ထောပတ်သီး ဝယ်လိုအားတက်နေသဖြင့် တိုးချဲ့စိုက်ပျိုးရန် စီစဉ်

09/25/2025

ပြည်တွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားမြင့်တက်နေသည့်အတွက် မြန်မာနိုင်ငံတွင် ထောပတ်သီး စိုက်ဧကများ တိုးချဲ့သွားရန်အတွက် အစီအစဉ်ရှိကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MAVO) မှ သိရသည်။

ထောပတ်သီးရာသီတွင် အရည်အသွေးမြင့် Hass အမျိုးအစား ထောပတ်သီးတန်ချိန် (၃,၀၀၀) ခန့်အထိ အထွက်နှုန်း ကောင်းမွန်ခဲ့ပြီး ယခုနှစ်ရာသီတွင် အထွက်နှုန်းမြင့်မားနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားပြီး Hass အမျိုးအစားကဲ့သို့ ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် ထောပတ်သီးမျိုးများကို စိုက်ပျိုး သွားမည်ဖြစ်သည်။

ပြည်တွင်း စိုက်ပျိုးသည့် Hass ၊ Buccaneer ၊ အမရာ စသည့် ထောပတ်သီးမျိုးများ၏ လိုအပ်ချက်သည် တစ်နှစ်ထက် တစ်နှစ် တိုးလာခြင်းကြောင့် ယခုနှစ်တွင် ပြည်တွင်းထုတ် အရည်အသွေးမြင့် Hass ထောပတ်သီးများကို စင်ကာပူနှင့် ထိုင်းနိုင်ငံသို့ အဓိကတင်ပို့မည် ဖြစ်သည်။

ပြီးခဲ့သည့်နှစ်တွင် ပြည်တွင်းတွင် စိုက်ပျိုးထွက်ရှိသည့် ထောပတ်သီးများကို မလေးရှားဈေးကွက်သို့ စမ်းသပ်တင်ပို့နိုင်ခဲ့ပြီး လက်ရှိတွင် အိန္ဒိယနိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် အနည်းငယ် စတင် တင်ပို့လျက်ရှိကြောင်း သိရသည်။