ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့်ညီလာခံဖွင့်ပွဲအခမ်းအနားသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ပါဝင်တက်ရောက်

09/25/2025

ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့်ညီလာခံ (SCAJ2025 World Specialty Coffee Conference & Exhibition) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် Tokyo International Exhibition Center ၌ ကျင်းပခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်မှ အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။ 

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ Specialty Coffee Association of Japan ၏ ဥက္ကဋ္ဌ Mr. Yoshihito KATO ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြပွဲတွင် ပါဝင်ပြသကြသော ကော်ဖီထုတ်လုပ်တင်ပို့ရောင်းချသည့်နိုင်ငံများမှ သံအမတ်ကြီးများနှင့် သံရုံးများမှကိုယ်စားလှယ်များ ပါဝင်တက် ရောက်ခဲ့ကြသည်။ 

Specialty Coffee Association of Japan က ကြီးမှူးကျင်းပသည့် ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့်ညီလာခံသည် အာရှတွင် အကြီးဆုံးကော်ဖီပြပွဲဖြစ်ပြီး ၂၀၀၅ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့သဖြင့် ယခုအကြိမ်သည် ၂၀ ကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။ ပြပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၄ ရက်ကြာ နိုင်ငံပေါင်း ၇၀ မှ ကုမ္ပဏီပေါင်း ၄၅၀ ကျော်က ပြခန်းပေါင်း ၆၅၀ ဖွင့်လှစ်ပြသခဲ့သည်။ 

အဆိုပါ ပြပွဲတွင် မြန်မာ့အထူးတန်းဝင်ကော်ဖီအား ဂျပန်နိုင်ငံနှင့် နိုင်ငံတကာဈေးကွက်သို့ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ မြန်မာ့ကော်ဖီအား ကမ္ဘာ့ဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရေး၊ နိုင်ငံတကာ ဈေးကွက်ချိတ်ဆက်မှုများ ရရှိစေရေး၊ လုပ်ငန်းရှင်များအား နိုင်ငံတကာပြပွဲ အတွေ့အကြုံများ ရရှိစေရေးနှင့် အခြားလုပ်ငန်းရှင်များ၏ နည်းပညာနှင့်ကုန်ထုတ်လုပ်မှုဆိုင်ရာ အခြေအနေများအား လေ့လာ၍ မြန်မာ့ကော်ဖီထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းကို ဖွင့်လှစ်ပြသခဲ့သည်။ ပြပွဲတွင် မြန်မာနိုင်ငံ ကော်ဖီအသင်းဝင်ကုမ္ပဏီများက မြန်မာ့အထူးတန်းဝင်ကော်ဖီများအား ပါဝင်ပြသခဲ့ကြပြီး၊ လက်တွေ့သရုပ်ပြကော်ဖီဖျော်စပ်မှု များကို ပြုလုပ်ခဲ့သည်။

အဆိုပါ ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့်ညီလာခံ (SCAJ2025 World Specialty Coffee Conference & Exhibition)တွင် မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းအား  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာသံရုံး၊ တိုကျိုမြို့နှင့် အာဆီယံ-ဂျပန်စင်တာတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်ပြသခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။