ဆယ်ကျော်သက် ကျောင်းသားများတွင် ကျန်းမာရေးနှင့်ပတ်သက်သော အကြောင်းအရာများကို လေ့လာခြင်း” သုတေသနလုပ်ငန်းအတွက် “Training Workshop on School-based adolescent health survey in Myanmar” ဖွင့်ပွဲအခမ်းအနားကျင်းပ

09/30/2025

“မြန်မာနိုင်ငံအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ဆယ်ကျော်သက် ကျောင်းသားများတွင် ကျန်းမာရေးနှင့်ပတ်သက်သောအကြောင်းအရာများကိုလေ့လာခြင်း” သုတေသနလုပ်ငန်းအတွက် “Training Workshop on School-based adolescent health survey in Myanmar” ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်နေ့ နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာန၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာအေးအေးခင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် Overview of the Study နှင့် Expected Outcomes ကို ရှင်းလင်းပြောကြားခဲ့သည်။

     သင်တန်းတွင် ဆေးသုတေသနဦးစီးဌာနမှ ဝါရင့်သုတေသီများက သုတေသနလုပ်ငန်းအကြောင်းအသေးစိတ်ကို ကွင်းဆင်းဆောင်ရွက်ကြမည့် အရာထမ်း/အမှုထမ်း သင်တန်းသား/သူ (၄၀)ဦးအား  သင်ကြားပို့ချပေးမည်ဖြစ်သည်။ သုတေသနလုပ်ငန်းဆောင်ရွက်ရာတွင်လိုအပ်သော သုတေသန နည်းပညာများဖြစ်သော သွေးဖောက်ခြင်းကို Phlebotomy Arm  အသုံးပြု၍သင်ကြားခြင်း၊ သွေးပေါင်ချိန်၊ အရပ်နှင့် ကိုယ်အလေးချိန်၊ ခါးပတ်လည် အတိုင်းအတာများကို စံသတ်မှတ်ထားသော နည်းများအတိုင်း တိုင်းတာရန်သင်ကြားခြင်း၊ သွေးတွင်းအဆီဓာတ်၊ သွေးတွင်း သကြားဓာတ်၊ သိုလှောင်သံဓာတ်၊ သွေးတွင်းသွေးနီဥ၊ သွေးဖြူဥ၊ သွေးမွှားဥပါဝင်မှုများကို တိုင်းတာရန် Good laboratory Practices နည်းပညာများ သင်ကြားခြင်း၊ Android Tablet နှင့် KOBO collect applicationကို အသုံးပြု၍ နေထိုင်စားသောက်မှုပုံစံ၊ အမူအကျင့်တို့နှင့် သက်ဆိုင်သော သုတေသနမေးခွန်းများကို မေးမြန်းသည့် နည်းပညာများကို သင်ကြားခြင်း၊ လက်တွေ့သရုပ်ပြ သင်ကြားလေ့ကျင့်ခြင်းများ၊ သုတေသနကွင်းဆင်းဆောင်ရွက်ရန် ပြင်ဆင်ခြင်းများအား ၂၉-၉-၂၀၂၅  မှ ၁-၁၀-၂၀၂၅ ရက်နေ့အထိ စာတွေ့လက်တွေ့ (၃)ရက်တာ ဆောင်ရွက်သွားကြမည် ဖြစ်သည်။

     ဤသုတေသနကို ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ၊ ချင်းပြည်နယ်မှအပ ကျန်တိုင်းနှင့် ပြည်နယ်(၁၄)ခုရှိ အခြေခံပညာအထက်တန်းကျောင်းများမှ (၁၃)နှစ်မှ(၁၇)နှစ်အတွင်းရှိ ဆယ်ကျော်သက် ကျောင်းသား/သူ (၁၃၀၀)ဦးတို့တွင် ဇီဝဖြစ်ပျက်ရောဂါစု ဖြစ်ပွားမှုနှုန်း၊ ရောဂါဖြစ်နိုင်ခြေရှိသော အပြုအမူများ (ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်မှုမရှိခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း)၊ စိတ်ကျန်းမာရေးအခြေအနေ၊ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် သွေးအားနည်းရောဂါဖြစ်ပွားမှုနှုန်း အစရှိသည်တို့ကို သိရှိနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ သုတေသနတွေ့ရှိချက်များကိုအခြေခံ၍ ဆယ်ကျော်သက် ကျောင်းသား/သူများအတွက် ကျန်းမာရေးအစီအစဉ်များရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။