
ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် -၂၀၂၅ (World Atomic Week Forum-2025) ဖွင့်ပွဲ ကျင်းပပြုလုပ်
09/27/2025
နေပြည်တော် စက်တင်ဘာ ၂၆
ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် -၂၀၂၅ (World Atomic Week Forum-2025) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကို မြို့ရှိ VDNKh စင်တာ၌ ကျင်းပပြုလုပ်ရာ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် A.V Novak နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။
အဆိုပါဖိုရမ်သည် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရန် စိတ်ဝင်စားကြသည့် နိုင်ငံများ စုဝေးကြသည့် အကြီးမားဆုံးသော အပြည်ပြည်ဆိုင်ရာ အစည်းအဝေးတစ်ခုလည်း ဖြစ် သည်။
ဖိုရမ်တွင် နိုင်ငံပေါင်း ၁၀၀ ကျော်မှ ပညာရှင်များ၊ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နျူကလီးယားစွမ်းအင်နှင့် သိပ္ပံနည်းပညာစွမ်းအင်ကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကျန်းမာရေးကဏ္ဍဆိုင်ရာများတွင် အနာဂတ်တွင် မည့်သို့သက်ရောက်မှု ရှိနိုင်သည့် အခြေအနေဆိုင်ရာများကို ဆွေးနွေးလျက်ရှိသည်။ အဆိုပါဖိုရမ်တွင် စားပွဲဝိုင်းဆွေးနွေးပွဲများ၊ နားလည်မှုဆိုင်ရာ စာချွန်လွှာလက်မှတ်ရေးထိုးပွဲများပါရှိပြီး စွမ်းအင်ထုတ်လုပ်မှု ဆိုင်ရာများနှင့်ပတ်သက်၍ တက်ရောက်လာသူများ လေ့လာကြည့်ရှုနိုင်ရန် ပြခန်းများအား သက်ဆိုင်ရာနိုင်ငံများအလိုက် ခင်းကျင်းပြသထားလျက်ရှိသည်။
ယခုဖိုရမ်တွင် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ Rosatom Technical Academy နှင့် မြန်မာနိုင်ငံရန်ကုန် နည်းပညာတက္ကသိုလ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူစာချုပ် (MOU) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါစာချုပ်အရ နျူကလီးယား သိပ္ပံ၊ နည်းပညာ၊ သုတေသနနှင့် လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ သင်ရိုး ညွှန်းတမ်းများ ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် အပြည်ပြည်ဆိုင်ရာစီမံကိန်းများတွင် ပါဝင် ဆောင်ရွက်ခြင်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ Naypyidaw State Poly-technic University မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါက်တာစိုးလွင်အောင်က “ဒီနေ့ကျွန်တော်တို့ မြန်မာနိုင်ငံက ရန်ကုန်နည်းပညာ တက္ကသိုလ်နဲ့ ရုရှားနိုင်ငံက ROSATOM Technical Academy နဲ့အကြားမှာ နားလည်မှုစာချွန် လွှာ ရေးထိုးကြပါတယ်။ ရန်ကုန် နည်းပညာတက္ကသိုလ်နဲ့ ROSATOM Technical Academy နဲ့ အကြားမှာ ဒီလိုမျိုး နားလည်မှုစာချွန်လွှာတွေ ရေးထိုးပြီးတဲ့နောက်မှာ ပထမအနေနဲ့ ကျောင်းသား ကျောင်းသူအချင်းချင်း အပြန်အလှန်စေလွှတ်တာတွေ၊ သင်ကြားရေးနဲ့ပတ်သက်တဲ့ ဆရာ၊ ဆရာမတွေ ဖလှယ်တာတွေ၊ သုတေသနနဲ့ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ပြီးတော့ ယဉ်ကျေးမှုချင်းဖလှယ်တဲ့လုပ်ငန်းတွေ ဆောင်ရွက်သွားဖို့ရှိပါတယ်။ အခုလက်ရှိမှာလည်း မြန်မာနိုင်ငံက စေလွှတ်ထားတဲ့ ကျောင်းသားတွေအနေနဲ့ ROSATOM ရဲ့ အကူ အညီနဲ့ ရုရှားနိုင်ငံတက္ကသိုလ်တွေမှာ ပညာသင်ယူနေကြတာ တွေရှိပါတယ်။ နျူကလီးယား စွမ်းအင်နဲ့ပတ်သက်ရင် ရုရှားက ကမ္ဘာမှာ ပထမဆုံး Pioneer ဖြစ်တယ်။ ဒီအဏုမြူစွမ်းအင်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဆီက ကျောင်းသား ကျောင်းသူတွေ၊ ဆရာ ဆရာမတွေ ဒီလိုမျိုး တက္ကသိုလ်တွေကနေ ပညာသင်ယူလေ့လာခွင့်ရတယ်ဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ HR ကဏ္ဍ၊ သုတေသနကဏ္ဍအပြင် နျူကလီးယားစွမ်းအင်နဲ့ပတ်သက်တဲ့ စီမံကိန်းတွေအတွက်ပါ အောင်မြင်တဲ့ အခွင့်အလမ်းတွေ အများကြီး ရရှိလာနိုင်မှာဖြစ်ပါတယ်။”
Rosatom Technical Academy ၏ ပါမောက္ခချုပ်ကလည်း နျူကလီးယားပညာရေးကို တည်ဆောက်ပြီး ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်အတွက် မြန်မာနိုင်ငံမှ ကျောင်းသားများကို ရုရှားနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိမှုနှင့်အတူ ကိုယ်ပိုင်နျူကလီးယားပညာရေးအစီ အစဉ်များ လုပ်ဆောင်ရန် လိုအပ်ကြောင်း ဖြေကြားခဲ့သည်။
ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်-၂၀၂၅ (World Atomic Week Forum-2025) ကို စက်တင် ဘာ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

မော်စကိုမြို့၌ ကျင်းပသည့် မျက်နှာစုံညီအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ ပါဝင်တက်ရောက်
09/27/2025
နေပြည်တော် စက်တင်ဘာ ၂၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ စက်တင်ဘာ ၂၆ ရက် ဒေသစံတော်ချိန် နေ့လယ်ပိုင်းက “အရာအားလုံးက အက်တမ်ကနေ စတင်တယ်” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် မျက်နှာစုံညီအစည်းအဝေးကို ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါမျက်နှာစုံညီအစည်းအဝေးကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) ညွှန်ကြားရေးမှူးချုပ် Mr.Alexey Likhachev ဦးဆောင်ပြုလုပ်ခဲ့ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဒုတိယဝန်ကြီးများနှင့် UMFCCI မှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ မျက်နှာစုံညီအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိခဲ့ရပါသည်-
ဦးကိုကိုလွင် (ပြည်ထောင်စုဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန)
ဒီနေ့က Atomic Energy Forum ကို နိုင်ငံတော်အကြီးအကဲနဲ့အတူ လာကြတာပါ။ အဏုမြူ စွမ်းအင်နဲ့ပတ်သက်တဲ့ တာဝန်ရှိသူတွေ ပါလာကြတယ်။ စွမ်းအင်ဆိုတာက လူသားတွေအတွက် မရှိမဖြစ်လိုအပ်ချက်၊ အရေးကြီးဆုံးလိုအပ်ချက်ပဲ။ လူမှုဘဝရှင်သန်ဖို့၊ နိုင်ငံတစ်နိုင်ငံ စီးပွား ဖွံ့ဖြိုးဖို့စွမ်းအင်လိုတယ်။
အဲဒီမှာ Energy ဆိုတာက Energy ရရှိဖို့အတွက် Primary Energy လို့ ခေါ်တဲ့ ဒီ Energy ကို ဘယ် Source က ယူတာလဲ။ ပြီးတဲ့အခါကျမှ Secondary Energy ကို ပြန်ပြီးတော့ Transform လုပ်တယ်။ ဥပမာအားဖြင့် ကျွန်တော်တို့လုပ်နေတဲ့ Oil and Gas ဆိုလို့ ရှိရင် Oil and Gas ကို Primary Energy အနေနဲ့ လုပ်တယ်။ အဲဒီကနေပြီးတော့ Secondary Energy နဲ့ Transform လုပ်တဲ့ အခါကျတော့ Electricity ဆိုတာ ရတယ်။ Electricity သည် Secondary Energy။ အဲဒီ Secondary Energy ကနေပြီး တော့ လိုချင်တဲ့ လူတွေရဲ့လိုအပ် ချက်တွေကို အသုံးပြုကြတယ်။ အခု ဒီ Atomic Energy ကျတော့ Primary Energy အနေနဲ့ Atom တွေကရတယ်။ Atom တွေက Uranium ၊ Plutonium နဲ့ Thori-um အဲဒီ Atom တွေက Fusion ဖြစ်တဲ့ အခါကျတော့ Atom တွေကနေ Nucleus က ကွဲသွား တဲ့အခါ Neutron တွေ ထွက်လာတယ်။ ဒါ Primary Energy ပေါ့။ အဲဒီကနေ Secondary Energy ဖြစ်တဲ့ အမျိုးမျိုးသော အသုံးပြုမှု တွေကိုသွားရော။ အခု ဒီနေ့ကတော့ ထွက်လာတဲ့ Energy တွေကို လျှပ်စစ်ထုတ်ဖို့ပါ။ ဒီအပြင် စိုက်ပျိုးရေးကိစ္စတွေ၊ ကျန်းမာရေးကိစ္စတွေမှာ သုံးမယ်။ အများကြီးသုံးလို့ ရတယ်။
အဏုမြူစွမ်းအင်လုပ်မယ်ဆိုရင် နံပါတ်တစ်အရေးကြီးဆုံးကတော့ လူ့စွမ်းအားအရင်းအမြစ်နဲ့ အခြေခံအဆောက်အအုံတွေ လုပ်ရမယ်။ နံပါတ်နှစ်ကတော့ ငွေရေးကြေးရေး။ နံပါတ်သုံးကတော့ သူ့ရဲ့လုံခြုံစိတ်ချရမှု။
Security မှာ နှစ်ပိုင်းပါတယ်။ Nuclear ထုတ်တဲ့ Power-plant ကြီးတွေရဲ့ Secure ဖြစ်ဖို့ လိုတယ်။ Very High Tempera-ture မှာ သူက အလုပ်လုပ်တာ။ အဲဒီအခါကျတော့ Super Heated Region ကနေ Steam တွေ ထွက်လာတယ်။ အဲဒါကို သုံးတာ။ ဒါပေမယ့် သုံးချင်တဲ့ Steam တွေက သုံးပြီး၊ သုံးနေတဲ့အချိန်မှာ အဲဒီ Plant ကြီးကိုကျတော့ Cooling System တွေက အအေးပေးထားရတယ်။ နောက်တစ်ခါ Nuclear Atom တွေက ပြိုကွဲသွားတဲ့အခါ Radiation တွေ ထွက်လာတယ်။ အဲဒါတွေကို အကာအကွယ်ပြုလုပ်ရတယ်။ ဒါကြောင့်မို့ Nuclear ဆိုတာနဲ့ နံပါတ်တစ် Security ဆိုတဲ့နေရာမှာ အဲဒီမှာအလုပ်လုပ်မယ့်လူတွေကဟာ ဒါဆိုရင် သူတို့ဘာဖြစ်မလဲ။ စိုးရိမ် မှုတွေရှိတယ်။ နောက်တစ်ခုက အဲဒါကို သုံးစွဲမယ့်ပြည်သူလူထု။ ခုနက IAEA က ပြောသွားတယ်။ ပြည်သူလူထုက Nuclear ဆိုရင် လန့်နေကြတယ်။ အဲဒါကို ပြောပြရမယ်။
ဒီနေ့က ဒီနျူကလီးယားနည်းပညာတွေက တဖြည်းဖြည်းနဲ့ မြင့်တက်လာတယ်။ အခုဆိုရင် Generation က 3 Plus (တတိယမျိုးဆက်လွန်) ဖြစ်သွားပြီ။ နောက်တစ်ခါ သူတို့ 4 ကိုသွားဖို့ သူတို့ဆွေးနွေးနေကြပြီ။ 4 သွားပြီဆိုလို့ရှိရင် ပိုပြီးတော့လုံခြုံလာမယ်။ အခုက နျူကလီးယားသုံးပြီဆိုလို့ ရှိရင် ယူရေနီယံတွေ အစွမ်းမဲ့သွားပြီဆိုရင် စွန့်ပစ်ရမယ့်ပြဿနာကို ရင်ဆိုင်ရပြီ။ စတုတ္ထမျိုးဆက်နည်းပညာမှာ Depleted Uranium တွေကို မစွန့်ပစ်ရတော့ဘူး။ ပြန်သုံးမယ်။ Reuse ပြန်လုပ်မယ်။ အဲဒါ 4th Generation ဆိုပြီးတော့ သွားနေကြတယ်။ အဲဒီမှာတော့ ရုရှားက နည်းပညာဦးဆောင်နိုင်ငံဖြစ်တယ်။ မနေ့ကလည်း နိုင်ငံတော်အကြီးအကဲတွေ ဆွေးနွေးကြတဲ့အထဲမှာ အဲဒီခေါင်းစဉ်တွေပါတယ်။ ဒီနေ့လည်း ဆွေးနွေးတယ်။ ဘာပြောပြော ကျွန်တော်တို့နိုင်ငံအနေနဲ့သည် Energy Mix ဆိုတဲ့နေရာမှာ Nuclear သည် အချိုးတစ်ခုပါကို ပါရမယ်။ အဲဒါမှ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမယ်။ ဒီနေ့လည်း ကျွန်တော်တို့ နိုင်ငံတော်အကြီး အကဲရဲ့ရှေ့မှောက်မှာ လက်မှတ်ထိုးကြတယ်။ အဲဒါ ကျွန်တော်တို့ မဖြစ်မနေ ဆောင်ရွက်ရမယ်။ အဲဒါကို ပြည်သူလူထုအနေနဲ့ကလည်း ဆောင်ရွက်ရမယ်။ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု အတွက် အင်မတန်အရေးပါတယ်ဆိုတာကို ပြည်သူလူထုနားလည်ရမယ်။ ဒီဘက်ကလည်း နည်းပညာ တွေအရ Secure လုပ်မယ်။ နောက်တစ်ခါ ဒီမှာအလုပ်လုပ် မယ့် လူတွေ၊ ဒီပညာတွေသင်ဖို့အတွက် သူတို့က စိုးရိမ်စိတ်တွေ ရှိစရာမလိုဘူး။ အခုလည်း ဒီမှာ Nuclear နဲ့ပတ်သက်တဲ့ပညာရှင် ငယ်ငယ်လေးတွေ ကျွန်တော်တို့ တွေ့ခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀/၇၀ လောက်ကတည်းက ဒါကို စလုပ်နေတာ။ ဒါကို ပြည်သူလူထု အနေနဲ့ လုပ်ကိုလုပ်ရတော့မယ်။ ကြိုးစားလုပ်ရမယ်။ ဒါဆို ငါတို့ နိုင်ငံတော်အတွက် ဘယ်လိုဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတဲ့ အသိအမြင်လေးတွေ ရစေချင်ပါတယ်။
ဒေါက်တာသက်ခိုင်ဝင်း (ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန)
နိုင်ငံတော်အကြီးအကဲနဲ့အတူ မော်စကိုမှာကျင်းပတဲ့ (World Atomic Week Forum 2025) ကို လာတက်ရောက်ခြင်း ဖြစ်ပါတယ်။ ဒီနေ့ကလည်း နိုင်ငံတော်အကြီးအကဲ ပါဝင်တဲ့ World Atomic Week ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ပါတယ်။ Nuclear Technology နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတစ်နိုင်ငံမှာ အသုံးပြုဖို့ဆိုတာ တော်တော်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ မနေ့က ထိပ်သီးဆွေးနွေးပွဲမှာ နိုင်ငံတော်အကြီးအကဲများဟာ မိမိတို့ နိုင်ငံတွေအလိုက် Nuclear Technology ကို မိမိတို့လူမှုပတ်ဝန်းကျင်ကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတဲ့ အစီအစဉ်တွေကို ဆွေးနွေးသွားကြတာတွေ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်အနေနဲ့လည်း နိုင်ငံတော်ယာယီသမ္မတကြီးက မြန်မာနိုင်ငံမှာ ဆောင်ရွက်မယ့် Nuclear Technology နဲ့အတူ လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်အောင် စီစဉ်နေတဲ့ အစီအစဉ်တွေ၊ နောက်ဆောင်ရွက်မယ့်အစီအစဉ်တွေကို ကျယ်ပြန့်စွာ ဆွေးနွေးသွားခဲ့ပါတယ်။ ဒီလို ဆွေးနွေးတဲ့ အခါမှာလည်း ကျွန်တော်တို့နိုင်ငံရဲ့ Nuclear Technology ကို ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် အဖွဲ့အစည်းတွေဖြစ်တဲ့ IAEA လို အဖွဲ့အစည်းတွေ ROSATOM လို အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းတွေကိုလည်း ဆွေးနွေးခဲ့တာ တွေ့ရှိခဲ့ပါတယ်။ ကျွန်တော်တို့ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း ဒီပွဲမှာဆိုရင် ကျွန်တော်တို့အပါအဝင် ကျွန်တော်တို့ရဲ့ Nuclear Medicine Department ကတာဝန်ရှိသူများလည်း ပါဝင်လာပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်းပဲ ဒီ Nuclear Technology အသုံးပြုပြီးတော့ ဆေးကုသမှုတွေ၊ ရောဂါရှာဖွေမှုတွေ၊ အထူးသဖြင့် ကင်ဆာရောဂါနဲ့ပတ်သက်တဲ့ ကုသမှုတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီမှာ တက်ရောက်လာခြင်းအားဖြင့် ROSATOM မှာ တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ရဲ့တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီးတဲ့အခါမှာ ကျွန်တော်တို့နိုင်ငံမှာ ဆေးကုသမှုနဲ့ပတ်သက်ပြီး Nuclear Technology အသုံးပြုပြီးတော့ ဆောင်ရွက်မယ့်ဟာတွေ၊ ယခုလက်ရှိအခြေအနေထက်ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ဖို့ ဒါတွေကိုလည်း ဆွေးနွေးနိုင်မယ့်အခွင့်အလမ်းရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်းပဲ Nuclear Technology ဆေးကုသမှုလုပ်တဲ့အခါမှာ Isotope တွေ ကျွန်တော်တို့နိုင်ငံမှာလည်း ထုတ်နေတာရှိသလို ပြည်ပနိုင်ငံက တင်သွင်း ရတာတွေလည်းရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့လည်း ပိုမိုကောင်းမွန်တဲ့၊ အရည်အသွေးမြင့်မားတဲ့ Isotope တွေ ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့၊ ပြည်ပမှ တင်သွင်းနိုင်ဖို့တွေကို ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ (World Atomic Week Forum 2025) ကို လာရောက်တက်ရောက်ခြင်းဟာဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ Nuclear Technology နဲ့ လူမှု ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ့် လုပ်ငန်းတွေမှာ နိုင်ငံတော်ယာယီသမ္မတကြီး ကိုယ်တိုင်တက်ရောက်တဲ့အတွက်ကြောင့် ကျွန်တော်တို့နိုင်ငံအတွက် မှတ်တိုင်တစ်ခု၊ Nuclear Technology အသုံးပြုတဲ့ မှတ်တိုင်တစ်ခုအဖြစ်နဲ့ ကျန်ခဲ့မယ်လို့ ယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ရုရှား-အာဆီယံဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခဲ့သည်။ ထို့နောက် ROSATOM ညွှန်ကြားရေးမှူးချုပ်က တည်ခင်းဧည့်ခံသည့် ညစာစားပွဲကို ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov နှင့် တွေ့ဆုံဆွေးနွေး
09/27/2025
နေပြည်တော် စက်တင်ဘာ ၂၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov နှင့် Roscosmos ရုံးချုပ်၌ တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် Roscosmos ရုံးချုပ်အဆောက်အအုံသစ်သို့ ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန် ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် Roscosmos ရုံးချုပ်အဆောက်အအုံအတွင်း၌ Roscosmos မှ အာကာသအတွင်းသို့ လွှတ်တင်ထားသည့် ဂြိုဟ်တုပုံစံတူ ပြုလုပ်ပြသထားရှိမှုနှင့် ဂြိုဟ်တုပတ်လမ်းအတွင်း လွှတ်တင်ထားသည့် ဂြိုဟ်တုများနှင့် တိုက်ရိုက်ချိတ်ဆက်ထားရှိမှု ထိန်းချုပ်ခန်းတို့ကို လှည့်လည်ကြည့်ရှုလေ့လာကြပြီး “Roscosmos” ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ်တို့သည် အစည်းအဝေးခန်းမအတွင်း၌ တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး “Roscosmos” ညွှန်ကြားရေးမှူးချုပ်နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား အာကာသနည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ အာကာသနည်းပညာဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် ပြင်ပအာကာသစူးစမ်းလေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မည့် ဂြိုဟ်တုလွှတ်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အာကာသနည်းပညာနှင့် သက်ဆိုင်သည့် ပညာတော်သင် သင်တန်းသားများ စေလွှတ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရတို့အကြား ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် ပြင်ပအာကာသစူးစမ်း လေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov နှင့် မြန်မာအာကာသအေဂျင်စီအမှုဆောင်ချုပ် ဒေါက်တာ စိုးမြင့်မောင်တို့က နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌရှေ့မှောက်၌ လက်မှတ်ရေးထိုးကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာအာကာသအေဂျင်စီအမှုဆောင်ချုပ်တို့သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် Mr. Anton Kobyakov နှင့် တွေ့ဆုံဆွေးနွေး
09/27/2025
နေပြည်တော် စက်တင်ဘာ ၂၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် Mr. Anton Kobyakov အား Radission Collection ဟိုတယ်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတောလုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် Mr. Anton Kobyakov နှင့်အတူ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်နှင့် RC Investment Fund ညွှန်ကြားရေးမှူးချုပ် Mr.Sergey Shatirov နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
တွေ့ဆုံဆွေးနွေးရာတွင် မကြာမီကာလအတွင်း မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှုနှင့် ရွေးကောက်ပွဲကျင်းပပြီးစီးပါက ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲအပ်သွားမည်ဖြစ်သည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် ရုရှားဖက်ဒရေးရှင်းနိုင်ငံအပါအဝင် နိုင်ငံတကာမှလည်း အသိအမှတ်ပြုအားပေးထောက်ခံလျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံနှင့် ပြည်သူများ၏ ဘုံအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို လမ်းပြမြေပုံများ ရေးဆွဲ၍ စဉ်ဆက်မပြတ် အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ်၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်နှင့် RC Invest-ment Fund ညွှန်ကြားရေးမှူးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev နှင့် တွေ့ဆုံဆွေးနွေး
09/27/2025
နေပြည်တော် စက်တင်ဘာ ၂၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev နှင့် Radission Collection ဟိုတယ်၌ တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာမျိုးသိန်းကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး (ROSATOM) ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Nikolay SPASSKIY နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးရာတွင် “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic week forum)”ကျင်းပပြုလုပ်မှုအပေါ် သုံးသပ်မှုအမြင်များ၊ မြန်မာနိုင်ငံနှင့် ROSATOM တို့အကြား နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည့်အခြေ အနေများ၊ အမျိုးသားအဆင့် နျူကလီးယားအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးဆိုင်ရာ လေ့ကျင့်ရေးနှင့် ကျွမ်းကျင်မှု အရည်အသွေး ဖွံ့ဖြိုးတိုးတက်မှုတို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ နျူကလီးယား စွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကို ရုရှား ဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းတို့က နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌရှေ့မှောက်၌ လက်မှတ်ရေးထိုးကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) ၏ ညွှန်ကြား ရေးမှူးချုပ်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း(ROSATOM)၏ ညွှန်ကြားရေးမှူးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်