ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တွင် စျေးဆိုင်ခန်းပေါင်း (၄၀၀) ကျော်ဖြင့် MSME ထုတ်ကုန် သီတင်းကျွတ်စျေးရောင်းပွဲတော် ဖွင့်လှစ်ရောင်းချမည်
- 1 view
09/30/2025
ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တွင် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကို အောက်တိုဘာလ ၄ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့အထိ စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရသည်။
MSME ပြည်တွင်းထုတ်ကုန်များကို အားပေးမြှင့်တင်စေရန်နှင့် အရည်အသွေးမြင့် ပြည်တွင်းထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ပြီး MSME ထုတ်ကုန်များနှင့် အခြားထုတ်ကုန်အမျိုးမျိုးကို တစ်နေရာတည်းတွင် ပူးပေါင်းရောင်းချနိုင်သည့်အတွက် နည်းပညာနှင့် ဈေးကွက်ဆိုင်ရာအသိပညာဖလှယ်မှုများ ဖြစ်ပေါ်လာစေရန် အဆိုပါ MSME ထုတ်ကုန်ဈေးရောင်းပွဲတော်ကို ကျင်းပရခြင်းဖြစ်သည်။
သီတင်းကျွတ်ဈေးရောင်းပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ MSME လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန စက်မှုထုတ်ကုန်များ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဒေသထွက်ကုန်ပစ္စည်းများ၊ အစားအစာအရောင်းဆိုင်ခန်းများ အပါအဝင် ဈေးဆိုင်ခန်းပေါင်း (၄၀၀) ကျော် ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဈေးရောင်းပွဲတော်ရက်များအတွင်း Esports Games ပြိုင်ပွဲများ၊ အနုပညာရှင်များ၏ ဖျော်ဖြေမှုများနှင့် ဆက်ကပ်မျက်လှည့်များဖြင့် ဖျော်ဖြေတင်ဆက်ပေးသွားမည်ဖြစ်သည်။ ပွဲတော်လာပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် အကြိုပို့ကားများကိုလည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။