အောင်မြေသာစံမြို့နယ်တွင် ငလျင်ဒဏ်သင့်ဘုန်းတော်ကြီးကျောင်း (၅၀) နှင့် သီလရှင်ကျောင်း (၅၀) အား ဗီယက်နမ်ဆရာတော်နှင့်အလှူရှင်အဖွဲ့က အလှူငွေများ ဆက်ကပ်လှူဒါန်း
- 2 views
07/10/2025
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ မဟာဝိဇယာရာမခင်မကန်ဓမ္မဗိမာန်တော်ကြီး၌ ဇူလိုင်လ(၆)ရက်တွင် နန်းတော်ရှေ့ရှိ ငလျင်ဒဏ်သင့်ဘုန်းတော်ကြီးကျောင်း(၅၀)သို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ်(၉၀)၊ ရမ္မာဝတီလမ်း၊ မဟာပုညဝိဟာရကျောင်းဆရာတော် သဒ္ဒမ္မဇောတိကဓဇ အရှင်ဝိမလထံသို့ ကနေဒါနိုင်ငံ Trae Lam Tay Thein ဘုန်းတော်ကြီးကျောင်း ဆရာတော် HT. Thich Thein Tamq နှင့် ဗီယက်နမ်ဆရာတော် (၄)ပါး၊ သီလရှင်(၂)ပါးနှင့် အလှူရှင်များအဖွဲ့က ဇူလိုင်လ(၆)ရက်နေ့တွင် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
ဗီယက်နမ်ဆရာတော်များအဖွဲ့သည် မဟာဝိဇိယာရာမ ခင်မကန်တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသုဇနအမှူးပြုသော ပင့်သံဃာအပါး(၅၀)တို့အား တွေ့ဆုံဖူးမြော်ကန်တော့ကြပြီး ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းရခြင်းအကြောင်း လျှောက်ထားကာ ကျောင်းထိုင်ဆရာတော် တစ်ပါးလျှင် အလှူငွေငါးသိန်းကျပ်နှုန်းဖြင့်စုစုပေါင်း အလှူငွေကျပ်သိန်း(၂၅၀)ကို လှူဒါန်း ဆက်ကပ် ကြသည်။ ထို့နောက် သံဃာတော်များက အလှူရှင်များအား မေတ္တသုတ်ရွတ်ဖတ် ဆုတောင်းပေး ကြသည်။ အလှူရှင်ဗီယက်နမ်ဆရာတော်များနှင့်အဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်ရှိ ကမ္ဘောဇဝါဒီ သီလရှင်ကျောင်းတိုက်တွင် ငလျင်ဒဏ်သင့်သီလရှင်ကျောင်း(၅၀)မှ သီလရှင်ဆရာကြီးများအား တစ်ကျောင်းလျှင် ငွေကျပ် (၅)သိန်းစီ၊ စုစုပေါင်း အလှူငွေကျပ်သိန်း(၂၅၀) ကိုလည်း ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
အလှူရှင်ဗီယက်နမ်ဆရာတော်များနှင့်အဖွဲ့သည် ဇူလိုင် ၆ ရက် နံနက်ပိုင်းတွင် မန္တလေးတောင် ဆုတောင်းပြည့်မြတ်စွာဘုရား၊ မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားနှင့် အတုမရှိ ကျောင်းတော်ကြီးရှိ စူဠာမုနိရုပ်ရှင်တော်မြတ်ကြီးတို့အား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။