ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
- 1 view
10/03/2025
တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ထားသည့် မြို့နယ်၊ ကျေးရွာ၊ ဒေသအချို့တို့၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation)များကို ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ထားခဲ့သည့် ကျောက်မဲမြို့အား အောက်တိုဘာ ၁ ရက်နေ့တွင် တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများက ဝမ်းမြောက်စွာ အားပေးထောက်ခံမှုနှင့်အတူ တပ်မတော်စစ်ကြောင်းများအား ကြိုဆိုအားပေးခဲ့ကြသည်။
ကျောက်မဲမြို့နယ်တစ်ဝိုက်အား အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားစဉ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် အိုးအိမ်တိုက်တာစည်းစိမ်များကို စွန့်ခွာတိမ်းရှောင်နေကြရပြီး ၎င်းတို့၏ လူ့အခွင့်အရေးဆုံးရှုံးမှုများ၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် အဖက်ဖက်မှနိမ့်ကျမှုများ၊ တိုက်ပွဲ၏အနိဋ္ဌာရုံများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရမှုများကြောင့် တပ်မတော်က ကျောက်မဲဒေသတစ်ဝိုက်အား အပြီးတိုင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ ဝမ်းမြောက်စွာ ကြိုဆိုလက်ခံကြပြီး ယာယီနေရပ်စွန့်ခွာနေရပ်ထိုင်ခဲ့ရသည့် ဒေသခံတိုင်းရင်းသားပြည်သူအချို့မှာလည်း ၎င်းတို့၏နေရပ်ဒေသများသို့ အားခြင်းပြန်လည်ဝင်ရောက်လျက်ရှိကြကြောင်း သိရှိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ကျောက်မဲမြို့နယ်နှင့် ပတ်ဝန်းကျင်တစ်ဝိုက်ရှိ ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းပျော်ရွှင်စွာ လူမှုစီးပွားဘဝအတွက် ရှာဖွေလုပ်ကိုင်စားသောက်နိုင်ရေးနှင့် အစိုးရအုပ်ချုပ်မှုယန္တရား ပြန်လည်လည်ပတ်နိုင်ရေး၊ ၎င်းတို့၏ မြို့/ရွာများရှိ နေအိမ်များတွင် ပြန်လည်နေထိုင်နိုင်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားစဉ် ယုတ်မာရိုင်းစိုင်းစွာ၊ အသိတရားကင်းမဲ့စွာဖြင့် မီးရှို့ဖျက်ဆီးခဲ့သည့် ရုံး/ဌာနအဆောက်အအုံများ၊ လူနေအဆောက်အအုံများ၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာအဆောက်အအုံများအား ပြန်လည်ပြုပြင်နိုင်ရေးနှင့် အကြမ်းဖက်သမားများ ရက်စက်ယုတ်မာစွာ လုပ်ဆောင်ခဲ့သည့် မြေမြှုပ်မိုင်းအန္တရာယ်မှ ကင်းရှင်းစေရန် မြို့/ရွာများအတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ဒေသခံပြည်သူလူထုအား လိုအပ်သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားရန်နှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးနှင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများသည် လိုအပ်သည့် ကူညီထောက်ပံ့ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့်အတူ မော်တော်ယာဉ်များဖြင့် အောက်တိုဘာ ၂ ရက်နေ့တွင် ကျောက်မဲမြို့သို့ ရောက်ရှိလာကြရာ ဒေသခံတိုင်းရင်းသားပြည်သူများက ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။
ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့်လည်း စစ်၏ဆိုးကျိုးများကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ကြရသဖြင့် ငြိမ်းချမ်းမှုကိုသာ လိုလားကြောင်း၊ ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်ခွင့်၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကလေးငယ်များ၏ ပညာသင်ယူခွင့်တို့ကိုလည်း ယခင်ငြိမ်းချမ်းစဉ်ကာလကဲ့သို့ပင် ပုံမှန်ပြန်လည် လည်ပတ်စေရန်မျှော်လင့်ကြောင်း၊ အကြမ်းဖက်လုပ်ရပ်များကြောင့် အဖက်ဖက်က ပျက်စီးဆုံးရှုံးခဲ့ရသည့် ကျောက်မဲမြို့အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ချိန်များတွင် တပ်မတော်နှင့်အတူ ဝိုင်းဝန်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
10/03/2025
PDF အမည်ခံ အစွန်းရောက်အကြမ်းဖက်သမားများသည် သာသနာတော်အကျိုးသယ်ပိုးလျက်ရှိသော ရဟန်းသံဃာတော်များ၊ အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့အရပ်သားပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်လုပ်ရပ်များအား လူမဆန်စွာ ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှပစ်ခတ်ဖောက်ခွဲခြင်းများ၊ အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းများအား ယုတ်မာရိုင်းစိုင်း၍ အသိတရားကင်းမဲ့စွာ ကျူးလွန်လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ အောက်တိုဘာ ၂ ရက်နေ့ ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်၊ ချီပါ(တောင်)ရွာအနီးမှ PDF အမည်ခံအကြမ်းဖက်သမားများသည် သာသနာတော်အကျိုးသယ်ပိုးလျက်ရှိသော သံဃာတော်များ သီတင်းသုံးနေထိုင်လျက်ရှိသည့် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းသို့ ယုတ်မာရိုင်းစိုင်းစွာဖြင့် လက်လုပ်ရှော့တိုက်ဒုံးပစ်ခတ်ခဲ့သောကြောင့် အောင်မြေဘုန်းတော်ကြီးကျောင်းဝင်းရှိ ချမ်းမြေ့ကျောင်းတိုက်အတွင်းသို့ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းတော်ကြီးကျောင်းမှ စာသင်စာချပြုလုပ်နေသည့် သံဃာတော်များဖြစ်သည့် သက်တော် ၁၂ နှစ် နှင့် ၁၃ နှစ်အရွယ် သာမဏေကိုရင် ၃ ပါး ပျံလွန်တော်မူခဲ့ပြီး ကိုရင် ၈ ပါး ဗုံးစထိမှန် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပျံလွန်တော်မူ၊ ဒဏ်ရာရရှိခဲ့သည့် ကိုရင်ငယ်များအား ရွှေဘိုမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
PDF အမည်ခံအကြမ်းဖက်သမားများသည် ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သည့် သာသနာနိကအဆောက်အအုံနေရာသို့ အသိတရားကင်းမဲ့စွာဖြင့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ခဲ့ခြင်းအတွက် ဒေသခံပြည်သူများအနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိဒေသခံပြည်သူများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကာကွယ်စောင့်ရှောက်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
02/10/2025
တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများကို အခြေခံစစ်ပညာနှင့် တန်းမြင့်စစ်ပညာသင်တန်းများ စခန်းချလေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏တာဝန်များ ထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက်မြင့်မားပြီး အရည်အချင်းပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး၏ တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၌ ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ထိုသို့ ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင်များ၏ အခြေခံစစ်ပညာသင်တန်းနှင့်တန်းမြင့်စစ်ပညာ သင်တန်းဖွင့်ပွဲများကို နေပြည်တော်ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဗထူးတပ်မြို့၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တို့ရှိနယ်မြေခံ သင်တန်းကျောင်းများ၌ ကျင်းပပြုလုပ်ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲများသို့ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှတိုင်းမှူးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ သင်တန်းတာဝန်ခံအရာရှိများ၊ သင်တန်း ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဖွင့်အမှာစကားများ အသီးသီးပြောကြားကြသည်။
ထို့နောက် တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ကျောင်းသား/ ကျောင်းသူများ၏ ကပြဖျော်ဖြေမှု များကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အားကစားပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြသည်။
ယခုဖွင့်လှစ်သော သင်တန်းများအနေဖြင့် ပထမနှစ်အခြေခံစစ်ပညာသင်တန်း၊ ဒုတိယနှစ်အခြေခံ စစ်ပညာသင်တန်း၊ ပထမနှစ်တန်းမြင့်စစ်ပညာသင်တန်းနှင့် ဒုတိယနှစ် တန်းမြင့်စစ်ပညာသင်တန်းတို့ဖြစ်ပြီး သာမန်သင်တန်းချိန်နှင့် စခန်းချလေ့ကျင့်ချိန် အလိုက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
10/02/2025
နေပြည်တော် အောက်တိုဘာ ၁
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေးအသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် "Thu Myae Chann" Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်နေ ချမ်းမြေ့သူ (ခ)ကိုချမ်းအား ညနေ ၅ နာရီ ၅ မိနစ်တွင်လည်းကောင်း၊ “Saing Hleng” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်နေ စိုင်းဆိုင်လိုင်း(ခ)ဆိုင်လျန်းအား စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင်လည်းကောင်း သက်ဆိုင်ရာရဲစခန်းအသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
မီဒီယာဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန(ရုံးချုပ်)၊
ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၇)၊
နေပြည်တော်။
ဆက်သွယ်ရန်ဖုန်း - ၀၆၇၃-၄၁၂၈၆၂