photo

မော်စကိုမြို့၌ ကျင်းပသည့် First World Public Assembly on New World of Conscious Unity သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

09/25/2025

နေပြည်တော် စက်တင်ဘာ ၂၄

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၁ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ (International Day of Peace) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၀ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့သည့် First World Public Assembly on New World of Conscious Unity သို့ တက်ရောက်ခဲ့သည်။

စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညီလာခံဖွင့်ပွဲအခမ်းအနားသို့ ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံ ပေါင်းစည်းရေးဝန်ကြီး Mr. SERGEY GLAZYEV ၊ Commonwealth of Independent States (CIS) အတွင်းရေးမှူးချုပ် Mr. SERGEY LEBEDEV၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကဒေသတို့မှ ဝန်ကြီးများ၊ မြို့တော်ဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Secretary General of the World Peoples Assembly ဖြစ်သူ Mr. Andrey Belyaninov နှင့် တွေ့ဆုံဆွေးနွေးပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့သည်။

စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် Business Forum ကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးသည် အာရှ၊ အာဖရိက၊ ဥရောပနိုင်ငံများ၊ BRICS ၊ SCO များမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ဆွေးနွေးခဲ့သည်။

ယင်းဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူများ၏ ယုံကြည်မှုမှ စီးပွားရေးယုံကြည်မှုသို့ ပူးပေါင်း ဆောင်ရွက်မှုအခြေခံအုတ်မြစ်များ၊ From People Trust to Economic Trust (Humanitarian Foundations of Partnership) ခေါင်းစဉ်ဖြင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ၏ လူသားချင်း စာနာထောက်ထားမှုကိုအခြေခံသည့် လူသားများ၏ ယုံကြည်မှုဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ယုံကြည်စိတ်ချစွာ ဆောင်ရွက်နိုင်ရေး၊ ယင်းမှတစ်ဆင့် ရေရှည်တည်တံ့သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံအုတ်မြစ်တစ်ခုကို ဖန်တီးတည်ဆောက်နိုင်ရေးစသည်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် The Role of Business in Economic Integration amid Global Changes ခေါင်းစဉ်ဖြင့် Panel Session ကို ကျင်းပရာ BRICS အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံအချို့က ကမ္ဘာလုံးဆိုင်ရာပြောင်းလဲမှုများကြားတွင် စီးပွားရေးတိုးတက်မှုအတွက် နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုများကို အလေးထားဆွေးနွေးခဲ့ကြပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် လက်တွေ့ကျသော အကြံပြုချက်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးဖော်ထုတ်ခဲ့ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညီလာခံခန်းမကြီး၌ ကျင်းပသည့် ညီလာခံပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ညီလာခံကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး ညီလာခံသို့ နိုင်ငံပေါင်း ၁၅၀ ကျော်မှ လူထုအကြား ထင်ပေါ်ကျော်ကြားသည့်ပုဂ္ဂိုလ်များ၊ နိုဘယ်ဆုရပုဂ္ဂိုလ်များ၊ အစိုးရနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သံတမန်များ၊ သိပ္ပံပညာရှင်များ၊ ပညာရေးနှင့် ယဉ်ကျေးမှုနယ်ပယ်တို့မှ ပညာရှင်များ၊ လူငယ်ခေါင်းဆောင်များ၊ အားကစားသမားများ၊ အာကာသယာဉ်မှူးများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံတကာမှ လူသိများသည့် သတင်းမီဒီယာများမှ သတင်းသမား စုစုပေါင်း ၅၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

စက်တင်ဘာ ၂၂ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်၌ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ Mr. SHOLBAN KARO-OOL နှင့် တွေ့ဆုံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှင့် မြန်မာနိုင်ငံတွင် မကြာမီကျင်းပမည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်နှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကူညီဆောင်ရွက်ပေးနိုင်သည့် အခြေအနေများကိုဆွေးနွေးကြပြီး ဒူးမားလွှတ်တော်ရှိ ပြတိုက်အတွင်း လေ့လာခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် Russian Presidential Academy မှ Vice Rector ဖြစ်သူ Mr. Andrey Margolin ၏ ဖိတ်ကြားမှုအရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌနှင့်အတူ Russian Presidential Academy of National Economy and Public Administration (RANEPA) သို့ သွားရောက်ပြီး Economic Development of Myanmar ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး တက္ကသိုလ်ဝင်းအတွင်းရှိ စာသင်ဆောင်များနှင့် အဆောက်အအုံများကို လေ့လာကြည့်ရှုသည်။

စက်တင်ဘာ ၂၃ ရက် ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

25.09.2025
MDD

မစ္စတာ မာဇီယဒ်မိုဟာမက်မာ ဇီယဒ်အယ်လ်ဟိုဝီရှန်အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်

09/25/2025

နေပြည်တော် စက်တင်ဘာ ၂၅

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် မစ္စတာ မာဇီယဒ်မိုဟာမက်မာဇီယဒ် အယ်လ်ဟိုဝီရှန်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဆော်ဒီအာရေဗျနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် ဆော်ဒီအာရေဗျအစိုးရ၏ အဆိုပြုချက်ကို သဘောတူပြီးဖြစ်သည်။

မစ္စတာ မာဇီယဒ်မိုဟာမက် မာဇီယဒ်အယ်လ်ဟိုဝီရှန်ကို ၁၉၈၀ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်တွင် မွေးဖွားခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ်မြို့ရှိ ကင်းဆော့ဒ်တက္ကသိုလ်မှ ဥပဒေဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ကို ၂၀၀၂ ခုနှစ်တွင်လည်းကောင်း၊ အီဂျစ်နိုင်ငံ၊ အလက်ဇန္ဒရီးယားမြို့ရှိ အလက်ဇန္ဒရီးယားတက္ကသိုလ်မှ နိုင်ငံတကာဥပဒေဘာသာရပ်ဖြင့် မဟာဘွဲ့ကို ၂၀၂၄ ခုနှစ်တွင်လည်းကောင်းရရှိခဲ့သည်။

မစ္စတာ မာဇီယဒ်မိုဟာမက် မာဇီယဒ်အယ်လ်ဟိုဝီရှန် သည် ၂၀၀၄ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ဆော်ဒီအာရေဗျနိုင်ငံ၊ အာရှနိုင်ငံများဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးရုံးတွင် သံအရာရှိအဖြစ်လည်းကောင်း၊၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျသံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂၀၁၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဆီးရီးယားနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျသံရုံးတွင် ပထမအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဆော်ဒီအာရေဗျနိုင်ငံ၊ သံတမန်ရေးရာကောင်စီ၏ ဒုတိယအတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းသည် ၂၀၂၁ ခုနှစ်မှစ၍ အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျကောင်စစ်ဝန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

မစ္စတာ မာဇီယဒ်မိုဟာမက် မာဇီယဒ်အယ်လ်ဟိုဝီရှန်သည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သားသမီးသုံးဦးထွန်းကားသည်။

သတင်းစဉ်

25.09.2025
photo , photo2 , photo

မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍတွင် AI အသုံးပြုနိုင်ရေး တရုတ် ဟွာဝေးကုမ္ပဏီနှင့် ဆွေးနွေး

09/24/2025

ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဟွာဝေးကွန်ရက် ၂၀၂၅ ကို  တရုတ်နိုင်ငံတွင် စက်တင်ဘာလ (၁၅)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။

ယင်း အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဘဏ် လုပ်ငန်း ကဏ္ဍတွင် ဉာဏ်ရည်တုနည်းပညာ (AI) အသုံးပြုနိုင်ရေး လိုအပ်သည့် အခြေအနေများနှင့် Cloud Computing နည်းပညာကို မိမိတို့လုပ်ငန်းတွင် အသုံးချခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေ အန္တရာယ်များ လျော့နည်းစေရေး ဆောင်ရွက်ရမည့် ထိန်းချုပ်မှုလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။

ထို့ပြင် ဟွာဝေး Global Cyber Security Transparency Center တွင် ဟွာဝေး၏ ထုတ်ကုန်များ၊ ဆော့ဖ်ဝဲလ်များနှင့် လုံခြုံရေးလုပ်ငန်းစဉ်များကို ကမ္ဘာ့အဖွဲ့အစည်းများ စစ်ဆေးနိုင်ရေးနှင့် ဆိုက်ဘာ လုံခြုံမှုပိုင်းဆိုင်ရာ Third Party Testing များ ပြုလုပ်နိုင်မှု၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အကောင်းဆုံး အလေ့အကျင့်များ၊ Internet of Things (IoT) ဆိုင်ရာ လုံခြုံရေးစနစ်များ၊ BOC၊ ICBC ဘဏ်များနှင့် ဟွာဝေးနည်းပညာကုမ္ပဏီတို့ ပူးပေါင်းပြီး တရုတ်နိုင်ငံရှိ ဘဏ်များတွင် ဆောင်ရွက်ခဲ့သည့် Smart Banking၊ Digital Banking များကို AI နည်းပညာများနှင့် အကောင်အထည်ဖော်ခဲ့မှု အတွေ့အကြုံများကို ဖလှယ်ခဲ့ကြသည်။

ထို့ပြင် တရုတ်နိုင်ငံ၏ ဘဏ်အချင်းချင်း နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစနစ် (CIPS) မြန်မာဘဏ်များ ပါဝင်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ပြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံကြား ငွေပေးချေမှုကိစ္စရပ်များတွင် အထောက်အကူဖြစ်စေနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပြောကြားထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

24.09.2025
photo

ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုက်စညိနိုဂိုရပ်ဖ်မြို့၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့လူငယ်ပွဲတော်ညီလာခံသို့ တက်ရောက်

09/24/2025

ရန်ကုန် စက်တင်ဘာ ၂၃

မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ဦးဆောင်သည့် မြန်မာလူငယ်ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုက်စညိနိုဂိုရပ်ဖ်မြို့၌ ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့လူငယ်ပွဲတော်ညီလာခံသို့ တက်ရောက်ခဲ့သည်။

ကြည့်ရှုလေ့လာ

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် Nizhny Novgorod Fair ခန်းမ၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့လူငယ်ပွဲတော်ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကမ္ဘာတစ်ဝန်း လုံးရှိ လူငယ်များနှင့် တွေ့ဆုံနှုတ်ဆက်ကာ စက်တင်ဘာ ၁၈ ရက်တွင် နိုင်ငံတကာရှိ လူငယ်များ၏ မီဒီယာကဏ္ဍ၊ စက်မှုတီထွင်နိုင်စွမ်းကဏ္ဍ၊ ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုကဏ္ဍ၊ ပညာရေးနှင့်သိပ္ပံကဏ္ဍ၊ စွန့်ဦးတီထွင်မှုကဏ္ဍ၊ အားကစားကဏ္ဍနှင့် သတင်းအချက်အလက်နည်းပညာကဏ္ဍများတွင် ကဏ္ဍအလိုက်လှုပ်ရှားဆောင်ရွက်မှုများကို လိုက်လံ ကြည့်ရှုလေ့လာခဲ့ကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရုရှားနိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ Nizhny Novgorod Fair တွင်ကျင်းပသည့် လူငယ်များ၏စကားဝိုင်း အခမ်းအနားအစီအစဉ်သို့ တက်ရောက်ခဲ့ပြီး စကားဝိုင်းအခမ်းအနားတွင် မြန်မာနိုင်ငံ လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးရာ နိုင်ငံတကာမှ လူငယ်အဖွဲ့အစည်းများ၊ အစိုးရဌာနများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများက မြန်မာလူငယ်များအနေဖြင့် အာဆီယံနှင့် နိုင်ငံတကာလူငယ်အစီအစဉ်များ၊ ပြိုင်ပွဲများနှင့်ဆွေးနွေးပွဲများတွင် တက်‌ရောက်နိုင်ရေးအတွက် အခွင့်အလမ်းများကို ပူးပေါင်းဖန်တီးဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ လူငယ်များ၏ စွမ်းဆောင်ရည် မြင့်မားစေရန်နှင့် ကိုယ်ပိုင်အတွေးအခေါ်များ တိုးတက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းအစီအစဉ်များ၊ လူမှုအကျိုးပြု စေတနာ့ဝန်ထမ်းလုပ်ငန်းအစီအစဉ်များကိုပါ ထည့်သွင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းလူငယ်များအပါအဝင် လူငယ်များအား နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာပါဝင်နိုင်စေရန်အတွက် တိုက်တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး အရည်အသွေးပြည့်ဝသည့် ပညာရေးစနစ်၊ အလုပ်အကိုင်အခွင့်အလမ်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အားကစားနှင့်အပန်းဖြေမှု၊ ပြည်သူ့အကျိုးပြု လုပ်ငန်းနှင့်နိုင်ငံ့သားကောင်းဖြစ်မှု၊ ကျား/မတန်းတူညီမျှမှုနှင့် လူ့အခွင့်အရေးအစရှိသည့် ကဏ္ဍစုံများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးခဲ့သည်။

အဆိုပါ ကမ္ဘာ့လူငယ်ပွဲတော်ညီလာခံ အခမ်းအနားသို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၀ မှ လူငယ်ကိုယ်စားလှယ် ၂၀၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြသည်။

ဒုတိယဝန်ကြီးသည် စက်တင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Egor LITVINENKO, Deputy Head of the Federal Agency for youth Affairs နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံအနေဖြင့် လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဘက်ဘက်မှ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားရာ ရုရှားနိုင်ငံမှ Egor LITVINENKO, Deputy Head of the Federal Agency for youth Affairs ကလည်း လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိတို့နိုင်ငံအနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

24.09.2025
photo

ဒုတိယဝန်ကြီး ဦးအောင်မြိုင် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဒုတိယအကြိမ် နိုင်ငံတကာနည်းပညာကွန်ဂရက်သို့ တက်ရောက်

09/22/2025

နေပြည်တော် စက်တင်ဘာ ၂၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသည့် ဒုတိယအကြိမ် နိုင်ငံတကာ နည်းပညာကွန်ဂရက် (The Second International Technology Congress-ITC) သို့ တက်ရောက်ရန် စက်တင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့မှ ရုရှားနိုင်ငံ မော်စကိုမြို့ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ပြီး စက်တင်ဘာ ၂၀ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

နိုင်ငံတကာနည်းပညာကွန်ဂရက်ကို ရုရှားနိုင်ငံ မော်စကိုမြို့ရှိ Patriot Expo တွင် သုံးရက် ကြာ ကျင်းပပြုလုပ်ခဲ့ပြီး ကွန်ဂရက်တွင် မျက်နှာစုံညီအစည်းအဝေး (Plenary Session) များ၊ ခေါင်းစဉ်အလိုက် ပြုလုပ်သည့် နည်းပညာဖိုရမ်များ၊ နည်းပညာသစ်များကို သရုပ်ဖော်ပြသသည့် Demonstration Session များကို သီးခြားစီပြုလုပ်ခဲ့သည်။ ကွန်ဂရက်ကာလအတွင်း ရုရှားနိုင်ငံမှ နည်းပညာကုမ္ပဏီကြီးများကလည်း ပြခန်းများ ဖွင့်လှစ်ပြသခဲ့သည်။

အဖွင့်မိန့်ခွန်းပြောကြား

ဒုတိယအကြိမ် နိုင်ငံတကာနည်းပညာကွန်ဂရက်၏ International Plenary Session ကို ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organisation) ၏ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေနှင့် စိတ်ချယုံကြည်ရသည့် နည်းပညာများ (Digital Compass. Partner Dialogue: course towards trusted technologies) ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၁၆ ရက် မွန်းတည့် ၁၂ နာရီတွင် ကျင်းပရာ ဒုတိယဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။

ဒုတိယအကြိမ် နိုင်ငံတကာ နည်းပညာကွန်ဂရက်၏ “International cooperation for the development of next-generation industrial automation systems forum” ကို စက်တင်ဘာ ၁၇ ရက် မွန်းတည့် ၁၂ နာရီတွင် ကျင်းပရာ ဒုတိယဝန်ကြီးက စက်မှုလုပ်ငန်းများတွင် လူသားကြီးကြပ်မှုမလိုဘဲ အလိုအလျောက်ဆောင်ရွက်သည့် automation စနစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ပံ့ပိုးဆောင်ရွက်ရမည့် အကြောင်းအရာများခေါင်းစဉ်ဖြင့် အမှာစကားပြောကြားသည်။

ဒုတိယအကြိမ် နိုင်ငံတကာ နည်းပညာကွန်ဂရက်၏ ဒုတိယအကြိမ် International Plenary Session ကို လုပ်သားများ၏ ထုတ်လုပ်မှုအား မြှင့်တင်ပေးရာတွင် နည်းပညာသစ်များ၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် စက်တင်ဘာ ၁၈ ရက်တွင် ကျင်းပရာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားသည်။

ထည့်သွင်းဆွေးနွေး

အစည်းအဝေးများတွင် ဒုတိယဝန်ကြီးက စိတ်ချယုံကြည်ရသည့် နည်းပညာများ (trusted technologies) ကို မြန်မာနိုင်ငံအပါအဝင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် မိတ်ဖက်နိုင်ငံများအားလုံး ပါဝင်အသုံးပြုနိုင်စေရန် အချက်များကိုလည်းကောင်း၊ ဆိုက်ဘာလုံခြုံရေး မြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စများကိုလည်းကောင်း၊ စက်မှုလုပ်ငန်းသုံး အလိုအလျောက်စနစ်ကို အားလုံးပါဝင်နိုင်သည့်ပုံစံမျိုးဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ဆောင်ရွက်ရမည့်အချက်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်နည်းပညာနှင့် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အပါအဝင် နိုင်ငံတကာနှင့် လက်တွဲပြီး ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများကိုလည်းကောင်း ထည့်သွင်းဆွေးနွေးသည်။

ဒုတိယအကြိမ် နိုင်ငံတကာနည်းပညာကွန်ဂရက်သို့ တက်ရောက်နေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီတွင် ပြုလုပ်သည့် ရုရှား-အာဆီယံ နည်းပညာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့လည်း ပါဝင်တက်ရောက်ပြီး ဒစ်ဂျစ်တယ်စီးပွားရေး၊ ဆိုက်ဘာလုံခြုံရေး၊ ဂြိုဟ်တုဆက်သွယ်ရေး၊ အီးကောမာ့စ်၊ အိုင်တီပစ္စည်းများနှင့် Software ထုတ်လုပ်သည့် ကဏ္ဍများတွင် အာဆီယံနှင့် ရုရှားနိုင်ငံတို့အကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို အာဆီယံနိုင်ငံများကိုယ်စား ပါဝင်ဆွေးနွေးသည်။

ဒုတိယဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဒုတိယအကြိမ် နိုင်ငံတကာ နည်းပညာကွန်ဂရက်တွင် ပြသထားသည့် ပြခန်းများသို့ ရုရှားနိုင်ငံ စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် လှည့်လည်ကြည့်ရှုရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုများအပေါ် ပြန်လည်ဆွေးနွေးခဲ့သည်။

ယခုနှစ် ပြုလုပ်သည့် နိုင်ငံတကာနည်းပညာကွန်ဂရက်သို့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ် စုစုပေါင်း ၄၀၀ ကျော် ပါဝင်တက်ရောက်ကြောင်း သိရသည်။

သတင်းစဉ်

22.09.2025