နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

06/25/2025 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ကျင်းပပြုလုပ်မည့် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (EEF 2025)သို့ တက်ရောက်ရန် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ မကြာမီရက်ပိုင်း အတွင်း တရားဝင်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ 

ခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (EEF 2025)သို့ တက်ရောက်ခြင်း၊ EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်နိုင်ငံသမ္မတနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်း၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေး ဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် Eurasian Economic Union – EAEU အဖွဲ့ဝင် နိုင်ငံများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ မှတစ်ဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ၏ ဖိတ်ကြားချက်အရ ဘူရားတီးရားပြည်နယ်သို့ သွားရောက်မည်ဖြစ်ပြီး အထင်ကရနေရာများနှင့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာသွားမည်ဖြစ်သည်။ အဆိုပါခရီးစဉ်များတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် စစ်ဘက်၊ နယ်ဘက်မှ အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားမည်ဖြစ်ကြောင်း သိရှိရသည်။