ခရီးသွားလုပ်ငန်းဖြင့် နိုင်ငံခြားဝင်ငွေ ရရှိစေမည့် ကော့သောင်းမြို့
- 6 views
06/26/2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၅)ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့တွင် ကျင်းပခဲ့သည်။
အစည်းအဝေး၌ ပင်လယ်ပြင်ခရီးသွားလုပ်ငန်းဖြစ်သော ကော့သောင်းမြို့တွင်နိုင်ငံခြားရွက်လှေ (၅၉)ကြိမ်၊ ခရီးသွားဦးရေ (၆၀၀)ကျော် ဝင်ရောက် လည်ပတ်ခဲ့ကြောင်း၊ နေ့ချင်းပြန်ခရီးသွားအနေဖြင့် (၃၈၄)ကြိမ်၊ နိုင်ငံခြားခရီးသွား ဧည့်သည် (၅,၆၈၆)ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း၊ ကျွန်းစခန်းများတွင် ကျားဖြန့်ဂိုဏ်းများ မဝင်ရောက်နိုင်ရေး Call Center များဖြင့် သေချာစွာစနစ်တကျ စိစစ်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် မကြာခင်ကာလအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
ကော့သောင်းမြို့သည် မြန်မာနိုင်ငံ၏တောင်ဘက် အစွန်ဆုံးမြို့တစ်မြို့ဖြစ်ပြီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် တည်ရှိသည်။ ထိုင်းအခေါ်အဝေါ်အရ ဗောနင်းကျွန်းနှင့် ဗောင်ဝါးကျွန်းနှစ်ကျွန်းကို အစွဲပြုကာ ကော့စွန်းဟု ခေါ်တွင်ရာမှ ကော့သောင်းမြို့ဟု အမည်တွင်ခဲ့သည်။ ကော့သောင်းမြို့သည် ရန်ကုန်မြို့မှ (၈၀၀) ကီလိုမီတာတွင် တည်ရှိပြီး၊ ထိုင်းနိုင်ငံနယ်စပ် ရနောင်းမြို့အနီးတွင် တည်ရှိသည်။
ကော့သောင်းမြို့သည် နယ်စပ်မြို့ ဖြစ်သည့်အားလျော်စွာ အချို့နိုင်ငံခြားသားခရီးသည်များသည် ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လည်ပတ်ကြပြီး ကျွန်းများဆီသို့ ခရီးနှင်ကြသူ ပိုမိုများပြားလှသည်။
ကော့သောင်းမြို့မှ လှမ်းကြည့်လျှင်တစ်ဖက် ထိုင်းနိုင်ငံ ရနောင်းမြို့နှင့် နာမည်ကျော် သူဌေးကျွန်းကို တွေ့မြင်နိုင်သည်။