AA အကြမ်းဖက်သောင်းကျန်းသူများ၏ မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်၊ ရောင်းချနေသော လုပ်ငန်းများနှင့်ပတ်သက်ပြီး အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ် ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

နေပြည်တော် အောက်တိုဘာ ၉

မီဒီယာများကို AA အကြမ်းဖက်သောင်းကျန်းသူများ ဆောင်ရွက်နေတဲ့ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရောင်းချနေတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ပြောကြားလိုပါတယ်။ AA အကြမ်းဖက်သောင်းကျန်း သူများ ဦးစီးလုပ်ကိုင်နေတဲ့ မူးယစ်ဆေးဝါးသယ်ယူပို့ဆောင် ရောင်းချ နေတဲ့ လုပ်ငန်းတွေဟာ ကျွန်တော်တို့မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းနိုင်ငံများအတွက်ပါ အန္တရာယ်သဖွယ်ဖြစ်ပေါ်လျက်ရှိပါတယ်။ AA သောင်းကျန်းသူအဖွဲ့ဟာ မူးယစ်ဆေးဝါးနဲ့ ရပ်တည်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော်အရင်ကလည်း ပြောပြီးဖြစ် ပါတယ်။ အခုလည်း AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ရဲ့ ရခိုင်ပြည်နယ်နဲ့ မလေးရှားနိုင်ငံကို ပို့ဆောင်ဖြန့်ဖြူးရောင်းချမယ့် ငွေကျပ် ၁၉၅ ဒသမ ၈၅ ဘီလီယံတန်ဖိုးရှိတဲ့ အိုက်စ် ၃၄၃၈ ကီလို ဂရမ်နဲ့ ကက်တမင်း ၂၁၉၈ ကီလိုဂရမ်တွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးပတ်က ဖမ်းဆီးရမိခဲ့ပါတယ်။ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချမှုနဲ့ AA အကြမ်းဖက်သောင်းကျန်း သူအဖွဲ့ရဲ့ အကြမ်းဖက်အဖျက်လုပ်ရပ်တွေကို မလိုလားတဲ့ တာဝန်သိပြည်သူတစ်ဦးရဲ့ သတင်းပေးချက်အရ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်ဘက်ကနေ အဲဒီကမှ ရန်ကုန်မြို့က တစ်ဆင့် ရခိုင်ပြည်နယ်နဲ့ မလေးရှားနိုင်ငံကိုပို့ဆောင်မယ့်အကြောင်း သိရှိရတဲ့အတွက် ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် လှည်းကူးမြို့နယ် လှည်းကူး-ဖောင်ကြီးသွား ကားလမ်းပေါ်မှာ ယာဉ်မောင်းအောင်ခန့်ကျော်မောင်းနှင်ပြီး ယာဉ်နောက်လိုက် ထက်ဝေဖြိုးလိုက်ပါလာတဲ့ယာဉ်ပေါ် ကနေ အိုက်စ် ၁၄၃၉ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၃၅ ဒသမ ၉၇ ဘီလီယံဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိသူတွေရဲ့ ထွက်ဆိုချက်အရ မူးယစ်ဆေးဝါး သယ်ဆောင်မယ့်ကိစ္စကို ချိတ်ဆက်ပေးတဲ့သူတွေအပြင် ထပ်မံပြီး ထန်းတပင်မြို့နယ်၊ စည်ပင်သာကျေးရွာက ဇော်လင်းနဲ့ စောဇင်မင်းဟန်တို့အိမ်မှာ သိုလှောင်သိမ်းဆည်းထားတဲ့ အိုက်စ် ၁၉၉၉ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၄၉ ဒသမ ၉၇ ဘီလီယံခန့်နဲ့ တရားခံတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ သုံးခွမြို့နယ် သမစိတ္တ ကျေးရွာအနီးက ကျော်နိုင်ရဲ့ နေအိမ်ဂိုဒေါင်ကနေ ကက်တမင်း ၂၁၉၈ ကီလိုဂရမ် တန်ဖိုးငွေကျပ် ၁၀၉ ဒသမ ၉ ဘီလီယံခန့်နဲ့ မူးယစ်ဆေးဝါး သယ်ဆောင်ပေးခဲ့တဲ့ ယာဉ်မောင်း/ ယာဉ်မောင်းအကူတွေနဲ့ သယ်ဆောင်ရာမှာ အသုံးပြုခဲ့တဲ့ မော်တော်ယာဉ်တွေကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီမူးယစ်ဆေးဝါးတွေဟာ ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသက မူးယစ်ဆေးဝါးတွေဖြစ်ပြီး AA သောင်းကျန်းသူအဖွဲ့ရဲ့ စီးပွားရေးတာဝန်ခံတွေဖြစ်တဲ့ ရဲဇော်နဲ့ချစ်မင်းတို့က ဝမ်ဟိုင်းကနေ တစ်ဆင့် ရမည်းသင်း၊ ရန်ကုန်နဲ့ ရခိုင်ပြည်နယ်၊ အဲဒီကမှ မလေးရှားနိုင်ငံအထိ ပင်လယ်ရေ လမ်းကြောင်းကနေ ပို့ဆောင်ဖို့ စီစဉ်ဆောင်ရွက်နေချိန်မှာ အခုလို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များဟာ ၂၀၁၃ ခုနှစ် လောက်ကစပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချမှုတွေကို နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ထုပ်ပိုးမှုပုံစံ မျိုးစုံနဲ့ သယ်ဆောင်တဲ့နေရာမှာလည်း ဆီဘောက်ဆာကားကို အံဝှက်လုပ်ပြီး သယ်ဆောင်တဲ့ အထိ လုပ်ဆောင်ခဲ့ကြပါတယ်။ မူးယစ်ဆေးဝါးကို အဓိကကုန်ကူးရောင်းချနိုင်ဖို့အတွက် ပမာဏ နည်းနည်းလေးကနေပြီး ကြီးမားတဲ့ပမာဏအထိ သယ်ဆောင်လုပ်ကိုင်နေ တာမျိုးတွေ့ရ ပါတယ်။ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ရဲ့ခေါင်းဆောင် ထွန်းမြတ်နိုင်ကိုယ်တိုင်က တာဝန်ပေးစေခိုင်းတဲ့ အတွက် ဒီမူးယစ်ဆေးဝါးသယ်ဆောင်ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်း တွေကို လုပ်နေရတာဖြစ်ကြောင်းကိုလည်း ဖမ်းဆီးရမိတဲ့ AA သောင်းကျန်းသူအဖွဲ့ဝင်တွေရဲ့ ထွက်ဆိုချက်တွေမှာ တွေ့နိုင်ပါတယ်။ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ရဲ့ ၂၀၁၅ ခုနှစ်မှာ တစ်ကြိမ် ဖမ်းမိခဲ့တဲ့ ကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၆၅ ဘီလီယံခန့်၊ ၂၀၁၉ ခုနှစ်မှာ လေးကြိမ် ကာလတန်ဖိုးငွေကျပ် ၅၉ ဘီလီယံခန့်၊ ၂၀၂၀ ပြည့်နှစ်မှာ တစ်ကြိမ် ကာလတန်ဖိုးငွေကျပ် ၁၀ ဘီလီယံ၊ ၂၀၂၃ ခုနှစ်မှာ နှစ်ကြိမ် ကာလတန်ဖိုးငွေကျပ် ၁၅၅ ဒသမ ၈၇ ဘီလီယံ၊ ၂၀၂၄ ခုနှစ်မှာ နှစ်ကြိမ် ကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၂၂ ဘီလီယံခန့် နဲ့ အခု ၂၀၂၅ ခုနှစ်အတွင်းမှာ ၆ ကြိမ် ကာလတန်ဖိုးငွေကျပ် ၁၀၀၃ ဒသမ ၉၃ ဘီလီယံခန့်ဖြစ်ပြီး ၂၀၁၅ ခုနှစ်ကနေ ယခုအချိန်အထိ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နဲ့ဆက်စပ်နေတဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု စုစုပေါင်း ၁၆ ကြိမ်တိတိရှိခဲ့ပါတယ်။ စုစုပေါင်းကာလ တန်ဖိုးငွေကျပ် ၁၂၃၃ ဒသမ ၆၇ ဘီလီယံအထိ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီပမာဏကိုကြည့်ရင် ဘယ်လောက်အန္တရာယ်များကြောင်းတွေ့နိုင်မှာ ဖြစ်ပါတယ်။ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာ သူတို့ထိန်းချုပ် ထားတဲ့ နေရာတွေကနေတစ်ဆင့် ဒေသတွင်းနေရာများကို ဘယ်လောက်အထိ မူးယစ်ဆေးဝါး တွေ ပို့ဆောင်နေခဲ့ကြောင်း ထင်ရှားစွာတွေ့ရမှာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်က AA သောင်းကျန်း သူအဖွဲ့နဲ့ ဆက်စပ်နေတဲ့ မူးယစ်ဆေးဝါးဖမ်းဆီး ရမိမှုမှာဆိုရင် AA သောင်းကျန်းသူအဖွဲ့ဝင် ဗိုလ်အဆင့်ရှိတဲ့ ထွန်းလင်း(ခ)ပြုံးချို၊ ဒုတိယဗိုလ်အဆင့်ရှိတဲ့ နေလင်းထွန်း(ခ) နောနော်(ခ) ကျော်စိုးနဲ့ ဒုတိယဗိုလ်အဆင့်ရှိသူ စိုးထွန်း၊ တပ်ကြပ်ကြီး အဆင့်ရှိသူ ကျော်ဟန်၊ တပ်သား အဆင့်ရှိတဲ့ ကျော်လင်းဆန်းနဲ့ တပ်သားအဆင့်ရှိတဲ့ ဦးထွန်းနုတို့ ခြောက်ဦး ပါဝင်ခဲ့ပါတယ်။ သူတို့ကို ကျွန်တော်တို့ စနစ်တကျစစ်ဆေးဖော်ထုတ်တဲ့အခါမှာ AA သောင်းကျန်းသူအဖွဲ့ ခေါင်းဆောင်ထွန်းမြတ်နိုင်ရဲ့ တာဝန်ပေးချက်အရ AA သောင်းကျန်းသူ ဗိုလ်မှူးကြီးအဆင့်ရှိ ကျော်မြတ်ဦး(ခ) သားသား(ခ) ဝေသာထွန်းကဦးစီးပြီး စီမံခန့်ခွဲလုပ်ဆောင်နေကြောင်း ထွက်ဆိုချက်တွေအရ တိကျစွာသိရှိရပါတယ်။ ဒီလိုပါပဲ နောက်ပိုင်း ဖမ်းမိတဲ့ကိစ္စတွေမှာလည်း AA သောင်းကျန်းသူအဖွဲ့နဲ့ ပတ်သက်တဲ့သူတွေ၊ AA သောင်းကျန်းသူအဖွဲ့ဦးစီးပြီးလုပ်ကိုင်နေတဲ့ မူးယစ်ဆေးဝါး လုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နေသူတွေသာ ဖြစ်ပါတယ်။

AA သောင်းကျန်းသူအဖွဲ့တွေဟာ ဒေသခံတွေကိုငွေကြေးနဲ့ မက်လုံးပေးပြီး မူးယစ်ဆေးဝါးတွေကို သယ်ဆောင်စေပြီး ရခိုင် ပြည်နယ်မှာရှိတဲ့ ဒေသခံတွေကို ရောင်းချတာအပြင် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရေလမ်းကြောင်းကနေတစ်ဆင့် အခြားနိုင်ငံတွေကိုလည်း အဆင့်ဆင့်ချိတ်ဆက်ပို့ဆောင်ရောင်းချနေတာတွေ့ရပါတယ်။ ဒါတွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)ရဲ့ ရာမူးစစ်ဌာနချုပ်မှူးကိုယ်တိုင် စက်တင်ဘာလ ၁၅ ရက် နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာကိုလည်း တွေ့ရပါတယ်။ ယခင်ကတော့ ဒီရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြန်မာနိုင်ငံရဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေ လုံခြုံရေးဆောင်ရွက်နေတဲ့ အခြေအနေမှာ ဒီလိုကိစ္စတွေကို ကောင်းမွန်စွာကိုင်တွယ်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အခုကတော့ သူတို့လွှမ်းမိုးနေတဲ့နယ်မြေမှာ AA သောင်းကျန်းသူ တပ်ဖွဲ့ဝင်တွေကိုယ်တိုင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အခြားနိုင်ငံတွေကို မူးယစ်ဆေးဝါးတွေ အတားအဆီးမဲ့စွာ တင်သွင်းတင်ပို့နေကြောင်း တွေ့ရတာဖြစ်ပါတယ်။ ဒီလိုပို့ဆောင်ဖြန့်ဖြူးရရှိတဲ့ ငွေတွေကနေ တစ်ဆင့် ရိက္ခာ၊ လက်နက်/ ခဲယမ်းတွေ ဝယ်ယူနေခြင်းဖြစ်ကြောင်း လည်း တွေ့ရှိရပါတယ်။

AA သောင်းကျန်းသူအဖွဲ့ရဲ့ လက်ဝေခံ PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူအဖွဲ့တွေ ကလည်း မူးယစ်ဆေးဝါး သယ်ဆောင် ဖြန့်ဖြူးတဲ့လမ်းကြောင်းမှာ ပါဝင်ပတ်သက်နေပြီး အဲ့ဒီကနေ ရရှိလာတဲ့ အကျိုးအမြတ်တွေကို မျှော်လင့်ခဲ့ရာကနေပြီးတော့ ပမာဏကြီးကြီးဖမ်းဆီး ခံလိုက်ရတဲ့အချိန်ရဲ့ နောက်ကွယ်မှာတော့ငွေကြေး ကျပ်တည်းမှုတွေနဲ့အတူ စိတ်ဝမ်းကွဲပြား မှုတွေ၊ အလင်း ဝင်ရောက်မှုတွေ၊ အချင်းချင်းစွပ်စွဲသတ်ဖြတ်မှုတွေ ဖြစ်ပေါ်နေတာ လည်း တွေ့ရပါတယ်။ လက်ရှိအချိန်အထိ တစ်နိုင်ငံလုံးက PDF အမည်ခံအကြမ်းဖက်သောင်းကျန်း သူအဖွဲ့ဝင်တွေဟာ တရားဥပဒေ ဘောင်အတွင်း အလင်းဝင်ရောက်လာမှု ၈၂၃ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း အလင်းဝင်ဖို့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ အဖွဲ့တွေ လည်းရှိပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ၂၀၁၈ ခုနှစ်ကနေ ယခုအထိ EAO တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ပေးခြင်း ၂၇ ကြိမ် ကြေညာခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုကြောင့် အကြမ်းဖက်ဖြစ်နေတဲ့ PDF အပါအဝင် အခြားအဖွဲ့အစည်း များကိုလည်း ဥပဒေဘောင်အတွင်း ဝင်ရောက်ဖို့ သုံးကြိမ်တိုင် ဖိတ်ခေါ်ပြီးဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ပြောချင်တာက AA သောင်းကျန်းသူအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ် အတွင်းမှာသာမက မြန်မာနိုင်ငံအတွင်း ဒေသတွင်းနိုင်ငံတွေအထိ လူသားမျိုးနွယ်စုရဲ့အန္တရာယ် ဖြစ်တဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေ၊ ဖြန့်ဖြူးတာတွေလုပ်ဆောင်လျက်ရှိတဲ့အပြင် လူမျိုးရေး အကြောင်းပြပြီး သောင်းကျန်းသူအဖြစ်ဆောင်ရွက်လျက်ရှိပါတယ်။ လူမျိုးရေး အကြောင်းပြပြီး ဆောင်ရွက်နေတာဖြစ်ပေမယ့် ရခိုင်လူငယ်တွေပဲ မူးယစ်ဆေးဝါးရဲ့ သားကောင်တွေ ဖြစ်ပေါ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများအနေနဲ့ ဒီလိုအစွန်းရောက် လုပ်ဆောင်နေတဲ့ AA အကြမ်းဖက် သောင်းကျန်းသူ Arakan Drug Army (AA မူးယစ်ဆေးဝါး သောင်းကျန်းသူ) များကို ဆန့်ကျင်ဖို့၊ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အတွက် အကျိုးယုတ်စေမယ့်လုပ်ငန်းတွေဖြစ်လို့၊ ဒေသတွင်း နိုင်ငံများကိုပါ အန္တရာယ်ကျရောက်စေမယ့်လုပ်ငန်းတွေဖြစ်လို့ အားလုံးက ဝိုင်းဝန်းဆန့်ကျင် ကြဖို့နဲ့ ရရှိလာတဲ့သတင်းများကို တာဝန်ရှိသူများထံ အချိန်မီပေးပို့ကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။