
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပလျက်ရှိသည့် (၁၂)ကြိမ်မြောက် ပေကျင်းရှန်းစန်းဖိုရမ် (12th Beijing Xiangshan Forum)သို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်
နေပြည်တော် စက်တင်ဘာ ၁၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ Pre-sident of China Association for Military Science နှင့် Pre-sident of China Institute for International Strategic Studies တို့၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့၌ကျင်းပမည့် (၁၂)ကြိမ်မြောက် ပေကျင်းရှန်းစန်းဖိုရမ် (12th Beijing Xiangshan Forum)သို့ တက်ရောက်ရန် ပေကျင်းမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ ပါယိခန်းမ(Bayi Hall)၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီးတုန်ကျွင်း (Admiral Dong Jun) နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ စစ်ဘက်နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေး၊ လေ့ကျင့်ရေးနှင့်သင်တန်းသားများ စေလွှတ်ရေး၊ နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် (12th Beijing Xiangshan Forum) ဖွင့်ပွဲအခမ်းအနားနှင့် စုံညီအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီးတုန်ကျွင်းက အဖွင့်မိန့်ခွန်းပြောကြားသည်။ ယင်းနောက် အစီအစဉ်များကို ဆက်လက်ကျင်းပရာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက Forum ၏ စုံညီအစည်းအဝေး ဒုတိယအပိုင်း (2nd Plenary Session) သို့ ဆက်လက် တက်ရောက်၍ Strategic Mutual Trust and Security Coopera-tion in the Asia-Pacific Region ခေါင်းစဉ်ဖြင့် Plenary Speech ကို ပြောကြားခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသည့် (၁၂) ကြိမ်မြောက် ပေကျင်းရှန်းစန်းဖိုရမ် (12th Beijing Xiangshan Forum) သို့ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကာကွယ်ရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဦးစီးချုပ်များနှင့် ကျွမ်းကျင်သူများကိုယ်စားလှယ် စုစုပေါင်း ၅၀၀ ကျော် တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ၂၀၂၅ ခုနှစ် တရုတ်-အာဆီယံ စက်မှုဝန်ကြီးများအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲ၊ တရုတ်-အာဆီယံ စက်မှုကဏ္ဍဖလှယ်ရေးနှင့် မြှင့်တင်ရေးအခမ်းအနား တက်ရောက်
နေပြည်တော် စက်တင်ဘာ ၁၈
နိုင်ငံတော်ဝန်ကြီးချုပ်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါခဲ့သည့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် စက်တင်ဘာ ၁၇ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် နန်နင်းမြို့ Wanda Vista ဟိုတယ်၌ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ် တရုတ်-အာဆီယံ စက်မှုဝန်ကြီးများအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စက်မှုနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနဝန်ကြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့်အတူ တက်ရောက်သည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံများအကြား အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်သော စက်မှုပူးပေါင်းဆောင်ရွက်မှုစနစ်တစ်ရပ် ထူထောင်ခြင်းအားဖြင့် စက်မှုကဏ္ဍနယ်ပယ်အတွင်း အပြိုင်အဆိုင်ဖွံ့ဖြိုးတိုးတက်မှု၊ အပြုသဘောဆောင်သည့် ယှဉ်ပြိုင်နိုင်စွမ်းများရှိလာပြီး ရေရှည်တည်တံ့သည့် လူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ စက်မှုကဏ္ဍရှိ နည်းပညာဆိုင်ရာဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ရေးအတွက် ပူးတွဲလေ့ကျင့်မှု၊ နည်းပညာသင်တန်းများနှင့် သက်မွေးပညာ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများသည် ယနေ့ခေတ်၏ စက်မှုဖွံ့ဖြိုးမှုနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေလိုအပ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)နှင့် လူငယ်များပါဝင်ရေး မြှင့်တင်ပြီး ချမှတ်ထားသောမူဝါဒများနှင့် လုပ်ငန်းစဉ်များဖြင့် ဂေဟစနစ်တည်ဆောက်သွားနိုင်ပါက တရုတ်-အာဆီယံဒေသအတွင်း စက်မှုဖွံ့ဖြိုးတိုးတက်မှုကို ပိုမို မြှင့်တင်နိုင်မည် ဖြစ်ကြောင်း၊ စက်မှုပူးပေါင်းဆောင်ရွက်မှုအင်အားဖြင့် တရုတ်-အာဆီယံဒေသကို ပိုမိုအားကောင်းအောင် တည်ဆောက်ကြရန် တိုက်တွန်းပြောကြားပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများမှဝန်ကြီးများက တရုတ်- အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် နန်နင်းဦးဆောင်ဦးရွက်ပြုမှုအစီအစဉ်ဖြစ်သည့် စက်မှုမူဝါဒညှိနှိုင်း ဆောင်ရွက်မှုနှင့် မဟာဗျူဟာ မြောက်ညှိနှိုင်းမှုအားကောင်းစေရန်၊ ဒေသတွင်းဆန်းသစ်တီထွင် မှုဂေဟစနစ်ကို တည်ဆောက်ရန်၊ ဒစ်ဂျစ်တယ်၊ အစိမ်းရောင်နှင့် ဉာဏ်ရည်တု နည်းပညာဖြင့် စက်မှုအသွင်ပြောင်းခြင်း နယ်ပယ်များတွင် စံချိန်စံနှုန်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်၊ ဒစ်ဂျစ်တယ်ဆိုင်ရာ အခြေခံအဆောက်အအုံများမြှင့်တင်ခြင်း၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဂြိုဟ်တုလမ်းကြောင်းပြခြင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေ ရေးပံ့ပိုးပေးခြင်းအပါအဝင် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် စွမ်းအင်သစ်ကဏ္ဍတို့ပါဝင်သည့် ထွန်းသစ်စစက်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုကို စူးစမ်းလေ့လာရန်၊ တရုတ်နိုင်ငံနှင့် အာဆီယံရှိ စွမ်းအင်သစ်ယာဉ်များတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖြေလျှော့ပေးရေးကို ဆက်လက်မြှင့်တင်ရန်၊ AI ဖြင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် AI ဆိုင်ရာ အသုံးပြုနိုင်သည့် အက်ပလီကေးရှင်းနယ်ပယ်တွင် ပူးပေါင်း ဆောင်ရွက်မှုကိုရှာဖွေရန်၊ လျှပ်စစ် စက်ဘီးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုထိရောက်စေရန်၊ အထည်အလိပ်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန်၊ ဆေးဝါးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန်၊ စက်မှုကဏ္ဍရှိ နည်းပညာဆိုင်ရာ ဝန်ထမ်းများ၏ ပူးတွဲလေ့ကျင့်မှုကို အားကောင်းစေရန်၊ SMEs များကို စက်မှုပူးပေါင်းဆောင်ရွက်မှုစနစ်သို့ ပေါင်းစည်းရေးကို သင့်တင့်မျှတသောပုံစံဖြင့် မြှင့်တင်ရန် စသည့်အချက်များကို သဘော တူညီခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး တရုတ်-အာဆီယံ စက်မှုကဏ္ဍဖလှယ်ရေးနှင့် မြှင့်တင်ရေးအခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စက်မှုဝန်ကြီးများနှင့်အတူ တက် ရောက်ဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စက်မှုနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီး နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံအကြား စက်မှုကဏ္ဍနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ သံ၊ သံမဏိ၊ ဆေးဝါး၊ အဝတ်အထည်၊ ဝါးတို့နှင့်စပ်လျဉ်းသည့် ထုတ်ကုန် ပစ္စည်းများထုတ်လုပ်ရေး၊ စိုက်ပျိုးရေးအခြေပြုစက်မှုကဏ္ဍ၊ ဝါဂွမ်း၊ စားသုံးဆီ၊ ဆန်စက်ကဏ္ဍတွင် နည်းပညာမြင့် စက်ကိရိယာများဖြင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တရုတ်-အာဆီယံ စီးပွားရေးခေါင်းဆောင်များ ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား
နေပြည်တော် စက်တင်ဘာ ၁၇
“အာဆီယံကို ဉာဏ်ရည်တုနည်းပညာဖြင့် ချိတ်ဆက်၍ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းခြင်းမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှုအနာဂတ်ကို မျှဝေခြင်း” ဆောင်ပုဒ်ဖြင့် တရုတ်-အာဆီယံစီးပွားရေးခေါင်းဆောင်များ ဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နန်နင်းမြို့ရှိ Grand Metropark Hotel ၌ ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်မိန့်ခွန်းပြောကြားသည်။
တက်ရောက်
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အတိုင်ပင်ကွန်ဖရင့်ဥက္ကဋ္ဌ မစ္စတာစွမ်းသဝေ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Mr. Kao Kim Hourn တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (CCPIT) မှ ဒုတိယအကြီးအကဲ၊ ASEAN- China Centre မှ အထွေထွေအတွင်းရေးမှူး၊ တရုတ်အာဆီယံနိုင်ငံများမှ ကုန်သည်အသင်းဥက္ကဋ္ဌများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မိတ်ဆက်ပြသ
ဦးစွာ ဖိုရမ်ကျင်းပရေး ကော်မတီအတွင်းရေးမှူးက AI နည်းပညာသုံးမျက်မှန် အသုံးပြုပုံကို မိတ်ဆက်ပြသသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ဖိုရမ်အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယခုဖိုရမ်သည် တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးကဏ္ဍတွင် ဦးဆောင်နေကြသည့် ကုန်သည်အသင်းအဖွဲ့များအကြား စီးပွားရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်သည့် အခွင့်အလမ်းများကိုရရှိနိုင်မည့် ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း၊ ယခုအခါ အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသ (ASEAN-China Free Trade Area-ACFTA) ကို ACFTA (အက်ဖ်တာ) ဗားရှင်း ၃.၀ သို့ အဆင့်မြှင့်တင်နိုင်ခဲ့ပြီးဖြစ်သည့်အတွက် ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စီးပွားရေး၊ ထောက်ပံ့ရေးကွင်းဆက်ချိတ်ဆက်မှု၊ ယှဉ်ပြိုင်မှု၊ စားသုံးသူကာကွယ်ပေးရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ စသည့်နယ်ပယ်သစ်များတွင် နက်နက်ရှိုင်းရှိုင်းပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအနေဖြင့် နယ်ပယ်သစ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို မျှဝေခံစားသွားနိုင်ကြမည်ဖြစ်ကြောင်း။
မျှတစွာအသုံးပြုသွားရန်လို
AI နည်းပညာကို နယ်ပယ်ကဏ္ဍအသီးသီးတွင် ကျယ်ပြန့်စွာအသုံးပြုလာသည်နှင့်အမျှ လွဲမှားစွာ အသုံးချမှုနှင့် ဆိုက်ဘာလုံခြုံရေးကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပြီး မှန်ကန်သည့် နယ်ပယ်များတွင် မျှတစွာအသုံးပြုသွားရန်လိုအပ်ကြောင်း၊ ယနေ့ကျင်းပသည့် တရုတ်-အာဆီယံ စီးပွားရေးခေါင်းဆောင်များဖိုရမ်မှတစ်ဆင့် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
မိန့်ခွန်းပြောကြား
ယင်းနောက် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အတိုင်ပင်ကွန်ဖရင့်ဥက္ကဋ္ဌ၊ CCPIT မှ ဒုတိယအကြီးအကဲ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်နှင့် ASEAN- China Centre မှ အထွေထွေအတွင်းရေးမှူးတို့က မိန့်ခွန်းပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား
နေပြည်တော် စက်တင်ဘာ ၁၇
(၂၂)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုထိပ်သီးဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နန်နင်းမြို့ နန်နင်းအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်မိန့်ခွန်းပြောကြားသည်။
အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာဟန်ကျင့်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဒုတိယသမ္မတ၊ ဒုတိယဝန်ကြီးချုပ်များနှင့် ဝန်ကြီးများ၊ ယခုနှစ်အတွက် အထူးမိတ်ဖက်နိုင်ငံဖြစ်သည့် သီရိလင်္ကာနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့အကြီးအကဲများ၊ အာဆီယံနိုင်ငံများနှင့် ဖိတ်ကြားထားသည့် နိုင်ငံများမှအကြီးအကဲများနှင့်တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်
ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနားကျင်းပမည့် နန်နင်းအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာသို့ ရောက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတက ကြိုဆိုနှုတ်ဆက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဒုတိယသမ္မတ၊ ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားတွင် CPC ပါတီအတွင်းရေးမှူး မစ္စတာချန်ကန်း၊ တရုတ်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ(CCPIT) ဥက္ကဋ္ဌတို့က အဖွင့်အမှာစကားပြောကြားကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတက အဖွင့်မိန့်ခွန်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ယခုနှစ်တွင် မြန်မာနိုင်ငံသည် တရုတ်-အာဆီယံကုန်စည်ပြပွဲ၏ Country of Honour အဖြစ် အလှည့်ကျတက်ရောက်ခြင်းဖြစ်ပြီး မိမိအနေဖြင့် ယခုကဲ့သို့ ထူးခြားလေးနက်သည့်အခမ်းအနားတွင် ပါဝင်တက်ရောက်ပြီး မိန့်ခွန်းပြောကြားခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယခုကဲ့သို့ ပြပွဲများကျင်းပခြင်းအားဖြင့် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေပြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းနယ်ပယ်များ ပူးပေါင်းဆောင်ရွက်ရာတွင် အရေးပါသည့် စင်္ကြံတစ်အခုအဖြစ် ပံ့ပိုးပေးနိုင်သည့်အတွက် တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဒေသကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း။
တရုတ် - အာဆီယံ ကုန်စည်ပြပွဲမှတစ်ဆင့် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှု၊ စီးပွားရေးနှင့်စက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရာတွင် အားကောင်းလာစေရန်နှင့် ဒေသတွင်းရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမှုတို့ကို ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ဒေသတွင်း မိတ်ဖက်နိုင်ငံများနှင့် ကုန်သွယ်ရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးကို အထူးအလေးထားပါကြောင်း၊ မြန်မာနိုင်ငံ၌ AI နည်းပညာကို စီးပွားရေးလုပ်ငန်းရှင်များက အချို့ကဏ္ဍများတွင် အသုံးပြုလာကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ စားသောက်ကုန်များ၊ Safe Health AI အပါအဝင် နည်းပညာပြခန်းများ၊ လက်မှုအနုပညာပစ္စည်းများ၊ ကျောက်မျက်လက်ဝတ်ရတနာများ စသည့်ပြခန်းပေါင်း ၁၂၀ နှင့် မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာမြို့ပြခန်းဆောင်တို့ကို ပါဝင်ပြသသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် လာအိုနိုင်ငံ ဒုတိယသမ္မတ Mr. Bounthong Chitmany၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Oknha Men Sam An၊ မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr.Fadillah Yusof ၊ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr.Mai Van Chinh ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Mr.Kao Kim Hourn နှင့် Mr.Zhang Bingnan တို့က မိန့်ခွန်းပြောကြားကြပြီး AI ဖြင့် ပြုလုပ်ထားသည့် 22nd CAEXPO အထိမ်းအမှတ် Video Clip ကို ပြသသည်။
ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဒုတိယသမ္မတ၊ အာဆီယံနိုင်ငံများမှ အကြီးအကဲများနှင့်အတူ (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုထိပ်သီးဖိုရမ်ကို Digital Key ဖြင့် ဖွင့်လှစ်ပေးကြသည်။
စက်ခလုတ်နှိပ်ဖွင့်လှစ်
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတတို့သည် ကချင်ရိုးရာယဉ်ကျေးမှုအကအဖွဲ့၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာမြို့ (City of Charm)အဖြစ် မြစ်ကြီးနားမြို့ကို ရွေးချယ်သတ်မှတ်၍ ဖွင့်လှစ်ပြသထားရှိသည့် မြန်မာအမျိုးသားပြခန်းဆောင်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ မြန်မာအမျိုးသားပြခန်းဆောင်နှင့် (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် ပါဝင်ပြသသည့် မြန်မာနိုင်ငံကိုယ်စားပြု ကုန်စည်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ၂၀၂၅ ခုနှစ် တရုတ် (ကွမ်ရှီး) - အာဆီယံအသက်မွေးဝမ်းကျောင်းပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုညီလာခံ တက်ရောက်
နေပြည်တော် စက်တင်ဘာ ၁၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးဒေသ နန်နင်းမြို့၌ စက်တင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပသော ၂၀၂၅ ခုနှစ် တရုတ် (ကွမ်ရှီး) - အာဆီယံ အသက်မွေးဝမ်းကျောင်းပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုညီလာခံသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေး
စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် Guangxi Polytechnic of Construction ၌ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအစိုးရ ဒုတိယအုပ်ချုပ်ရေးမှူး Ms. Lu Xinning နှင့် တွေ့ဆုံဆွေးနွေးသည်။
ထို့နောက် ညီလာခံဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ Ms. Lu Xinning က ညီလာခံဖွင့်လှစ်ကြောင်း ကြေညာပြီး တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက အဖွင့်အမှာစကားပြောကြားကြကာ ဉာဏ်ရည်တုနည်းပညာဖြင့် သက်မွေးပညာတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေကို ဆွေးနွေးကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးက ဉာဏ်ရည်တု အေအိုင်နည်းပညာ၏ စွမ်းပကား ကြီးမားလာမှုအခြေအနေ၊ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကို အခြေခံသော စက်မှုလုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စက်မှုလုပ်ငန်းများ၊ ဒေသတစ်ခုထုတ်ကုန်တစ်ခုနှင့် သွင်းကုန်အစားထိုးထုတ် ကုန်များထုတ်လုပ်ရေး အားပေးဆောင်ရွက်လျက်ရှိမှု၊ အဆိုပါလုပ်ငန်းများတွင် ဉာဏ်ရည်တုနည်းပညာဖြင့် ပေါင်းစပ်ပံ့ပိုးမည်ဆိုပါက တိုးတက်ဖွံ့ဖြိုးလာမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။
ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ အာဆီယံအဖွဲ့ ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ ဒုတိယဝန်ကြီးများနှင့် ကိုယ်စားလှယ် ၄၀၀ ခန့် တက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကွမ်ရှီးစီးပွားရေးနှင့် ကုန်သွယ်မှုသက်မွေးပညာတက္ကသိုလ်ရှိ အာဆီယံဉာဏ်ရည်တု အေအိုင်နည်းပညာလက်တွေ့ခန်း၊ အဝတ်အထည်ချုပ် နည်းပညာပြခန်းနှင့် ဒစ်ဂျစ်တယ်ဖက်ရှင်ဒီဇိုင်းရေးဆွဲနည်းသင်တန်းခန်းများကို လှည့်လည်ကြည့်ရှု လေ့လာကြပြီး ဉာဏ်ရည်တု အေအိုင်နည်းပညာ၊ ဒစ်ဂျစ်တယ်နည်းပညာကို ပညာရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေကို မေးမြန်းဆွေးနွေးကာ ကွမ်ရှီးဒေသ ပညာရေးဦးစီးဌာနက တည်ခင်းသော ညစာစားပွဲသို့ တက်ရောက်ကြသည်။
ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နန်နင်းမြို့ ကွမ်ရှီးစီးပွားရေးနှင့် ကုန်သွယ်မှုသက်မွေးပညာတက္ကသိုလ်၌ ကျင်းပသည့် ဆွေးနွေးပွဲသို့ တက်ရောက်ပြီး အေအိုင်နည်းပညာဖြင့် ဒစ်ဂျစ်တယ်စီးပွားရေး တိုးတက်စေနိုင်မှုခေါင်းစဉ်ဖြင့် ဆွေးနွေးကာ Guangxi Skills Master Hub ၌ ခင်းကျင်းပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သတင်းစဉ်