photo

ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြစ်အတွင်း ငွေကျပ် ၂၉ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၉၇ ကီလို သိမ်းဆည်းရမိ

09/26/2025

နေပြည်တော် စက်တင်ဘာ ၂၅

ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြစ်အတွင်း ငွေကျပ် ၂၉ ဘီလီယံ ကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၉၉၇ ကီလို သိမ်းဆည်း ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ရေကြောင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၆ ရက် နံနက် ၁ နာရီခွဲတွင် ရန်ကုန်မြစ်အတွင်း လှည့်ကင်းဆောင်ရွက်စဉ် ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြစ်မြစ်သုံးဆိုင် ရေပြင်အနီးတွင် ခင်မောင်လင်းနှင့် သက်ပိုင်ထူး(ခ)သက်ပိုင်တို့ကို သမ္ဗန်စက်လှေဖြင့် သယ်ဆောင်လာသည့် အိုက်စ်(မက်သ်အဖက်တမင်း) ၉၉၇ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၂၉ ဒသမ ၉၁ ဘီလီယံ)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်အရ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်း တွင် ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များကို တင်ဆောင်ပေးသူ ကျော်စိုးမင်းအား ဒလမြို့နယ် သမ္မတကမ်းခြေရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်အရ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ယင်းနေ့မွန်းလွဲပိုင်းတွင် ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ခိုင်းသူ ကျော်သိန်းဦး(ခ)ကျော်ကြီးကို ပုဇွန်တောင် မြို့နယ်တွင်လည်းကောင်း၊ ဇော်မင်းနိုင်(ခ) ဇော်မင်းလတ်အား ရန်ကင်းမြို့နယ်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း။

စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် အိုက်စ် (မက်သ် အဖက်တမင်း)များအား ကွမ်းခြံကုန်းမြို့နယ် ရန်ကုန်မြစ် မြက်စိမ်း ကျွန်းသို့ သဲစုပ်စက်လှေဖြင့် ပို့ဆောင်ပေးခဲ့သူ မျိုးနိုင် (ခ)အကြီးကောင်အား ဒဂုံဆိပ်ကမ်းမြို့နယ်တွင် စက်လှေတစ်စင်းနှင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းဆီးရမိ စိတ်ပြောင်းဆေးဝါး အိုက်စ်(မက်သ်အဖက်တမင်း)များကို သယ်ဆောင် ခိုင်းသူမှာ ကိုထွန်း (ခ) အောင်ကျော်စွာမြင့်(ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး ရန်ကုန်မြို့ မြက်စိမ်းကျွန်းမှတစ်ဆင့် ပင်လယ်ဝသို့ စက်လှေဖြင့် ဆက်လက်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အားမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

26.09.2025
photo

တပ်မတော်စစ်ကြောင်းများက KIA ၊ AA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများပူးပေါင်းအဖွဲ့ ယာယီထိန်းချုပ်ခဲ့သည့် ကချင်ပြည်နယ် ဗန်းမော်မြို့အနီးရှိ တပ်ဌာနချုပ်များ၊ တပ်စခန်းများနှင့် ရပ်ကွက်ကျေးရွာအချို့အား ပြန်လည်ထိန်းချုပ်ရရှိ

09/12/2025

နေပြည်တော် စက်တင်ဘာ ၁၁

KIA အကြမ်းဖက်သောင်းကျန်းသူများသည် AA နှင့် PDF အမည်ခံအကြမ်းဖက်သမားများနှင့် ပူးပေါင်း၍ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ နယ်စပ်ဒေသကုန်သွယ်ရေးအတွက် အရေးပါသော ဗန်းမော် - တာဆိုင်း - မြို့သစ် - လိုင်ဇာလမ်းကြောင်း၊ ဗန်းမော် - မိုးမောက် - တာဆိုင်း - လိုင်ဇာလမ်းကြောင်း၊ ဗန်းမော် - မိုးမောက် - လွယ်ဂျယ်လမ်းကြောင်းများကို ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ် မတ် လ ၇ ရက်မှစ၍ တရုတ်-မြန်မာ နှစ်နိုင်ငံကြားနယ်မြေထိစပ်လျက် ရှိသော ကချင်ပြည်နယ်အရှေ့ဘက်ရှိ နယ်မြေလုံခြုံရေးစခန်းများနှင့် ဒေါ့ဖုန်းယန်မြို့၊ မြို့သစ်မြို့၊ တာဆိုင်းရွာတို့ကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယာယီထိန်းချုပ်ထားခဲ့သည်။

ယင်းနောက် မိုးမောက်မြို့ရှိ တစ်ခုတည်းသော နယ်မြေခံလုံခြုံရေးတပ်ရင်းအား ၂၀၂၄ ခုနှစ် ဧပြီ လ ၂၄ ရက်မှစ၍ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်၊ ရဲမေများအနေဖြင့် ကြံ့ကြံ့ခိုင်ခိုင် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်သောင်းကျန်းသူများ အထိနာ၍ ဇွန်လ ၂၅ ရက်နေ့တွင် မိုးမောက်မြို့နှင့်အနီးဝန်းကျင်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

ထို့နောက် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် လူအင်အားထပ်မံဖြည့်တင်းခြင်း၊ မိုးမောက်မြို့တွင်းရှိ ပြည်သူလူထုနေအိမ်များအား ဖောက်ထွင်း၍ လိုအပ်သည့် ရိက္ခာ၊ ဆေးပစ္စည်းများအား အဓမ္မယူဆောင်ခြင်း၊ လူသစ်စုဆောင်းခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဇူလိုင် လ ၂၄ ရက်နေ့တွင် လက်နက်ကြီးများ၊ Drone များဖြင့် Drop Bomb များ ကြဲချတိုက်ခိုက်ခြင်းနှင့် လူအင်အားအမြောက်အမြား အသုံးပြု၍ မိုးမောက်မြို့ရှိ နယ်မြေခံတပ်ရင်းအား ထပ်မံ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မဆုတ်မနစ်သော စိတ်ဓာတ်များဖြင့် ကြံ့ကြံ့ခံ ခုခံတိုက်ခိုက်ခဲ့သော်လည်း အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ၏ သာလွန်အင်အားအသုံးပြု၍ တိုက်ခိုက်လာမှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုအနည်း ဆုံးဖြစ်စေရေးအတွက် သြဂုတ်လ ၁၈ ရက်တွင် ကြားခံစစ်အဆင့်ဆင့်ဖြင့် ဗန်းမော်မြို့သို့ စနစ်တကျ ဆုတ်ခွာ၍ ဗန်းမော်မြို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းခဲ့ရသည်။

ယင်းနောက် တပ်မတော်စစ်ကြောင်းများသည် ဗန်းမော်မြို့၌ စနစ်တကျပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ခဲ့ပြီးနောက် သြဂုတ် ၂၀ ရက်တွင် မိုးမောက်မြို့အား အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ အထိနာခဲ့သည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် မိုးမောက်မြို့ရှိ နယ်မြေခံတပ်ရင်းအား ပြန်လည်သိမ်းပိုက်ရရှိနိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိချိန်တွင် အထိနာလျက် ရှိသော အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် စစ်မျက်နှာပြောင်းလဲ၍ မိုးမောက် မြို့သို့ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော တပ်မတော်စစ်ကြောင်းများအား လက်နက်၊ ခဲယမ်း၊ ရိက္ခာများ အဓိကထောက်ပံ့ပေးလျက်ရှိသည့် ဗန်းမော်မြို့ရှိ လေယာဉ်ကွင်း၊ တပ်ရင်းဌာနချုပ် များအား ပိတ်ဆို့ဖြတ်တောက်နိုင်ရေးအတွက် ဗန်းမော်မြို့ဒေသခံပြည်သူလူထုအတွင်း ဒေသခံများ အသွင် စိမ့်ဝင်နေထိုင်လျက်ရှိသည့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကူအညီများ ရယူကာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှစ၍ နှစ်လအတွင်း ဗန်းမော်မြို့ အားအပြီးသိမ်းပိုက်ရန် ကြွေးကြော်လျက် ဗန်းမော်မြို့တွင်းသို့ တောင်ဘက်နှင့် မြောက်ဘက် နှစ်ဖက်ညှပ်၍ တပ်မဟာအလိုက်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗန်းမော်မြို့ရှိ ပြည်သူလူထုအချို့အနေဖြင့် စိုးရိမ်ထိတ်လန့်ခဲ့ကြရပြီး နေရပ်စွန့်ခွာထွက်ပြေး၍ ဘေးလွတ်ရာသို့ တိမ်းရှောင်နေခဲ့ရသည်။

အလားတူ မံစီမြို့အား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်၍ ခေတ္တစိုးမိုးထားသည့် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည်လည်း မံစီ - ဗန်းမော်လမ်းကြောင်းအတိုင်း ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာ ဗန်းမော်မြို့တောင်ဘက်ရှိ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့မှုများ ဖြစ်ပွားခဲ့သည်။

ထို့အပြင် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် ဗန်းမော်မြို့၏ ဆက်သွယ်ရေးလမ်းကြောင်းများအား ဖြတ်တောက်ပိတ်ဆို့ခြင်းများကြောင့် ဒေသတွင်း ကုန်စည် စီးဆင်းမှု ခေတ္တရပ်တန့်သွားခဲ့ရသဖြင့် ဒေသအတွင်း ကျန်ရှိသည့် ဒေသခံများ၏ စားရေး၌ အခက်အခဲ၊ အကျပ်အတည်းများဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ သို့ဖြစ်၍ အစိုးရနှင့် တပ်မတော်မှ ဒေသခံပြည်သူများ၏ စားသောက်နေထိုင်ရေးအတွက် ဧရာဝတီမြစ်ကြောင်းအတိုင်း သင်္ဘောကြီးများဖြင့် လိုအပ်သည့် ထောက်ပံ့ပို့ဆောင်ရေးများ ဆောင်ရွက်ပေးခဲ့ရာတွင်လည်း အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ဧရာဝတီမြစ်ကြောင်းဝဲ/ယာတစ်လျှောက်ရှိ ကျေးရွာအချို့တွင် အတင်းအဓမ္မခြိမ်းခြောက်ဝင်ရောက်နေရာယူလျက် သင်္ဘောများအား အဝေးမှ နှောင့်ယှက်ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb ချတိုက်ခိုက်ခြင်းစသည့် အဖျက်အမှောင့်လုပ်ရပ်ကို လုပ်ဆောင်ခဲ့သည်။

ဗန်းမော်မြို့ အနီးဝန်းကျင်ရှိ တပ်ဌာနချုပ်များ၊ တပ်စခန်းများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်လာသည့် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအား တန်ပြန်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရာတွင်လည်း အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် ပြည်သူလူထုအား လူသားတံတိုင်းသဖွယ် အသုံးပြုတိုက်ခိုက်ခြင်း၊ ပြည်သူလူထုနေအိမ်များအတွင်း ဝင်ရောက်၍ အကာအကွယ်ယူတိုက်ခိုက်ခြင်းများ ဆောင်ရွက် ခဲ့သဖြင့် ပြည်သူလူထုနှင့် ၎င်းတို့၏ နေအိမ်အဆောက်အအုံများ ထိခိုက်မှုမရှိစေရေးအတွက် ပစ်ခတ်မှုများကို ကန့်သတ်ချက်များကြားမှ အထူးဂရုပြုဆောင်ရွက်ခဲ့ရသည်။ သို့ရာတွင် အကြမ်း ဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် သာသနိကအဆောက်အအုံများ၊ ပြည်သူလူထု၏ ကွန်ကရစ် အမိုးပါအထပ်မြင့် အဆောက်အအုံများနှင့် ဆေးရုံ၊ ဆေးခန်းနေရာများ၌ အခြေပြု၍ တိုက်ခိုက်ခြင်းများအဆက်မပြတ် လုပ်ဆောင်လာခဲ့သဖြင့် ဗန်းမော်မြို့ အရှေ့မြောက်ဘက်ရှိ တပ်ဌာနချုပ်များ၊ လုံခြုံရေးတပ်စခန်းများနှင့် ဗန်းမော်လေဆိပ်တို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်မှ ဖေဖော်ဝါရီလ ၂၀ ရက်အတွင်း အဆင့်ဆင့်ကြားခံစစ်များ ရယူကာ ဗန်းမော်မြို့တွင်းရှိ နယ်မြေခံတပ်ဌာနချုပ်နေရာသို့ ဗျူဟာအရ ခေတ္တခွာ စစ်ဆင်ပူးပေါင်းခဲ့ပြီး အင်အားအလုံးအရင်းဖြင့် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လာသည့် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအား ဆက်လက်ခုခံတိုက်ခိုက်ခဲ့သည်။

ထို့နောက် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် ဗန်းမော်မြို့အား အလုံးစုံသိမ်းပိုက်ရရှိနိုင်ရေး အင်အားအလုံးအရင်းဖြင့် စဉ်ဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော် လည်း တပ်ရင်း/ တပ်ဖွဲ့များရှိ အရာရှိ/ စစ်သည်၊ မိသားစုဝင်များ၊ အစိုးရဝန်ထမ်းများအနေဖြင့် ဗန်းမော်မြို့အား အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များလက်ဝယ်သို့ အလုံးစုံကျရောက်မှု မရှိစေရေး ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လမှ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ရှစ်လတိုင်တိုင် လှေခွက်ချည်းကျန် အလံမလဲသည့် စိတ်ဓာတ်၊ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်စိတ်ဓာတ်တို့ဖြင့် အပြင်းအထန် ဟန့်စစ်ဆင်ခုခံမှုများကြောင့် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ၏ ဗန်းမော်မြို့အား အလုံးစုံရရှိနိုင်ရေး စစ်ရေးအိပ်မက်မှာ ရပ်တန့်သွားခဲ့ရသည်။

ယင်းနောက် ၂၀၂၅ ခုနှစ် သြဂုတ်လအတွင်း အင်အားဖြည့်စစ်ကြောင်းများ လိုက်ပါလာသည့် တပ်မတော်ရေယာဉ်များအနေဖြင့် ဗန်းမော်မြို့သို့ ချီတက်ခဲ့ရာတွင် လမ်းခရီးတစ်လျှောက် တွန်းသင်္ဘောနှစ်စင်း ပျက်စီးဆုံးရှုံးရသည်အထိ အခက်အခဲမျိုးစုံနှင့် အကြမ်းဖက်သောင်းကျန်းသူတို့၏ ဖြတ်တောက်ပိတ်ဆို့မှုမျိုးစုံတို့ကြားမှ အောင်မြင်စွာ ရောက်ရှိဆိုက်ကပ်နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့မှစ၍ စစ်ကြောင်း ခုနစ်ကြောင်းဖြင့် စုဖွဲ့ချီတက်ခဲ့သည်။ ထိုသို့ဆောင်ရွက် ခဲ့ရာတွင် ဗန်းမော်မြို့ အရှေ့မြောက်ဘက်ရှိ ဗန်းမော်တက္ကသိုလ်နေရာမှတစ်ဆင့် နမ့်ဖားကျေးရွာရှိစခန်းအား စစ်ကြောင်းတစ်ကြောင်းဖြင့် ချီတက်သိမ်းပိုက်ခဲ့ပြီး ၎င်းစစ်ကြောင်းသည် ဗန်းမော်မြို့သို့ ဆက်လက်ဦးတည်ချီတက်၍လည်းကောင်း၊ ဗန်းမော်မြို့မြောက်ဘက်ရှိ နောင်ခိုရပ်ကွက်၊ မင်းလှရပ်ကွက်တို့အား စစ်ကြောင်းတစ်ကြောင်းဖြင့် ချီတက်၍လည်းကောင်း၊ ဗန်းမော်မြို့မြောက်ဘက်ရှိ အကြမ်းဖက်သမားများ ခေတ္တစိုးမိုးထားသည့် နယ်မြေခံတပ်ဌာနချုပ် လေးခု၊ တပ်စခန်းတစ်ခုနှင့် လေဆိပ်နေရာတို့အား အရှေ့ဘက်မှ စစ်ကြောင်း သုံးကြောင်းနှင့် နမ်းဖားစခန်းအား သိမ်းပိုက်ပြီး ဗန်းမော်မြို့သို့ ဦးတည်လာသည့် စစ်ကြောင်း တစ်ကြောင်းတို့မှ နှစ်ဖက်ညှပ်၍လည်းကောင်း၊ ပင်စင်ကုန်းရပ်ကွက်၊ ညောင်ပင်ရပ်ကွက်၊ ခွန်သာရပ်ကွက်နှင့် သာစည်ရပ်ကွက်အတွင်းရှိ ဒေသအခေါ် ကချင်စုနေရာတို့အား စစ်ကြောင်း နှစ်ကြောင်းဖြင့်လည်းကောင်း တန်ပြန်တိုက်စစ်များ အရှိန်အဟုန်မြှင့်၍ အဆင့်ဆင့် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများ၏ အပြည့်အဝအားပေးထောက်ခံမှု၊ တပ်အင်အားဖြည့်တင်းရရှိမှု၊ တိုက်ပွဲဝင်အရာရှိ၊ စစ်သည်များ၏ စိတ်ဓာတ်ခွန်အားတက်ကြွမှု၊ တိုက်လိုခိုက်လိုစိတ်ပြင်းပြမှု၊ စစ်နည်းဗျူဟာမြောက် ချီတက်တိုက်ခိုက်နိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် အဆင့်ဆင့်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သဖြင့် ၂၀၂၅ ခုနှစ် သြဂုတ်လ ၄ ရက်မှ စက်တင်ဘာ ၁၁ ရက်အတွင်း အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ခေတ္တစိုးမိုးထားသည့် ဗန်းမော်မြို့အနီးဝန်းကျင်ရှိ တပ်ဌာနချုပ်နေရာများ၊ ရပ်ကွက်၊ ကျေးရွာနှင့် စခန်းကုန်း နေရာအသီးသီးတို့အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ကာ အကြမ်းဖက်သမားများ ထိခိုက်ကျဆုံးမှုများစွာဖြင့် ဗန်းမော်မြို့၏ အရှေ့မြောက်ဘက်နှင့် ပင်မတပ်များရှိရာ မိုးမောက်မြို့ဘက်သို့ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးလျက် ရှိသည်။

တပ်မတော်စစ်ကြောင်းများက ဗန်းမော်မြို့အား ရန်သူ့လက်ဝယ်သို့ ကျရောက်မှုမရှိစေရေးနှင့် တပ်ဌာနချုပ်များအား ပြန်လည်သိမ်းပိုက်ရရှိရေး မိမိတို့၏အသက်ကို ပဓာနမထားဘဲ ရင်ကိုမြေကတုတ်လုပ်ကာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်းခဲ့သော ကြောင့် စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်မှ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၁ ရက်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး ၁၆ ကြိမ်၊ ထိတွေ့မှုပေါင်း အကြိမ် ၄၉၀ ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၁၆၃ လောင်း၊ လက်နက်မျိုးစုံ ၁၇၈ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်။ အဆိုပါတိုက်ပွဲများတွင် မိမိဘက်မှ ရွပ်ရွပ်ချွံချွံ ပြန်လည်တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် သေဆုံးသူ ၄၆၁၆ ဦးခန့်နှင့် ဒဏ်ရာရရှိသူ ၄၉၈၃ ဦးခန့် ရှိခဲ့ကြောင်း သီးခြားသတင်းရင်းမြစ်များအရ သိရှိရပြီး မိမိဘက်မှ အရာရှိ/စစ်သည်အချို့ နိုင်ငံတော်နှင့် တပ်မတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အထိအခိုက်အကျအဆုံး များပြားလာသည့်အတွက် လက်နက်ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တပ်မတော်စစ်ကြောင်းများထံသို့ အလင်းဝင်ရောက်မှုများလည်းရှိကြောင်းနှင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် ဗန်းမော်မြို့အတွင်း ကျန်ရှိနေသည့် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအား ဆက်လက်နယ်မြေရှင်းလင်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

12.09.2025
photo

တပ်မတော်စစ်ကြောင်းများက KNU အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ကော့ကရိတ် - သင်္ဃန်းညီနောင် - မြဝတီအာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ်

09/07/2025

နေပြည်တော် စက်တင်ဘာ ၆

KNU ၊ KNLA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေးဖြစ်စဉ်များကြောင့် နိုင်ငံ၏အချို့မြို့များတွင် ဖြစ်ပေါ်ခဲ့သည့် NLD အစွန်းရောက်တို့၏ ဆူပူအကြမ်းဖက်ဆန္ဒပြမှုတို့၏ နောက်ဆက်တွဲအဖြစ် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်လာကြသူများကို လူသားချင်းစာနာထောက်ထားမှုအကြောင်းအရာခေါင်းစဉ်အောက်၌ လက်ခံထိန်းသိမ်းပြီး အဆိုပါထွက်ပြေးတိမ်းရှောင်လာသူများကို အကြောင်းပြု၍ ပြည်ပနိုင်ငံကြီးအချို့၏ ငွေကြေးထောက်ပံ့မှုကို မျှော်ကိုးရယူကာ နိုင်ငံတော်အား အလုံးစုံပျက်သုဉ်းရေးအထိ စစ်ရေး ပဋိပက္ခဖြစ်လာစေရေး အကြမ်းဖက်သင်တန်းများကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်၍ တိုက်ခိုက်ရေးအင်အားစုဆောင်းကာ ဘားအံ - ကော့ကရိတ် - မြဝတီအာရှလမ်းမကြီးအား ထိန်းချုပ်ရန်၊ နယ်စပ်ကုန်စည်စီးဆင်းမှုနှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန်နှင့် ၎င်းတို့၏ စိတ်ကူးယဉ်စစ်ရေးရည်မှန်းချက်ဖြစ်သည့် မြဝတီမြို့၊ ကော့ကရိတ်မြို့နှင့် ဘားအံမြို့တို့အား သိမ်းယူကာ သီးခြားလွတ်လပ်သော ကော်သူလေးပြည်နယ်နှင့် ကော်သူလေးအစိုးရထူထောင်ရေး စီမံဆောင်ရွက်လာခဲ့သည်။

ထိုသို့လုပ်ဆောင်ရာတွင် KNU၊ KNLA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဦးစွာ ပြည်တွင်းမှ နိုင်ငံရေးအရောင်ဆိုးခံရခြင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံနယ်စပ်အနီးသို့ ထွက်ပြေးရောက်ရှိလာသည့် ကျောင်းသားလူငယ်များ၊ DCS ပြုလုပ်လာသည့် ဝန်ထမ်းများအား နိုင်ငံရေး၊ စစ်ရေးမက်လုံးများပေးလျက် အစွန်းရောက်သွေးကြွစေပြီး အဆိုပါလူငယ်များအား အကြမ်းဖက်သင်ခန်းစာသင်ကြားပေးခြင်း၊ လက်နက်တပ်ဆင်ပေး ခြင်းတို့ပြုလုပ်၍ တပ်မတော်အား နိုင်ငံရေးမှ အပြီးအတိုင်ထွက်ခွာစေရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန်စသည့် မက်လုံးပေးခြင်း၊ စည်းရုံးခြင်းဖြင့် KNU၊ KNLA အကြမ်းဖက်အဖွဲ့၏ အင်အားတိုးပွား တောင့်တင်းခိုင်မာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

ယင်းနောက် KNU၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လမှစ၍ ကရင်ပြည်နယ် သံလွင်မြစ်အနီးရှိ တပ်မတော်မှ စစ်ဆင်ရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်ယူထားသည့် တပ်စခန်းကြီးများအား ၎င်းတို့လေ့ကျင့်သင်ကြားပေးထားသည့် PDF အမည်ခံ အကြမ်းဖက်သမားများကို ရှေ့ကာအသေခံတပ်အဖြစ် အသုံးချပြီး အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခြင်းများ စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ ၂၈ ရက်ကြာ သင်္ဃန်းညီနောင်နှင့် မြဝတီဒေသရှိ နယ်မြေခံ တပ်ရင်း/ တပ်ဖွဲ့များနှင့် ရှေ့တန်းစခန်းဌာနချုပ်များအား အင်အားအလုံးအရင်းဖြင့် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မြဝတီဒေသရှိ တပ်မတော်သားများ၊ နယ်ခြားစောင့်တပ်များက ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံ တိုက်ခိုက်ခဲ့၍ မြဝတီမြို့အနေဖြင့် ထိခိုက်ဆုံးရှုံးမှု မရှိသော်လည်း သင်္ဃန်းညီနောင် တပ်နယ်အတွင်း ရှိ အရာရှိ၊ စစ်သည်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများ များလာခြင်း၊ မိသားစုဝင်များ ထိခိုက် သေဆုံးမှုရှိလာခြင်းနှင့် အချိုးမညီ အကြမ်းဖက်သောင်းကျန်းသူများ၏ အင်အားစုများကြောင့် သင်္ဃန်းညီနောင်တပ်နယ်အား ခေတ္တလက်လွှတ်ခဲ့ရသည်။

အလားတူ KNU၊ KNLA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ကော့ကရိတ်မြို့အား သိမ်းပိုက်နိုင်ရေး ကော့ကရိတ်မြို့နှင့် နယ်မြေခံတပ်ဌာနချုပ်များအား အပြီးအပိုင် သိမ်းပိုက်ရန်အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလဆန်းပိုင်းမှစ၍ အချိုးမညီ အင်အားစုများဖြင့် စစ်ကြောင်း ၂ ကြောင်းခွဲ၍ ကော့ကရိတ်မြို့အတွင်းသို့ ဝင်ရောက်နိုင်ရေး ဆောင်ရွက်ခဲ့သည့်အပြင် အဝေးမှနေ၍ လက်နက်ကြီးများဖြင့် မြို့တွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်း များက ကော့ကရိတ်မြို့နှင့် နယ်မြေခံတပ်ရင်းဌာနချုပ်များ ရန်သူ့လက်တွင်းသို့ ကျရောက်မှု မရှိစေရေးအတွက် ရွပ်ရွပ်ချွံချွံ မြို့တွင်းခုခံစစ်မှ တန်ပြန်တိုက် စစ်ဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကော့ကရိတ်မြို့အား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ထိခိုက်ကျဆုံးများစွာဖြင့် ပထမအကြိမ် ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့ရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် အောင်မြေချဲ့ထွင်ရန်နှင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် သင်္ဃန်းညီနောင်အား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၇ ရက်မှစ၍ အောင်ဇေယျစစ်ကြောင်းဖြင့် စစ်ကြောင်းများခွဲ၍ နယ်မြေရှင်းလင်းရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ရာတွင်လည်း ရာသီဥတုနှင့် မြေအနေအထား ကန့်သတ်ချက်များကြောင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကော့ကရိတ်မြို့နှင့် သင်္ဃန်းညီနောင်ကြားရှိ ဒေသအခေါ် ရင်ကွဲတောင်အနီး တစ်ဝိုက် ထိုးစစ်အား ခေတ္တရပ်တန့်ကာ လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ခဲ့ရသည်။

ထိုသို့ တပ်မတော်စစ်ကြောင်းများ၏ ပြင်ဆင်စုဖွဲ့မှုများ ဆောင် ရွက်နေမှုအပေါ် အခွင့်ကောင်းယူ ၍ KNU အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ၎င်းတို့ ၏ စစ်ရေးရည်မှန်းချက် ပြန်လည်အကောင်အထည်ဖော်ရန်အတွက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် အဓိကအချက်အချာကျသည့် ဘားအံ - ကော့ကရိတ် - မြဝတီအာရှလမ်းမကြီးနှင့် ကျုံဒိုးမြို့နှင့် ကော့ကရိတ်မြို့အား အပြီးအပိုင်သိမ်းပိုက်နိုင်ရေး ၂၀၂၅ ခုနှစ်၊ ဧပြီ လ ၁၃ ရက်မှစ၍ သာလွန်အင်အားများအသုံးပြုပြီး လမ်းကြောင်း ၅ ကြောင်းဖြင့် ဒုတိယအကြိမ် ထပ်မံဝင်ရောက်လာပြီး ကျုံဒိုးနှင့် ကော့ကရိတ်ကြား အာရှလမ်းမကြီးအား ပိတ်ဆို့ဖြတ်တောက်၍ ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့အား အပြင်းအထန် ထပ်မံတိုက်ခိုက်လာခဲ့ရာ တပ်မတော်စစ်ကြောင်းများက တပ်မတော်၏အစဉ်အလာကောင်းများနှင့်အညီ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ် ဖြင့် အကြမ်းဖက်သောင်းကျန်းသူများကို ခုခံတိုက်ခိုက်ချေမှုန်းခဲ့မှုကြောင့် ၎င်းတို့၏ စစ်ရေးရည် မှန်းချက်များကို တစ်ခုပြီးတစ်ခု ရိုက်ချိုးနိုင်ခဲ့ပြီး ကျုံဒိုး-ကော့ကရိတ်လမ်းကြောင်းတစ်လျှောက်အား ဇူလိုင်လ၂၄ရက်နေ့တွင် တပ်မတော်က ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

ထိုသို့ အကြမ်းဖက်သောင်းကျန်းသူများ၏ စစ်ရေးရည်မှန်းချက်များအား တစ်ဆင့်ပြီးတစ်ဆင့် ရိုက်ချိုးနိုင်ခဲ့ပြီး တပ်မတော်အနေဖြင့် စစ်ရေးအရှိန်အား တိုးမြှင့်ကာ အဆိုပါအကြမ်းဖက် သောင်းကျန်းသူများ ထိန်းချုပ်ထားသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးတစ်လျှောက် ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေး၊ အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် သင်္ဃန်းညီနောင်အား ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စနစ်တကျ ပြင်ဆင်စုဖွဲ့ကာ ကော့ကရိတ်မှ သင်္ဃန်းညီနောင်အထိ စစ်ကြောင်း ၄ ကြောင်းဖြင့်လည်းကောင်း၊ မြဝတီမှ သင်္ဃန်းညီနောင်သို့ စစ်ကြောင်း ၁ ကြောင်းဖြင့်လည်းကောင်း၊ စစ်ကြောင်းများ ခွဲကာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်မှစ၍ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) ဖြင့် ဟန်ချက်ညီဖြင့် အကြမ်းဖက်သမားများအား တစ်ဆင့်ပြီးတစ်ဆင့် လိုက်လံတိုက်ခိုက်ချေမှုန်းခဲ့ရာ ၁၀ ရက် အကြာ ယနေ့ မွန်းလွဲ ၁ နာရီတွင် သင်္ဃန်းညီနောင် တပ်နယ်အားလုံးအား တပ်မတော်စစ်ကြောင်းများ က ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အဓိကကုန်စည်စီးဆင်း ရာ လမ်းမကြီးပေါ်တွင်ရှိသည့် ကော့ကရိတ် - သင်္ဃန်းညီနောင် - မြဝတီအာရှလမ်းမကြီးတစ်လျှောက်အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

တပ်မတော်အနေဖြင့် ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီအာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် KNU အကြမ်းဖက်သောင်းကျန်းသူများ၏ စိတ်ကူးယဉ်အိပ်မက်ဖြစ်သော မြဝတီမြို့၊ ကော့ကရိတ်မြို့နှင့် ဘားအံမြို့တို့အား သိမ်းပိုက်ကာ သီးခြားလွတ်လပ်သော ကော်သူလေးပြည်နယ်နှင့် ကော်သူလေးအစိုးရထူထောင်ရေးအိပ်မက်အား အပြီးတိုင် ရိုက်ချိုးဖျက်ဆီးနိုင်ခဲ့သည်။

အဆိုပါ ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီအာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ်နိုင်ရေးနှင့် အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် သင်္ဃန်းညီနောင်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် စစ်ဆင်ရေးကာလ တစ်နှစ်ကျော်ကာလအတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ် ၃၈၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း ၆၃ လောင်း၊ လက်နက်မျိုးစုံ ၅၇ လက်နက်၊ ဆက်စပ်ပစ္စည်း များ သိမ်းဆည်းရမိခဲ့သည်။ တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ နိုင်ငံအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြပြီး အချို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အဆိုပါကော့ကရိတ်- သင်္ဃန်းညီနောင် - မြဝတီအာရှလမ်းမကြီးတစ်လျှောက် ခေတ္တထိန်းချုပ်ထားစဉ် အဖျက်အမှောင့်လုပ်ငန်းများအား နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့ပြီး မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကားလမ်းများပေါ် ၌ သစ်ပင်သစ်ကိုင်းများဖြင့် ကန့်လန့်ဖြတ်ပိတ်ဆို့ခြင်း၊ အခြားလမ်း၊ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါပြည်ထောင်စုလမ်းမကြီး ဖွင့်လှစ်ပြီး နယ်စပ်ကုန်စည်စီးဆင်းမှု အမြန်ဆုံးပြန်လည်ဆောင်ရွက်နိုင်ရေးနှင့် အဆိုပါလမ်းမကြီးတစ်လျှောက်တွင် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ၊ ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များ၊ ခရီးသွားမော်တော်ယာဉ်များ ဘေးကင်းစွာဖြင့် ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။

တပ်မတော်က အဆိုပါကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီအာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ်ပေးနိုင်ခဲ့သည့်အတွက် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် ၎င်းတို့၏ လူမှုစီးပွားဘဝများ ပြန်လည်ဆောင်ရွက်နိုင်တော့မည်ဖြစ်သည့်အတွက် တပ်မတော်အပေါ် အထူးပင်ကျေးဇူးတင်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

07.09.2025
photo

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ်၌ ငွေကျပ် ၃ ဒသမ ၃၆ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၄၂၀ ကီလို ဖမ်းဆီးရမိ

09/06/2025

နေပြည်တော် စက်တင်ဘာ ၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ်၌ ငွေကျပ် ၃ ဒသမ ၃၆ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၄၂၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၃၀ ရက် ည ၁၀ နာရီတွင် သတင်းအရ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ် ဟောင်ကန်ကျေးရွာအုပ်စု နားယုန့်ကျေးရွာအနီးတွင် မက်မန်းမြို့ဘက်မှ မိုင်းပျဉ်းမြို့ဘက်သို့ စိုင်းဦးသီလ (ခ)စိုင်းရွက် မောင်းနှင်လာသည့် TOYOTA KLUGER မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၄၂၀ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ၃၆ ဘီလီယံ)ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းဆီးရမိသည့် အိုက်စ် (မက်သ် အဖက်တမင်း)များကို မက်မန်းမြို့နယ် တာကော်လေး ကျေးရွာအနီးမှ မိုင်းပျဉ်းမြို့နယ် နားယုန့်ကျေးရွာအနီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

သတင်းစဉ်

06.09.2025
photo

KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကျိုက်မရောမြို့နယ်၊ ကော့ပနောကျေးရွာအနီး Drop Bomb ချ တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိ

09/04/2025

နေပြည်တော် စက်တင်ဘာ ၃

အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ အရပ်သားပြည်သူများအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်နှင့် ခရီးသွားပြည်သူများ ထိခိုက်စေရန် ရည်ရွယ်၍ လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ဌာနဆိုင်ရာအဆောက်အဦးများနှင့် လူနေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်ရေးနှင့်မသက်ဆိုင်သော အေးချမ်းစွာသွားလာလျက်ရှိသည့် ကုန်တင်ကားများ၊ ခရီးသည်တင်ယာဉ်များနှင့် အရပ်ယာဉ်များကိုလည်း နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်းများ၊ မိုင်းထောင်ဖောက်ခွဲခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ကျိုက်မရောမြို့နယ်၊ ကော့ပနောကျေးရွာလမ်းဆုံတွင် ရောက်ရှိနေသော ခရီးသည်တင်မော်တော်ယာဉ်တစ်စီးအား စက်တင်ဘာလ ၂ ရက်နေ့တွင် Drop Bomb ချ တိုက်ခိုက်ခဲ့သဖြင့် ယာဉ်မောင်းအပါအဝင် ခရီးသည်အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၁ ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ၎င်းတို့အပေါ် အကြောက်တရားလွှမ်းမိုးစေရန်အတွက် ကျိုက်မရောမြို့နယ်၊ ကော့ပနောကျေးရွာအား စက်တင်ဘာ ၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် Drone အသုံးပြု၍ Drop Bomb ချတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ဗုံးသီးသည် ကျိုက်မရောမြို့မှ ကြာအင်းဆိပ်ကြီးသွား ကားလမ်းပေါ်ရှိ ကော်ပနောလမ်းဆုံသို့ ရောက်ရှိနေသော ယာဉ်မောင်း ဦးလှရွှေ ၅၂ နှစ်၊ (ဘ) ကော်စမတ် မောင်းနှင်သည့် Super Custom အမျိုးအစား ယာဉ်အမှတ်၊ 9H /...... အဖြူရောင်ခရီးသည်တင် မော်တော်ယာဉ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၁ ဦးတို့တွင် ဗုံးစထိမှန်ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါထိခိုက်ဒဏ်ရာရရှိသူများအား တာဝန်ရှိသူများက ကျိုက်မရောမြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ လိုအပ်သောဆေးဝါးကုသမှုများ ခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

04.09.2025