ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး မြစိမ်းရောင်စက်မှုဇုန်ရှိ စက်ရုံများ အလုပ်ရှင်၊ အခြေခံအလုပ်သမားအဖွဲ့အစည်းဝင်များနှင့် တွေ့ဆုံ
- 3 views
09/29/2025
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် တာဝန်ရှိသူများနှင့် အတူ စက်တင်ဘာလ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် မြစိမ်းရောင်စက်မှုဇုန်ရှိ Myanmar Rui Xin Shoes Co.,Ltd. ဖိနပ်ချုပ် စက်ရုံနှင့် Sincerece Season(Myanmar) Garment Co., Ltd. အထည်ချုပ်စက်ရုံတို့မှ အလုပ်ရှင်၊ အခြေခံအလုပ်သမားအဖွဲ့အစည်းဝင်များနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စက်ရုံ၊ အလုပ်ရုံများ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အလုပ်သမားအဖွဲ့ အစည်းဝင်များနှင့်အလုပ်ရှင်များ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်နှင့် အလုပ်သမားတို့ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ချုပ်ဆို လုပ်ကိုင် ရန်နှင့် အလုပ်သမားရေးရာဥပဒေများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်အညီ အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းနိုင်ရေးဦးစီး ဌာနမှ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အလုပ်သမားအဖွဲ့အစည်း များကို ဖွဲ့စည်းရာတွင် အလုပ်သမားများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်သမား အချင်းချင်းအကြား၊ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ဆက်ဆံရေးကောင်းမွန်စေရန်အတွက် စနစ်တကျ လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ကြောင်း၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီ(WCC)၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများအနေဖြင့် အလုပ်သမားရေးရာဥပဒေများနှင့်အညီ သက်ဆိုင်ရာဌာနများ၏ စည်းကြပ်ဆောင်ရွက်ပေးမှုများကို အလေးထားလိုက်နာရန်၊ အလုပ်ရှင်၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် လုပ်သားများအားလုံး လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးအတွက် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လူမှုဖူလုံရေးအဖွဲ့မှ စက်ရုံများအတွင်း ရွေ့လျားဆေးကုသယာဉ်ဖြင့် အာမခံအလုပ်သမားများအား ဆေးဝါးကုသခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းနှင့် နှလုံးအတွက် ECG စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။