ပင်းပက်သံမဏိစက်ရုံစီမံကိန်း အပြီးသတ်ပေးမည်ဟု ရုရှား TPE ပြောကြား
- 4 views
အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းလုပ်ငန်းများကို အောင်မြင်ပြီးမြောက်သည့်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်ချက်၊ အခက်အခဲများကို ဖြေရှင်းကျော်လွှားနိုင်ရေး ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရုရှားအစိုးရပိုင် TPE Co., Ltd. မှ အဖွဲ့ခေါင်းဆောင်က ၂၀၂၅ ခုနှစ်၊ မေလ (၁၇) ရက်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
TPE ကျွမ်းကျင်ပညာရှင်အဖွဲ့အနေဖြင့် ပင်းပက်သံမဏိစက်ရုံ လည်ပတ်နိုင်ရေးအတွက် စက်ရုံရှိ Air Separation Unit တွင် တပ်ဆင်ထားရှိသည့် စက်ကိရိယာများကို စစ်ဆေးခြင်းနှင့် အပြီးသတ်စက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ (၈) မိုင်ခန့်အကွာ ပင်းပက်ဒေသတွင်ရှိသည့် မြေ (၅,၂၆၀) ဧကပေါ်တွင် တည်ဆောက်ထားသည်။
ရုရှားဘက်ကလည်း စီမံကိန်းအတွက် ယူရို (၁၀.၅) သန်းတန်ဖိုးရှိသည့် နည်းပညာအကူအညီများ ပေးအပ်ထားပြီး စီမံကိန်းပြန်လည်စတင်နိုင်ရေးအတွက် ကြီးကြပ်ရန်ကော်မတီကို ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကာကွယ်ရေးဝန်ကြီးဌာနပိုင် သံမဏိစက်ရုံ (၁) ရုံ၊ စက်မှုဝန်ကြီးဌာနပိုင် (၂) ရုံ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ပိုင် စက်ရုံ (၃) ရုံ ရှိပြီး ပုဂ္ဂလိကမှတ်ပုံတင် သံရည်ကျိုလုပ်ငန်း (၃၆၂) ခု ရှိတယ်လို့ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။