ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပြတ်တောက်သွားသော လက်ဖဝါးအား ပြန်ဆက်ပေးသည့် ခွဲစိတ်ကုသမှု အောင်မြင်စွာဆောင်ရွက်
- 5 views
06/25/2025
ဘားအံမြို့နေ အသက် (၂၇)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၂၀၂၅ ခုနှစ်၊ မေလ ၂၄ ရက်နေ့၊ နံနက်(၁၁)နာရီခန့်တွင် ဓားဖြင့် ခုတ်ခံရခြင်းကြောင့် ဘယ်ဖက်လက်ဖဝါး ပြတ်တောက်သွားရာ ပြည်သူ့ဆေးရုံကြီး-ဘားအံမြို့၌ အရေးပေါ်ကုသမှုပေးကာ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ယင်းနေ့ ညနေ(၆း၁၅)နာရီအချိန်တွင် ရောက်ရှိခဲ့ကြောင်းသိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်လူနာဌာန၌ လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်၍ ပြတ်တောက်သွားသော လက်ဖဝါးအား ပြန်ဆက်သည့်ခွဲစိတ်ကုသမှု (Replantation Surgery) ကို အဆိုပါနေ့ရက် ည (၁၀း၃၀)နာရီမှ စတင်၍ ဆောင်ရွက်ခဲ့ရာ မေလ ၂၅ ရက်နေ့၊ နံနက် (၅း၃၀)နာရီအချိန်တွင် အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့သည်။ အဆိုပါလူနာမှာ ကျန်းမာရေးကောင်းမွန်ပြီး ခွဲစိတ်ကုသထားသည့် လက်၏သွေးလည်ပတ်မှုကောင်းမွန်သဖြင့် ဇွန်လ ၁၁ ရက် နေ့တွင် ဆေးရုံဆင်းခွင့်ရရှိပြီး ဇွန်လ ၁၆ ရက်နေ့ ရက်ချိန်း ပြန်လည်ပြသရာ၌လည်း လက်အခြေအနေကောင်းမွန်လျက်ရှိသည်။
အဆိုပါခွဲစိတ်ကုသမှုကို လက်ပိုင်းဆိုင်ရာခွဲစိတ်ကုသမှုပါရဂူဘွဲ့(ဒုတိယနှစ်) သင်တန်းသား အထူးကုဆရာဝန်များဖြစ်သော ဒေါက်တာရဲနိုင်ဦးနှင့် ဒေါက်တာအောင်လှိုင်ဖုန်း၊ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုပါရဂူဘွဲ့(တတိယနှစ်) သင်တန်းသူ ဒေါက်တာခိုင်မေဦး၊ လက်ထောက်ဆရာဝန် (အရိုး) ဒေါက်တာ ရာဇာအောင်စောဝင်း၊ ဆေးပညာမဟာသိပ္ပံ(ဒုတိယနှစ်) ဘွဲ့လွန် သင်တန်းသား ဒေါက်တာ စိုင်းသီဟ တို့ပါဝင်သော လက်ပိုင်းဆိုင်ရာခွဲစိတ်မှု ဆရာဝန်များအဖွဲ့၊ လက်ထောက်ဆရာဝန် (မေ့ဆေး) ဒေါက်တာဒေလီယာစိုးဝင်းနှင့် မေ့ဆေးဆရာဝန်များအဖွဲ့၊ သူနာပြုဆရာမကြီး ဒေါ်မို့မို့အောင် ဦးဆောင်သည့် သူနာပြုများအဖွဲ့နှင့် ဆက်စပ်ဌာနများဖြစ်သည့် ဓာတ်ခွဲ၊ ဓာတ်မှန် ကျွမ်းကျင်ဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ၂၀၂၂ ခုနှစ်တွင် လက်ဖျံပြန်ဆက်သည့်ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့သူတစ်ဦး၊ ၂၀၂၃ ခုနှစ်တွင် လက်မောင်းပြန်ဆက်သည့် ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့သူ တစ်ဦ:၊ ၂၀၂၄ ခုနှစ်တွင် လက်မ ပြန်ဆက်သည့် ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့သူ တစ်ဦး ၊ ၂၀၂၅ ခုနှစ် ယခုအချိန်အထိ လက်ဖဝါးပြန်ဆက်သည့် ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့သူ တစ်ဦးတို့အား အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထိုသို့ လက်ပြတ်တောက်သွားသည့် လူနာကဲ့သို့ ပြတ်တောက်သွားသောလက်ကို ခွဲစိတ်ကုသမှုဆောင်ရွက်ရန်အတွက် ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းပေးပို့မည်ဆိုပါက ပြတ်တောက်သွားသောလက်အား ရေသန့်သန့် သို့မဟုတ် အကြောဆေးရည် (Normal Saline or Ringer Lactate) ဖြင့် ဆေးပြီးနောက် အကြောဆေးရည်ဖြင့် စိုစွတ်အောင် စိမ်ထားသော ခွဲစိတ်ခန်းသုံး အဝတ်စ (Gauze)ဖြင့်ပတ်၍ သန့်ရှင်းသော ပလတ်စတစ်အိတ် သို့မဟုတ် ဘူးထဲသို့ထည့်၍လည်းကောင်း၊ အကြောဆေးရည်ထည့်ထားသော သန့်ရှင်းသည့် ပလတ်စတစ်အိတ် သို့မဟုတ် ဘူးထဲသို့ထည့်၍လည်းကောင်း လုံခြုံစွာပိတ်ပြီး ရေခဲထည့်ထားသော ရေခဲပုံးအတွင်းထည့်၍ အမြန်ဆုံးလွှဲပြောင်း ပေးပို့နိုင်ကြောင်းသိရသည်။