင်ခြင်း၊ နှီးခေါင်းထိုးခြင်း၊ နှီးစိတ်ခြင်း၊ ကြောင်လိမ်ထည်လုပ်ခြင်း၊ ပွေတည်ခြင်း၊ မြေခံခြင်း၊ အဖြူခွေခြင်း၊ နှီးဖြာခြင်း၊ ပုတ်ထည်၊ ယွန်းထပ်ခြင်း၊ သားရိုးချောခြင်း၊ ဓားကောက်ခြစ်ခြင်း၊ နှီးသပ်ခြင်း စသည်ဖြင့် အဆင့်ဆင့်ပြုလုပ်ရကြောင်း သိရ သည်။

ယွန်းထည်လုပ်ငန်း လုပ်ကိုင်ကြသည့် ယွန်းလုပ်သားတစ်ဦးလျှင် တစ်ရက်ငွေကျပ် တစ်သောင်းနှင့် ကျွမ်းကျင်လုပ်သားတစ်ဦးလျှင် ငွေကျပ်နှစ်သောင်း ရရှိကြကြောင်း၊ ယွန်ထည်များ ပြုလုပ်ပြီးပါက ချက်ချင်းရောင်းချခြင်းမပြုနိုင်သေးဘဲ မြေအောက်ခန်းအတွင်း အလုံပိတ်ထားပြီး အချိန်တစ်နှစ်ကျော်မှ ရောင်းချရကြောင်း သိရသည်။ နိုင်ငံခြားခရီးသွား ဧည့်သည်များအနေဖြင့် မြန်မာ့လက်မှုယွန်းထည်လုပ်ငန်းများသို့ လာရောက်လေ့လာမှုများရှိကြပြီး ယခုအခါ ပြည်တွင်း ဘုရားဖူး ဧည့်သည်များလည်း ယွန်းထည်လုပ်ငန်းများကို စိတ်ဝင်စားမှုများလာကြောင်း သိရသည်။ ယွန်းလက်ဖက်အုပ်များနှင့် ဧည့်ခန်းဆောင်အလှထား ယွန်းဆွမ်းအုပ်အကြီး၊ အသေးများ၊ လက်ဝတ် ရတနာထည့်သည့် ယွန်းသေတ္တာအကြီး၊ အသေးများ၊ ယွန်းဘောပင်များ၊ တစ်ရှူးထည့်သည့် ယွန်းဘူးများကို အများဆုံးရောင်းချရကြောင်း သိရသည်။