မြန်မာဖိုက်တာ ဂျိုရှုအာဗန်နှင့် ဘရန်ဒန်ရွိုင်ဗယ်ပွဲကို Fight of the Month အဖြစ် UFC ရွေးချယ်

ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲများ ကျင်းပနေသော UFC သည် ဇွန်လအတွက် အကောင်းဆုံးပွဲ Fight of the Month အဖြစ် မြန်မာဖိုက်တာ ဂျိုရှုအာဗန်နှင့် အမေရိကန်ဖိုက်တာ ဘရန်ဒန်ရွိုင်ဗယ်တို့ ထိုးသတ်သည့်ပွဲကို ရွေးချယ်လိုက်ကြောင်း ဇူလိုင် ၁ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ 

မြန်မာစံတော်ချိန် ဇွန် ၂၉ ရက်က ကျင်းပသည့် UFC-317 ပြိုင်ပွဲတွင် ပါဝင်ထိုးသတ်သည့် ဂျိုရှု အာဗန်နှင့် ဘရန်ဒန်ရွိုင်ဗယ်ပွဲမှာ ပရိသတ်အကြိုက် တွေ့ခဲ့သလို နှစ်ဦးစလုံးလက်သီးချင်း အားပြိုင်ကာ ဂျိုရှုအာဗန်က အမှတ်ဖြင့် အနိုင်ရခဲ့သည်။ ၎င်းတို့ နှစ်ဦးထိုးသတ်သည့်ပွဲမှာ ယင်းပြိုင်ပွဲ၏ Fight of the Night အဖြစ် ရွေးချယ်ခံရသလို ဇွန်လအတွက် အကောင်းဆုံးပွဲ Fight of the Month အဖြစ်ပါ ထပ်မံရွေးချယ်ခံရခြင်းဖြစ်သည်။ 

မြန်မာဖိုက်တာ ဂျိုရှုအာဗန်သည် လက်စွမ်းပြ အနိုင်ရခဲ့သဖြင့် ဝါရင့် MMA ဖိုက်တာများ၏ ချီးကျူးခြင်းခံရသလို UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကိုလည်း စိန်ခေါ်ခွင့်ရရှိခဲ့ကြောင်း သိရသည်။