ရှာဖွေ‌ရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

17/17/2025 

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် နော်ဝေနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းပြုလုပ်သည့် ရှာဖွေ‌ရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ (၁၅)ရက်နေ့က ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။  

ဖွင့်ပွဲအခမ်းအနား၌ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က တက်ရောက်အမှာစကားပြောကြားခဲ့သည်။ အမှာစကားပြောကြားရာတွင် ယခုအလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အမြုတေလုပ်ငန်းဖြစ်သော ရှေးဦးပြုစုခြင်းနှင့်အရေးပေါ်လူနာတင်ယာဥ်လုပ်ငန်းများမှသည် နိုင်ငံတစ်ဝန်း သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် ချိတ်ဆက်ကာ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ရာတွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းအပိုင်းကို တိုးမြှင့်ဆောင်ရွက်မည့် ကနဦးခြေလှမ်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ကူညီကယ်ဆယ်ရေးအပိုင်းကို ပိုမိုလုပ်ဆောင်ဖို့ အားပေးနေချိန်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းအ‌နေဖြင့်လည်း ယခင်ကတည်းက ကူညီကယ်ဆယ်ရေးကဏ္ဍများတွင် ပါဝင်ရာမှ ယခု ပိုမိုတိုးမြှင့် ပါဝင်လုပ်ဆောင်နိုင်ရန်ရည်ရွယ်ကာ လိုအပ်မည့်ကိရိယာပစ္စည်းများကို  မိတ်ဆက်‌ခြင်းနှင့်ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းများကို ဆွေးနွေးမည့် အလုပ်ရုံဆွေးနွေးပွဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ Deputy.Head of Delegation & Head of Program and Prevention Mr. Xavier Collard De Macquerh ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ Head of delegation Ms. Nardia နှင့် နော်ဝေနိုင်ငံ ကြက်ခြေနီအသင်းမှ Deputy Regional Representative for Asia မှ Mrs.Marian Frances Steven တို့က နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ အသင်းဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တင်တင်လေး၊ အလုပ်အမှုဆောင်များဖြစ်သည့် ပါမောက္ခ ဒေါက်တာတင်မောင်လှိုင်၊ ပါမောက္ခ ဒေါက်တာဒေါ်မြသူ၊ ပါမောက္ခ ဒေါက်တာဒေါ်ရီရီတင်၊ ပါမောက္ခ ဒေါက်တာ‌ဒေါ်မာလာဝင်း၊ ဒေါက်တာစိုးလှိုင်၊ ဦးကျော်မိုးကြည်နှင့်တာဝန်ရှိသူများ၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီများမှ ဥက္ကဋ္ဌများ ကြက်ခြေနီတပ်ဖွဲ့မှူးများနှင့် တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးနှင့် တာဝန်ရှိသူများ၊ အသင်း၏ ဒုတိယအထွေထွေအတွင်းရေးမှူးနှင့် လက်ထောက်အထွေထွေအတွင်းရေးမှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီမှ တာဝန်ရှိသူများ၊ နော်ဝေနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ မိတ်ဖက်ကြက်ခြေနီအသင်းများ၊ အသင်းဌာနချုပ်ရုံးမှ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ဇူလိုင်လ (၁၅)ရက်နေ့တွင် ပြုလုပ်သည့်  အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ အဆင့်မြင့် နိုင်ငံတကာသုံးပစ္စည်းများအသုံးပြုပုံနှင့် အသင်း၏ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ များအတွက် ကိုက်ညီမည့် စွမ်းဆောင်ရည်မြှင့် အစီအစဥ်များအ‌ကြောင်းကို ဆွေးနွေးခဲ့ကြသည်။