အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်လေးဆူ ညောင်ရွှေမြို့ အဋ္ဌဒိသာဓမ္မဝိဟာရ ဒေသစာရီ စံကျောင်းတော်ကြီးသို့ ပင့်ဆောင်ကြွချီပူဇော်ခံ
- 1 view
10/01/2025
အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရားလေးဆူသည် အင်းလေးဒေသ (၂၁)ဌာနသို့ ကြွချီပူဇော်ခံလျက်ရှိရာ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၇ နာရီတွင် ညောင်ရွှေမြို့နယ်၊ လင်းကင်းကျေးရွာမှ အင်းလေးရိုးရာဘုရားဆွဲ လှေ ၄၃ စင်းဖြင့် အင်းလေးရေပြင်ကိုဖြတ်၍ ညောင်ရွှေမြို့ အဋ္ဌဒိသာဓမ္မဝိဟာရ ဒေသစာရီစံကျောင်းတော်ကြီးသို့ ပင့်ဆောင်ကြွချီပူဇော်ခံလျက်ရှိကြောင်း သိရသည်။
ဦးစွာ ညောင်ရွှေမြို့ ဖောင်တော်ပြန်မဏ္ဍပ်ရှေ့တွင် နိုင်ငံတော်အဆင့်ရွှေတံဆိပ်နှစ်ဆုရှင် ဆိုင်းဝိုင်းအဖွဲ့မှဖျော်ဖြေခြင်း၊ ဆွမ်းပို့လှေသရုပ်ပြသခြင်း၊ ကိန္နရီကိန္နရာအက၊ အင်းတိုင်းရင်းသား အက၊ တိုးနရားအက၊ အင်းပေါခုန်၊ ဟဲယာရွာမ ရေယာဉ်အလှဖြင့် သရုပ်ပြသဖျော်ဖြေမှုတို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ၊ ပွဲတော်လာ ဧည့်ပရိသတ်များက ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်လေးဆူပင့်ဆောင်လာသည့် ကရဝိက်ဖောင်တော်သည် ညောင်ရွှေမြို့ နန်းကပ်ချောင်းအတိုင်း ညောင်ရွှေမြို့ ဖောင်တော်ဆိုက်ပြာသာဒ်သို့ ရောက်ရှိလာရာ ကရဝိက်ဖောင်တော်ပေါ်မှ အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ် လေးဆူကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ပင့်ဆောင်၍ ညောင်ရွှေမြို့အတွင်းသို့ လှည့်လည်အပူဇော်ခံမည့် ဘော်ယာဉ်ပြာသာဒ်ပေါ်သို့ ပင့်ဆောင်ပူဇော်ခဲ့ကြသည်။
ယင်းနောက် အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ညောင်ရွှေမြို့အတွင်း လှည့်လည်ပူဇော်ခံနေစဉ် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲများ ကျင်းပရာ ဗိုလ်လုပွဲယှဉ်ပြိုင်မှုများကို ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ပွဲတော်လာဧည့်ပရိသတ်များက ကြည့်ရှုအားပေးကြပြီး ဆုချီးမြှင့်ပွဲကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီး ချုပ်၏ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ညောင်ရွှေမြို့အတွင်း လှည့်လည်အပူဇော်ခံပြီး အဋ္ဌဒိသာဓမ္မဝိဟာရဒေသစာရီ စံကျောင်းတော်သို့ ရောက်ရှိချိန်တွင် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်၊ သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များသည် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုနိုင်စေရန်အတွက် ညောင်ရွှေမြို့ အဋ္ဌဒိသာဓမ္မဝိဟာရ ဒေသစာရီစံကျောင်း တော်၌ စက်တင်ဘာလ ၂၈ ရက်နေ့မှ စက်တင်ဘာ ၃၀ ရက်အထိ ၃ ရက်တိုင်တိုင် ကိန်းဝပ်ပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။