မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပျဉ်းမနားမြို့နယ် ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး အတွက် ငွေသားထောက်ပံ့

09/13/2025

၂၀၂၄ ခုနှစ် ရာဂီတိုင်ဖွန်းမုန်တိုင်း ရေဘေးကြောင့် ထိခိုက်ခံစားခဲ့ရသူများ ပြန်လည်ထူထောင်ရေး အတွက် ဒုတိယအကြိမ် ငွေသားထောက်ပံ့ခြင်း အစီအစဉ်အရ နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ ကျေးရွာများတွင် ရေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးဝေခြင်းကို စက်တင်ဘာလ (၈) ရက်နေ့မှ စက်တင်ဘာလ (၁၀) ရက်နေ့အတွင်း ပြုလုပ်ခဲ့သည်။

ထောက်ပံ့ရာတွင် ကြို့တန်းကျေးရွာမှ အိမ်ထောင်စု (၂၀၆)စု၊ ကျောက်ကုန်းကျေးရွာမှ အိမ်ထောင်စု (၇၅) စု၊ သာယာစုကျေးရွာမှ အိမ်ထောင်စု (၁၂၁) စု၊ အင်းသာကျေးရွာမှ အိမ်ထောင်စု (၁၁၃)စု၊ သစ်ဆိမ့်ပင်ကျေးရွာမှ အိမ်ထောင်စု (၁၉၉) စုတို့အား အိမ်ထောင်စု (၁)စုလျှင် ငွေသား ကျပ် (၄) သိန်းနှုန်းဖြင့် အိမ်ထောင်စုပေါင်း (၇၁၄) စုအတွက် စုစုပေါင်းကျပ် (၂,၈၅၆) သိန်းကို အဆိုပါ ရေဘေးသင့် အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်း (IFRC)၏ ပံ့ပိုးကူညီမှုဖြင့် ငွေသားထောက်ပံ့ခြင်းပြီး လေ့ကျင့်ထားသော ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီဝန်ထမ်းများက အဆိုပါ ကျေးရွာများအတွင်းသို့ ကွင်းဆင်းခဲ့ပြီး တစ်အိမ်ထောင်စုချင်းစီအလိုက် အိမ်တိုင်ရာရောက် စနစ်တကျ လေ့လာဆန်းစစ်ခြင်း များကို အသင်း၏ သတ်မှတ်ချက်စံနှုန်းများနှင့်အညီ ဦးစွာဆောင်ရွက်ခဲ့သည်။ ထို့နောက် အကျိုး ခံစားခွင့်ရှိသူများ စာရင်းကို ရပ်ရွာအတွင်း အများပြည်သူဆိုင်ရာနေရာများတွင် ကြော်ငြာပေးခဲ့ပြီး Community Engagement and Accountability လုပ်ငန်းစဉ်ကိုပါ ပွင့်လင်းမြင်သာစွာ တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ပြီး ယခုကဲ့သို့ ထောက်ပံ့ခြင်းဖြစ်သည်။