ဆန်စက်များတွင် ဆိုလာစွမ်းအင် သုံးစွဲနိုင်ရန် ကုမ္ပဏီ (၁၇) ခုနှင့် MOU ရေးထိုးထား

ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီကြီးများ၏ ဆန်စက်များတွင် ဆိုလာစွမ်းအင်ကို တိုးမြှင့် သုံးစွဲနိုင်ရန် ရည်ရွယ်ပြီး ဆိုလာစွမ်းအင်စွမ်းအင်ဆိုင်ရာ ကုမ္ပဏီ (၁၇) ခုနှင့် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)မှ သိရသည်။

ဆိုလာနည်းပညာနှင့် လုပ်ငန်းအကောင်အထည်ဖော်ရာတွင် အကြံဉာဏ်ပေးနိုင်ရေးအတွက် Smart Power Myanmar နှင့် MRF တို့အကြား Letter of Intent (LoI)ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ပြီး ဆိုလာကုမ္ပဏီများဖြစ်ကြသည့် Danayarzar Construction၊ Asia Mega Link၊ ACEE တို့နှင့်လည်း MOU ရေးထိုးခဲ့ကြသည်။

MRF အနေဖြင့် ဆန်စက် (၂၈)ခုအတွက် တပ်ဆင်အင်အား (၄၁.၉)မဂ္ဂါဝပ် ရရှိနိုင်အောင် ယခုနှစ် မတ်လမှ စတင်ပြီး ကနဦးစူးစမ်းလေ့လာရေး၊ တည်ဆောက်တပ်ဆင်ရေးများကို ဆောင်ရွက်လျက် ရှိကြောင်း ထုတ်ပြန်ထားသည်။

ဆိုလာစွမ်းအင်လည်ပတ်နိုင်ရေးအတွက် ၂၀၂၃ ခုနှစ်တွင် စတင်ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး နေပြည်တော် ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်များရှိ ဆန်စက်များတွင် အကောင်အထည်ဖော်လျက်ရှိသည်။

လက်ရှိတွင် ဆိုလာစွမ်းအင်တပ်ဆင်မည့် စနစ်အမျိုးမျိုးများဖြင့် ဆိုလာကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ရရှိမည့် လျှပ်စစ်ဓာတ်အားကို ဝယ်ယူသုံးစွဲရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ထားပြီး MRF အနေဖြင့် ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆန်/ ဆန်ကွဲ တန်ချိန် (၃) သန်း တင်ပို့ရောင်းချနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပေါင်းဆန်တန်ချိန် (၃)သိန်း တင်ပို့နိုင်ရေး လျာထားပြီး ပေါင်းဆန်စက် (၃၀)ကို အဆင့်မြှင့် တင်ခြင်းနှင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်