နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးနှင့် လူငယ် အသင်းများအား အဖွဲ့ချုပ်ဥက္ကဋ္ဌ အားပေးချီးမြှင့်
- 1 view
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် အာရှ၊ အာဆီယံ ခြေစစ်ပွဲများနှင့်နိုင်ငံတကာ ပြိုင်ပွဲ အသီးသီးအတွက် ပြင်ဆင်လေ့ကျင့်နေသည့် အမျိုးသမီး လက်ရွေးစင်အသင်း၊ အမျိုးသားနှင့် အမျိုးသမီး လူငယ်လက်ရွေးစင်အသင်းများအား တွေ့ဆုံအားပေး၍ ထပ်ဆောင်းပံ့ပိုးငွေများ ပေးအပ်ခဲ့သည်။
မြန်မာ အမျိုးသမီး လက်ရွေးစင်အသင်းသည် အာရှဖလား ခြေစစ်ပွဲ(အိမ်ရှင်၊ ဇွန်လ)၊ အာဆီယံ ချန်ပီယံရှစ်(စက်တင်ဘာ)၊ ဆီးဂိမ်းစ် (ဒီဇင်ဘာ)ပြိုင်ပွဲများ၊ မြန်မာ အမျိုးသမီး ယူ-၁၉ အသင်းသည် အာရှခြေစစ်ပွဲ(ဩဂုတ်)၊ အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်(ဇွန်လ)၊ မြန်မာ အမျိုးသမီး ယူ-၁၆ အသင်းသည် အာရှ ယူ-၁၇ ခြေစစ်ပွဲ(အောက်တိုဘာ)၊ အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်(ဩဂုတ်)၊ မြန်မာ အမျိုးသား ယူ-၁၉ အသင်းသည် ၂၀၂၆ ခုနှစ်အတွင်း အာရှခြေစစ်ပွဲ၊ အာဆီယံချန်ပီယံရှစ်၊ မြန်မာ အမျိုးသား ယူ-၁၆ အသင်းသည် အာရှ ယူ-၁၇ ခြေစစ်ပွဲ (နိုဝင်ဘာလ)တို့အား အသီးသီး ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲ အသီးသီးတွင် ဆုတံဆိပ်ရရှိခြင်း၊ ခြေစစ်ပွဲအောင်မြင်ခြင်းများအတွက် အသင်းများအား ထိုက်တန်စွာ ဂုဏ်ပြု ချီးမြှင့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌက ပြောကြားသည်။
MFF အနေဖြင့် ကာလတိုလေ့ကျင့်သည့် အမျိုးသားလက်ရွေးစင် အသင်းကြီးမှအပ ကာလရှည် နေထိုင်လေ့ကျင့်ရသည့် အမျိုးသမီးနှင့် လူငယ်အသင်းများအား လစာနှုန်းထားဖြင့် ထောက်ပံ့လျက်ရှိသည်။
ယနေ့ လေကျင့်နေသည့် အမျိုးသမီးနှင့် လူငယ်အသင်း စုစုပေါင်း (၅)သင်းမှ ကစားသမား၊ နည်းပြ/ အုပ်ချုပ် (၁၈၆) ဦးအတွက် လစာအပြင် ထပ်ဆောင်းပံ့ပိုးငွေ တစ်ဦးလျှင် ကျပ် (၁)သိန်းဖြင့် စုစုပေါင်း ကျပ် (၁၈၆) သိန်းအား အဖွဲ့ချုပ်ဥက္ကဋ္ဌမှ ချီးမြှင့်ခဲ့ကြောင်း သိရသည်။